Monday, December 23, 2013

မိဘများအားမပြောသင့်သောစကား ၁၀ မျိုး







(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!

(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။

(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။

(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။

(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!

(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!

(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!

(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )



Myanmar Express မှ ပြန်လည်မျှဝေပါသည်။

Sunday, December 1, 2013

သင်ဖန်တီးသော အိပ်မက်များကို သင်ကိုယ်တိုင်ရုပ်သိမ်းနိုင်သည်







ကျွန်တော်သည် အိပ်မက်များ၌ ပျော်မွေ့တတ်သူတစ်ဦး မဟုတ်ခဲ့ပါ။ ကျွန်တော်၏ အိပ်စက်ခြင်းများကို အနှောင့်အယှက်ကင်းကင်း ပိုင်ဆိုင်ချင်သောသူတစ်ယောက်သာ ဖြစ်သည်။ အိပ်မက်များကို မျက်နှာမလိုက်တတ်ဘဲ မည်သည့် အိပ်မက်မှမရှိသော ညများကိုဖြတ်၍ အရုဏ်ကို ထိတွေ့ချင်သူ ဖြစ်သည်။

အိပ်မက်များကို တားဆီး၍ ရမည်ဆိုပါက ကျွန်တော့်ဘ၀နောက်ဆုံးချိန်ထိ တားမြစ်ထားချင်သည်။ သို့သော် လက်တွေ့ဘ၀တွင် ကျွန်တော်ဖြစ်ချင်သလို မဖြစ်နိုင်သောကြောင့် ကျွန်တော်အနားယူသော ညများတွင် အိပ်မက်များပါဝင်ရောနှောနေခဲ့သည်။ ဓာတုဗေဒနည်းပညာများသာ အိပ်စက်ခြင်းထဲ အသုံးပြုခွင့်ရပါက ကျွန်တော့်အိပ်ချိန်များထဲ ရောစပ်ပါဝင်နေသော အိပ်မက်များကို ကျွန်တော်ကိုယ်တိုင် ခွဲထုတ်လိုသည်။

လူတို့ ကယောင်ကတမ်းဖြင့် ညအိပ်ချိန်တွင် တွေ့ကြုံရသော ရူးကြောင်ကြောင် အဖြစ်အပျက်များကို အိပ်မက်ဟု အဓိပ္ပာယ်ဖွင့်လိုသည်။ အိပ်မက်များနှင့် ပျော်ပိုက်သောသူများကို ကျွန်တော်မုန်းသည်။ အိပ်မက်မုန်းသော သူတစ်ယောက်ထံ မျက်စိလည်ရောက်လာတတ်သော အိပ်မက်များကို ကျွန်တော်မကြိုဆိုတတ်။ ကျွန်တော့်ထံဝင်လာသော အိပ်မက်များကို မည်သည့်အခါမျှ ကျွန်တော် အဆုံးသတ်သည်ထိ မက်ခွင့်မပေးခဲ့။ ကျွန်တော်ကိုယ်တိုင် ကြိုးစားနှိုးထပြီး အဆုံးသတ်လိုက်သည်က များသည်။ ဤသို့ဖြင့် အိပ်မက်များသည် ကျွန်တော်ပိုင်သော ညများတွင် အတုန်းအရုံး သေဆုံးခဲ့ကြဖူးသည်။

ဖြစ်ရပ်မှန်မဟုတ်သော အိပ်မက်ဟူသည့် အခန်းကဏ္ဍတွင် ကျွန်တော် ဘယ်တော့မှ အပင်ပန်းခံပြီး ပါဝင်မလှုပ်ရှားခဲ့။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်တော့်ကို ပါဝင်အောင် အိပ်မက်များ မဆွဲဆောင်နိုင်ခဲ့။ မတတ်သာ၍ လက်ခံလိုက်ရသော အိပ်မက်များကိုမူ ကျွန်တော်ငေးကြည့်ရုံ ပါဝင်ခဲ့ဖူးသည်။

အိပ်မက်ထဲတွင် ဖြစ်ပျက်တတ်သော အတွေ့အကြုံဖြစ်ရပ်များကို လက်တွေ့ဘ၀မှာဘဲ ကျွန်တော်ရင်ဆိုင်ချင်သည်။ ဘာဆိုဘာမျှ လုပ်ခွင့်မရှိသော ရလဒ်မရှိသော စိတ္တဇနာမ်များနှင့် ကျွန်တော်မရင်းနှီးလို။ ချွင်းချက်အနေဖြင့် စိတ္တဇနာမ်များဖြစ်သည့် အချစ်၊ အမုန်းများနှင့်တော့ ကျွန်တော်ရင်းနှီးခဲ့ရသည်။ ကျွန်တော်၏ စိတ်ခံစားမှုများကို အိပ်မက်ထဲသို့ သယ်ဆောင်သွားခြင်းမရှိသကဲ့သို့ ကျွန်တော်မက်သော အိပ်မက်များသည်လည်း ကျွန်တော့်ခံစားချက်များနှင့် မည်သည့်အခါမျှ နီးစပ်ခြင်းမရှိခဲ့ပါ။

ကျွန်တော်သည် ကျွန်တော်မဟုတ်သော လူသားများကို မဝေဖန်တတ်။ စိတ်ထဲတွင်တော့ မှတ်ချက်ပေးတတ်သည်။ အိပ်မက်များအကြောင်း ပြောဆိုတတ်ကြသည့် လူသားများကို ကျွန်တော်တစ်ခုပြောလိုသည်။ အရာမထင်သော တကယ်မဟုတ်သော ဖြစ်ရပ်များဖြင့် အချိန်မကုန်သင့်။ လက်တွေ့ဘ၀၏ အချိန်များကိုသာ အကျိုးရှိရှိ သုံးသင့်သည်။ ကျွန်တော် ပြောလိုသည်မှာ ဤမျှသာဖြစ်ပြီး အိပ်မက်များဘက်မှ ကာကွယ်ပြောဆိုမည့် ပြောလိုသည့် လူများရှိပါက ၎င်းတို့၏ စကားကိုမူ နားမထောင်လိုပါ။

ချစ်သူအား အိပ်မက်ထဲတွင် ချိန်းတွေ့တတ်သော သူများကို မြင်လျှင် ကျွန်တော်သနားသည်။ အိပ်မက်ထဲ ချိန်းတွေ့ကြည်နှုးကြမည့် (သို့) ရေပေါ်အရုပ်ရေးကြမည့် သူတို့အား ရူးသွပ်မိုက်မဲသူများဟု ကျွန်တော်မြင်သည်။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ချစ်သူအား အိပ်မက်ထဲသို့ ဖိတ်ခေါ်ခြင်းမရှိခဲ့။ သူဖိတ်သော အိပ်မက်များကိုလည်း ကျွန်တော်သွားရောက်လည်ပတ်ခြင်း မရှိခဲ့။ အိပ်မက်ထဲတွင် တွေ့ရမည့် ချစ်သူအား အပြင်တွင်သာ တွေ့လိုသည်။ အိပ်မက်ထဲက ချစ်သူ့လက်များကို အပြင်တွင်သာ ဆုပ်ကိုင်ချင်သည်။ ချစ်သူ၏ ပါးပြင်ကို အိပ်မက်ပြင်ပတွင်သာ နမ်းရှိုက်လိုသည်။ ချစ်သူနှင့်ပတ်သက်သော အရာအားလုံးကို အိပ်မက်များထဲ မနစ်မွန်းစေချင်။

အိပ်မက်များကို မနှစ်သက်သော ကျွန်တော်သည် အိပ်မက်များတပ်ဆင်ထားသည့် ညများကို ခါးသီးစွာ ကျော်ဖြတ်ခဲ့ရဖူးသည်။ ၎င်းညများနှင့် ပတ်သက်၍ ပြန်ပြောင်းပြောဆိုခြင်း မရှိခဲ့သော ကျွန်တော်သည် အတိတ်မေ့သူ တစ်ယောက်သဖွယ် မက်ခဲ့ပြီးသော အိပ်မက်များကို ကျောခိုင်း မေ့လျော့ထားခဲ့သည်။ ကျွန်တော်ရှုံးနိမ့်သော ညများကို မင်းမူသည့် အိပ်မက်များကို ကျွန်တော်မုန်းပါသည်။ လှပစွာမက်ခွင်ရခဲ့သည့် အိပ်မက်များကိုလည်း ကျွန်တော်မချစ်တတ်ခဲ့။ သို့ဖြစ်၍ အိပ်ရာနိုးချိန်၌ အိပ်မက်များကို ခြေရာကောက်ရှာဖွေတတ်သူတစ်ယောက်သည် ကျွန်တော်ဖြစ်မလာခဲ့ပါ။ ထိုကဲ့သို့ ပြုမူသူများသည် နောက်တစ်ကြိမ် အိပ်မက်များနှင့် ပတ်သက်လိုသူများသာဖြစ်၍ ၎င်းတို့အား အိပ်မက်များနှင့်အတူ ကျောခိုင်းထားလိုက်ပါသည်။

အိပ်မက်များနှင့် စပ်လျဉ်း၍ ကျွန်တော်ရေးသော ကျွန်တော့်ခံစားချက်များကို သင်ဖတ်ပြီးခဲ့ပြီ ဖြစ်သောကြောင့် သင်သိသင့်သော အကြောင်းအရာလေးများကို မပြောသေးခင် သင့်ကို ကျေးဇူးတင်ကြောင်း ဦးစွာပြောလိုပါသည်။ သင်ဖတ်ခဲ့ရသော လူတစ်ယောက်သည် အိပ်မက်များနှင့် ကျောခိုင်းထားသောကြောင့် ပြေလည်စေရန် ညှိုနှိုင်းမှုများ သင့်ထံတွင်ရှိနေပါက ငြင်းဆိုပါသည်။ ကျွန်တော်သည် အိပ်မက်များနှင့်သာ ပေါင်းသင်းမရသော လူဖြစ်သောကြောင့် မုန်းတီးမှုများသည် အိပ်မက်များနှင့်သာ အကျုံးဝင်ပါသည်။ သင်နှင့်မသက်ဆိုင်ပါ။ သင်သည် အိပ်မက်များကို နှစ်ခြိုက်သောသူ တစ်ယောက်ဖြစ်သည် ဆိုပါလျှင်လည်း ကျွန်တော်မကန့်ကွက်ပါ။ သင်သည် ကျွန်တော်မဟုတ်သောကြောင့် ကျွန်တော်နှင့် စိတ်ကြိုက်သဘောထားကွဲလွဲခွင့်ရှိပါသည်။ သို့သော် တစ်ခုတော့ ကြိုပြောထားချင်ပါသည်။

သင်သည် ကျွန်တော်ယုံကြည်လက်ခံနိုင်လောက်သော အိပ်မက်များကို ကျွန်တော်ပိုင်သော အိပ်စက်ခြင်းများထဲတွင် ထည့်သွင်းချင်လျှင်သော်လည်းကောင်း၊ ကျွန်တော် စိတ်ကြိုက်ဖန်တီးပြချင်လျှင်သော်လည်းကောင်း ၎င်းအိပ်မက်များကို သင်ကိုယ်တိုင် ရုပ်သိမ်းသွားနိုင်ပါသည်။ အကြောင်းမှာ မည်သည့် အိပ်မက်ကိုမျှ ကျွန်တော်လက်မခံလို၍ ဖြစ်သည်။

ထပ်ပြောခဲ့ပါသည်။

သင်ဖန်တီးမည့် အိပ်မက်များရှိနေပါက သင်ကိုယ်တိုင် ရုပ်သိမ်းထားနိုင်ပါသည်။



ပြီး။


Friday, October 18, 2013

Vampire's Diary ဘလော့များကို ဖုန်းမှဖတ်ချင်သူများအတွက်



ကျွန်တော့်ရဲ့ တင်သမျှ Blogs များကို ကွန်ပျူတာမှ မဟုတ်ဘဲ ဖုန်းနဲ့ ဖတ်ချင်သူများအတွက် APK application တစ်ခုကို တင်ပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ
ဒီနေရာကိုနှိပ်ပြီး Download ယူနိုင်ပါပြီ။
 

Saturday, May 18, 2013

ပုံပြင်များနှင့် ငြင်းခုန်ခြင်း



မယုံရင် ပုံပြင်မှတ်တဲ့။ ပုံပြင်ဆိုတာ နားထောင်လို့ကောင်းပေမယ့် မဖြစ်နိုင်တာတွေများလာတဲ့အခါ ဒါမှမဟုတ် သိလာတဲ့အခါ အဲဒီပုံပြင်တွေနဲ့ ကျွန်တော်ငြင်းခုန်တတ်လာပါတယ်။ ရိုးရိုးလေးပါပဲ။

ပုံပြင်(၁)

ဟိုးရှေးရှေးတုန်းက ယုန်နဲ့လိပ်အပြေးပြိုင်ကြသတဲ့။

ကဲ ကြည့်ဦး။ အမြန်နှုန်းဆန့်ကျင်ဘက် ရှိတဲ့ သတ္တ၀ါနှစ်ကောင်နဲ့ စလိုက်တဲ့ ဇာတ်လမ်း။ ရလဒ်ကလည်း ယေဘုယျနဲ့ ဆန့်ကျင်ဘက်ပဲ။ လိပ်က နိုင်သွားသတဲ့။ ယုန်က လမ်းခုလတ်မှာ အိပ်နေလို့ပါတဲ့။ ကျွန်တော်သိပ်သဘောမကျချင်ဘူး။ ယုန်အိပ်ပျော်တဲ့အချိန်ကလည်း လိပ်လိုအကောင် တရွေ့ရွေ့သွားလို့ ပန်းတိုင်ရောက်တဲ့အထိ အိပ်တယ်ဆိုတော့ အင်း ဒီယုန်တော့ အပြေးပြိုင်ပွဲနဲ့ အအိပ်ပြိုင်ပွဲများ မှားလာသလား။ ဒီပုံပြင်ကို version အမျိုးမျိုးနဲ့ ဆန်းသစ်ကြပေမယ့် ရလဒ်ကတော့ လိပ်ပဲနိုင်နေတာပါပဲ။ တောင်ကုန်းပေါ်ကနေ လှိမ့်ချလိုက်တာတို့ အခွံထဲဝင်ပြီး တခြားသတ္တ၀ါတစ်ကောင်ရဲ့ အကူအညီနဲ့ ပန်းတိုင်ရောက်တာတို့ စုံနေတာပါပဲ။ လိပ်တွေရဲ့ ရာဇ၀င်ကတော့ ယုန်နဲ့ပတ်သက်တဲ့ အပြေးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကြီးကျယ်ခမ်းနားသွားတယ်။ ဒါလည်း မဆိုးပါဘူး။ အပြင်မှာမနိုင်ရတောင် ပုံပြင်တွေထဲမှာတော့ နိုင်ရသေးတာပေါ့။ အပြေးပြိုင်ခဲ့ကြတဲ့ ပွဲမှာ စထွက်တဲ့နေရာနဲ့ ပန်းတိုင်အကွာအဝေးကို ခပ်ရေးရေးလေးတောင် သိနိုင်မယ်ဆိုရင် ကျွန်တော် ဒီထက်ပိုငြင်းခုန်မိမယ်ထင်တယ်။ ဒါပေမယ့် ဒီပုံပြင်လေးက သင်ခန်းစာပေးပါတယ်။ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ တဲ့။ အင်း မဆိုးပါဘူး။ ဒီလိုအောင်ပွဲခံနိုင်တယ်ဆိုတာပြဖို့ ယုန်နဲ့လိပ် ပုံပြင်ထဲမှာ အပြေးပြိုင်လိုက်ရတယ်။ လိပ်ကနိုင်သလို ယုန်က အိပ်လိုက်ရတယ်။ လောင်းကြေးမပါတဲ့ ပြိုင်ပွဲမို့ နှစ်ကောင်လုံး အိုခေ။



ပုံပြင်(၂)



ဟိုးရှေးရှေးတုန်းက ပုရွက်ဆိတ်ဟာ မိုးတွင်းအတွက် အစာစုဆောင်းနေပါသတဲ့။

နှံကောင်ကတော့ ပျော်ပျော်နေပြီး အဲဒီ ပုရွက်ဆိတ်ကို လှောင်ပြောင်နေပါသတဲ့။ ပုရွက်ဆိတ်လေးကတော့ သူ့အလုပ်သူလုပ်ဆောင်နေရင်း မိုးတွင်းကိုရောက်သွားရောတဲ့။ အစာမစုဆောင်းခဲ့တဲ့ နှံကောင်က ပုရွက်ဆိတ်ဆီ အသနားခံ အစာသွားတောင်းပါသတဲ့။ ကဲ ဒီပုံပြင်ရဲ့ ငြင်းခုန်မှုကို အခုစပြီဗျာ။ ရိုးရိုးလေးနော်။ ပုရွက်ဆိတ်စားတဲ့ အစာကို နှံကောင်က စားနိုင်ပါ့မလား။

ပုရွက်ဆိတ်ဟာ Hymenoptera အုပ်စုဝင်တဲ့ ဖော်မစ်ဒီ မျိုးစိတ်ဖြစ်ပါတယ်။ သူစားတဲ့အစာတွေက အချိုဓါတ်များတဲ့ အစားအစာတွေ အသားအစအနတွေ ပိုးမွှားငယ်လေးတွေကိုပါ။

ပုရွက်ဆိတ်ဆီက အစာတောင်းစားတဲ့ နှံကောင်က Acridiidae အုပ်စုဝင်တဲ့ ပိုးမွှားဖြစ်ပြီး သစ်ရွက်စိမ်းတွေ သစ်ပင်ငယ်လေးတွေရဲ့ ပင်စည်တွေကိုသာ ကိုက်ဖြတ်စားသောက်တတ်ပါတယ်။

ကဲ ပုံပြင်ထဲမှာ အစာတောင်းပုံအရဆိုရင်တော့ ပုရွက်ဆိတ်က မဆီမဆိုင် နှံကောင်အတွက်ပါ အစာစုဆောင်းခဲ့တာကို နှံကောင်ကများ မြင်ထားလို့လား။ ဒါမှမဟုတ် ပုရွက်ဆိတ်စားတဲ့အစာတွေကို စားကြည့်ပြီး နှံကောင်တွေရဲ့ life style ကိုပြောင်းမလို့လား။

ဖြစ်နိုင်တာတစ်ခုကို ကျွန်တော်မြင်တာကတော့ ရိုးရိုးလေးပါပဲ။ နှံကောင်စားတဲ့အစားအစာတွေဟာ ပုရွက်ဆိတ်လို စုဆောင်းသိုလှောင်ထားလို့မှ မရတာပဲ။ မရလို့ မလုပ်တာ ရှင်းပါတယ်။ ပုံပြင်ထဲက နှံကောင်ကိုတော့ သနားပါတယ်။ အရွယ်နုနယ်တဲ့ ကလေးတွေရဲ့ ကျောင်းသုံးစာအုပ်ထဲကတစ်ဆင့် ကလေးတွေ ဆရာ ဆရာမတွေရဲ့ သင်ခန်းစာပေးခြင်းခံရတာ နှံကောင်အတွက် ခံပြင်းမိသလိုပဲ။ ဘာပဲဖြစ်ဖြစ် ဒီပုံပြင်ကလည်း အခက်အခဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ သင်ခန်းစာပေးတာပါပဲ။ ဒါပမယ့် ဒီသင်ခန်းစာပေးဖို့ နှံကောင်ရဲ့ ဇာတ်ကွက်က ဇာတ်နာလွန်းတယ်။ လူတွေရေးတဲ့ ပုံပြင်ထဲမှာ ပုရွက်ဆိတ်ဆီ အစာသွားတောင်းတဲ့ သနားစရာ နှံကောင်ရဲ့ ဒိုင်ယာလော့ခ်တွေက ပီပြင်ခဲ့မှာပါ။ ပုံပြောသူနဲ့ နားထောင်တဲ့သူတွေက လက်ခံကြတော့ ပုရွက်ဆိတ်နဲ့ နှံကောင်လည်း ပုံပြင်ထဲမှာ အိုခေ။



ပုံပြင်(၃)



ဟိုးရှေးရှေးတုန်းက မြေခွေးတစ်ကောင်ဟာ တောထဲမှာ စပျစ်သီးတွေကို တပ်မက်စွာ စားသောက်ဖို့ ကြိုးစားခဲ့ဖူးပါသတဲ့။ ဒီကနေပဲ ငြင်းခုန်မှုကို စချင်တယ်ဗျာ။ ရိုးရိုးလေးပါပဲ။ စပျစ်သီးဆိုတဲ့ အသီးကို မြေခွေးမပြောနဲ့ ကျွန်တော်တောင်မကြိုက်ဖူး။ မြေခွေးလို အသားစားတဲ့သတ္တ၀ါ (Carnivore) က ဘာအကြောင်းကြောင့်များ စပျစ်သီးစားဖို့ idea ရတာပါလိမ့်။ ပုံပြင်ထဲမှာတော့ စပျစ်သီးတွေက စားချင့်စဖွယ်သီးနေပြီး အခိုင်လိုက်အပင်ပေါ်ကနေ ညွှတ်ကျနေပါသတဲ့။ အဲဒီလောက်လေးနဲ့ အသားစားတဲ့သတ္တ၀ါတစ်ကောင်ကို စပျစ်သီးတွေက ဆွဲဆောင်နိုင်ခဲ့တယ်ပေါ့။ ပုံပြင်ထဲက မြေခွေးရဲ့ အာသီသကလည်း မသေးပါဘူး။ စပျစ်သီးစားဖို့အတွက် သူတော်တော်ကြိုးစားခဲ့တာပါ။ အကြိမ်ကြိမ်မှ အကြိမ်ကြိမ်ပဲ။ ပုံပြင်ထဲမှာ ရေတွက်ပြတဲ့ ကိန်းဂဏန်းတွေအရဆို သူတော်တော်လေး အလှမ်းမီဖို့ အားစိုက်ခဲ့ရပါတယ်။ အချိန်အတော်ကြာ အားစိုက်ခဲ့ပြီး မောပန်းပေမယ့် သူလိုချင်တဲ့ စပျစ်သီးကို မရတော့ စပျစ်သီးတွေက ချဉ်ပါတယ်ဆိုပြီး ထွက်သွားရောတဲ့။ အစကတည်းက ချဉ်မှန်းသိလိုက်ပါတော့လားလို့ မြေခွေးကို အပြစ်တင်ချင်သလို စပျစ်သီးမှာ အချိန်မဖြုန်းဘဲ ကိုယ်စားဖို့ ကိုယ့်အစာအတွက် အမဲလိုက်ပါတော့လားလို့ ပုံပြင် အပြင်ကနေ ကျွန်တော်ပြောနေမိပါတယ်။ ကျွန်တော့်ထက်ရှေးကျတဲ့ ပုံပြင်ထဲက မြေခွေးကတော့ ပုံပြောသူရဲ့ အသုံးချမှုကို ခံရပြီး သင်ခန်းစာပေးဖို့ ဇာတ်ကောင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ကျွန်တော်ဘယ်လောက်ပဲ ငြင်းခုန်ပေမယ့် အ၀ါကဒ်ထိပြီးတဲ့ အားကစားသမားတစ်ယောက်က ဒိုင်ကို ပြန်ပြောနေသလို ဘောင်မ၀င်တော့ ဒီပုံပြင်ထဲက မြေခွေးနဲ့ စပျစ်သီးကလည်း အိုခေ။



ပုံပြင်(၄)



ဟိုးရှေးရှေးတုန်းက ၀ံပုလွေတစ်ကောင်ဟာ သိုးသားစားချင်လို့ သိုးရေခြုံပြီး ဟန်ဆောင်ဖူးပါသတဲ့။

ကျွန်တော်သဘောမကျတာတွေကို ငြင်းခုန်မှုလို့ ခေါင်းစဉ်တပ်ပြီး စပြောပြီဗျာ။ ရိုးရိုးလေးပါပဲ။ ကျွန်တော်က ဒီထဲမှာ ဇာတ်နာတဲ့ ၀ံပုလွေနေရာကနေ ပြောမှာပါ။ ကျွန်တော် သိုးတွေကိုဖမ်းစားတဲ့ ၀ံပုလွေနေရာကိုဝင်ကြည့်တယ်။ ကျွန်တော့်အစာအတွက် ကျွန်တော်ရှာစားတယ်ဗျာ။ ဒါကို ရက်စက်တယ်လို့ပြောလို့မရဘူး။ သိုးအုပ်ကိုစောင့်တဲ့ သိုးကျောင်းသားကသာ မပါးနပ်တာ။ တာဝန်မကျေတာ။ သတ္တ၀ါတိုင်းက သူတို့ရဲ့အစာကို သူတို့ ရှာစားတာ သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော့်လို ၀ံပုလွေတွေကျတော့ ဘယ်တော့မှ မျက်နှာကောင်းမရဘူး။ ဇီးကွက်တွေလို မျက်လုံးပြူးပြူးနဲ့ ညမှအစာရှာထွက်တဲ့ အကောင်တွေကျတော့ လူတွေက လာဘ်ကောင်ဆိုပြီး အိမ်တွေမှာ နေရာပေးကြတယ်။ သတ္တ၀ါအချင်းချင်း ခွဲခြားတာလေ။ ကျွန်တော့်လို ၀ံပုလွေတစ်ကောင်က အသားစားရဖို့ တောထဲမှာ စိတ်ကြိုက်အမဲလိုက်နိုင်ပေမယ့် ပုံပြောသူရဲ့ စိတ်တိုင်းကျ လူနဲ့ ပတ်သက်ခဲ့ရတယ်။ စဉ်းစားကြည့်ဗျာ သိုးတစ်ကောင်စားရဖို့ ကျွန်တော်က သိုးရေခြုံရသေးသတဲ့။ တောထဲမှာ အမဲလိုက်ရင် ဘာအရေမှခြုံစရာမလိုဘူး။ စိတ်ကြိုက် ကိုက်သတ်စားရုံပဲ။ ခုတော့ သင်ခန်းစာပေးတဲ့ ပုံပြင်တစ်ခုမှာ ကျွန်တော်ဟာ ကျွန်တော်စားမယ့် သားကောင်ရဲ့ အရေကို ခြုံခဲ့ရတယ်။ သိုးဖမ်းတာပါပဲဗျာ အဲလောက်တောင် သတ္တိနည်းဖို့မလိုပါဘူး။ ကျားဖမ်းမယ်ဆိုရင်တော့ သိုးရေခြုံပြီး ဟန်ဆောင်ရင် ဟန်ဆောင်မှာပေါ့ဗျာ။ ပုံပြင်ထဲမှာ ကျွန်တော်တို့လို အင်မတန်လျင်မြန်တဲ့ ၀ံပုလွေတစ်ကောင်က သိုးကျောင်းသားရဲ့ အလွယ်တကူပဲ ကြိုးကွင်းပစ်ဖမ်းတာ ခံရတယ်တဲ့။ သဘာဝမကျတာတွေ များနေပေမယ့် သင်ခန်းစာပေးပါတယ်။ မိတ်ဆွေဟန်ဆောင်သူဟာ ကြောက်စရာအကောင်းဆုံးရန်သူပါတဲ့။ ဒီသင်ခန်းစာပေးနိုင်ဖို့ ကျွန်တော် သိုးရေခြုံခဲ့ရတယ်။ သိုးတစ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ရတယ်။ သိုးရေခြုံမှ အစာရကြေးဆို ကျွန်တော်ဝံပုလွေမဖြစ်ချင်တော့ဘူး။ ဟန်ဆောင်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် အမဲလိုက်ပြီး ၀ံပုလွေတစ်ကောင်ပီပြင်ချင်တယ်။ ဒါပေမယ့်ပေါ့လေ ပုံပြင်တစ်ခုအတွက် ကျွန်တော်သိုးရေခြုံပေးခဲ့ရပြီး ဇာတ်နာပေးခဲ့ရသေးတယ်။ ပုံပြင်လေးက ဖတ်လို့ကောင်းတာမို့ ကျွန်တော်ရယ် (၀ံပုလွေ) သိုးအုပ်ကြီးရယ် ပုံပြင်ကပေးတဲ့ သင်ခန်းစာကိုလှလှပပရွတ်သွားတဲ့ သိုးကျောင်းသားလေးရယ် အားလုံးက အိုခေ။

ပုံပြင် (၅)


ဟိုးရှေးရှေးတုန်းကတဲ့ လူတစ်ယောက်က ကောင်လေးတစ်ယောက်ကို အရူးအမူးချစ်မိခဲ့ပါသတဲ့။

ယုန်နဲ့လိပ်ပုံပြင်လိုပဲ အဲဒီလူက ဇွဲရှိရှိနဲ့ အချစ်ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားခဲ့ပါသတဲ့။ ကောင်လေးအတွက် အချစ်တွေကို ပုရွက်ဆိတ်လိုပဲ အပင်ပန်းခံပြီး သူ့ရဲ့ ရင်ထဲမှာ စုဆောင်းထားခဲ့ပါသတဲ့။ ဒါပေမယ့် သူကတော့ ကောင်လေးကို ဘယ်တော့မှ ပုံပြင်ထဲကမြေခွေးလို စပျစ်သီးချဉ်ပါတယ်လို့ မပြောပါဘူးတဲ့။ ဘယ်လိုပဲ စိတ်ပျက်စရာတွေ တွေ့တွေ့ပေါ့။ သူအမြဲတမ်း အမြတ်တနိုးချစ်နေတာမို့ပါတဲ့။ သူက သိပ်ချစ်လွန်းတော့ ကောင်လေးအပေါ် အမြဲရိုးသားခဲ့ပြီး ဘာအရေခွံမှမခြုံခဲ့ဘဲ ရိုးသားမှုကို ပီပြင်စေခဲ့သတဲ့။ သူက ၀ံပုလွေဆိုပေမယ့် ဟန်ဆောင်ပြီး သိုးတစ်ကောင်မဖြစ်ခဲ့ဘူး။ အရှိကိုအရှိအတိုင်းနဲ့ အမြဲရိုးသားခဲ့ပါသတဲ့။

အဲဒီလူဘက်က အရမ်းချစ်တတ်သလောက် ကောင်လေးကတော့ လမ်းခုလတ်မှာ အိပ်ပျော်နေတဲ့ ယုန်လေးလိုပဲတဲ့။ မသိတာလား မသိဟန်ဆောင်နေတာလား မသိနိုင်ပါဘူးတဲ့။ ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လိုပဲ သူ့ဘ၀ကို ဖြတ်သန်းနေတယ်တဲ့။ ၀င်းမှည့်နေတဲ့ စပျစ်သီးခိုင်တွေလို လှပနေတဲ့ ကောင်လေးရဲ့ အလှတရားတွေကတော့ အဲဒီလူတစ်ယောက်အတွက် အချဉ်၊ အချို ခွဲခြားနိုင်ဖို့ မဟုတ်ခဲ့ပါဘူးတဲ့။ အရေခွံမခြုံခဲ့တဲ့ လူအတွက်တော့ ကောင်လေးက သိုးလေးတစ်ကောင်မဟုတ်ခဲ့ပဲ သိုးကျောင်းသားလေး ဖြစ်နေခဲ့ပါတယ်သတဲ့။ အင်း.. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ လူတစ်ယောက်ကတော့ ဇာတ်နာခဲ့ရပါတယ်။ ဆန့်ကျင်ဘက်တွေ သိပ်များပေမယ့် ဒီပုံပြင်ထဲက သင်ခန်းစာပေးတဲ့ ဒိုင်ယာလောခ်လေးကိုတော့ အဲဒီလူက ပုံပြင်အဆုံးမှာ သနားစဖွယ်ရွတ်ဆိုပေးခဲ့ပါတယ်။ ဒါဟာအချစ်လား သိပ်ရန်များတယ်တဲ့။

ကဲ ပုံပြင်တော့ ပြီးသွားပြီ။ ကျွန်တော်ပြောတဲ့ ကျွန်တော့်ပုံပြင်ကိုရော ဘယ်သူတွေငြင်းကြမလဲ။ ဘယ်အချိန်မှာ စငြင်းကြမလဲ။ မယုံလည်း ပုံပြင်မို့ ပုံပြင်လိုပဲထားကြတော့မလား။ သင်ခန်းစာတော့ပေးသွားတယ်လေ။ ရိုးရိုးလေးပဲ ငြင်းခုန်လိုက်ကြရအောင်ဗျာ။ ၀ံပုလွေတွေဇာတ်သိမ်းလှမယ့် ပုံပြင်လေးတွေကိုတော့ မျှော်လင့်နေမိပါရဲ့။

နောက်လည်း အခွင့်သင့်ရင် ကျွန်တော်ခင်ဗျားတို့ကို ပုံပြင်လေးတွေ ပြောပါဦးမယ်။ ခုတော့ ဒီလောက်လေးနဲ့ပဲ ငြင်းလိုက်ကြရအောင်ဗျာ။



ပြီး။




နှလုံးသားတံခါးကို ခေါက်သွားခဲ့သလား



တံခါးတစ်ချပ်ကို သင်ချစ်သကဲ့သို့

ကျွန်ုပ်ကို မချစ်ပါနှင့်။

နှစ်သက်ခံရသော်လည်း

ရှေ့နောက်တိုးခံရသည့် အဖြစ်ကို

ကျွန်ုပ်မလိုလားပါ။ (မာလက်ဂါစီ)


(၁)

သူနှင့်ကျွန်တော်ကြားတွင် တံခါးတစ်ချပ်ရှိခဲ့ဖူးပါသည်။

အချစ်ရှိရာကို ဖြတ်သန်းဝင်ရောက်မည့် တံခါးတစ်ချပ်ဖြစ်ခဲ့သလို သူ့နှလုံးသား ကျွန်တော့်နှလုံးသားအတွက် ထိခိုက်မှုမရှိအောင် အကာအကွယ်ယူခဲ့ကြသော ကြားခံ…..တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အလွယ်တကူ တွန်းဖွင့်ဝင်ရောက်သွားနိုင်သော်လည်း ကျွန်တော့်၏ ဆုံးဖြတ်ချက်မချနိုင်မှုများ၊ တွေဝေမှုများနှင့် တံခါးလေးအရှေ့မှာ အချိန်တွေတော်တော်များများကို ဖြုန်းတီးနေခဲ့မိပါသည်။

လမ်းဖွင့်ပေးထားသူတစ်ယောက်ရဲ့ နှလုံးသား ၀င်ပေါက်တံခါးလေးကို ခေါက်လိုက်ဖို့တောင် သတ္တိမရှိခဲ့တဲ့ ကျွန်တော့်မှာတော့ ကျွန်တော်ကိုယ်တိုင် မနှစ်သက်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ခိုင်မာနေခဲ့ပါသည်။ ခံစားမှုတွေနောက် ရူးရူးမိုက်မိုက်လိုက်ပါဖို့ထိ သတ္တိမရှိခဲ့ဘဲ အသက်အရွယ်အပိုင်းအခြားတစ်ခုနှင့် ချင့်ချိန်နေတုန်းမှာ တံခါးလေးက မျှော်လင့်ချက်တစ်ခုနဲ့ ကျွန်တော့်ကို စောင့်မျှော်နေခဲ့ပါသည်။

ကျွန်တော်၏တံခါးလေး (သို့သော် ကျွန်တော်မပိုင်ဆိုင်ပါ) ကို ဤနည်းအားဖြင့် တုန့်ပြန်မှုတစ်စုံတစ်ရာမရှိဘဲ ငေးကြည့်နေခဲ့ပါသည်။

၎င်းအခိုက်အတန့်အတွင်း အဖြေမရှိသော မေးခွန်းလေးတစ်ခုက သူနှင့် ကျွန်တော်ကြားကို ခပ်ပါးပါးအနေအထားနှင့် တငွေ့ငွေ့ တိုက်စားသွားပါသည်။



(၂)

သူနှင့် ကျွန်တော်စတင်ဆုံစည်းမှုမှာ သာမန် Chatting ပြောရင်းကပဲ စတင်ပါသည်။ သို့သော် Chatting ပြောကြရင်း ထူးထူးဆန်းဆန်း ``၏´´ အက္ခရာ ကို သုံးစွဲမိခဲ့ကြသည်။

``ဘာလုပ်´´

``ဘလော့တင်မလို့လေ အသစ်လေးရေးထားတယ်´´

``အော်….ကောင်း၏´´

တမင်ရိုက်လိုက်တာလား မှားရိုက်တာလားမသိတဲ့ ``၏´´ ကို ကျွန်တော်စိတ်ယားသွားရာမှ တန်ပြန်သုံးစွဲမိပါသည်။ (ကျွန်တော်ကတော့ Keyboard မှာပါသော `၏´ Key မှာ Enter နှင့်နီးသောကြောင့် မကြာခဏမှားရိုက်တတ်ပါသည်။)

``ကွန် မကောင်းသောကြောင့် စိတ်လေ၏´´

``ရော်…..ကွန်မကောင်းရင် ငါးမြားချိတ်နဲ့လုပ်လေ၏´´

``အကြံပေးသူကို ချိတ်ဖို့ ရှာနေ၏´´

``ဟာ ငရဲကြီးမယ်၏´´

``ငရဲလေးကို နိုင်၏´´

ကျေနပ်စွာပြုံးလိုက်မိသော ကျွန်တော့်ဆီ ပြန်ရိုက်လာတာက

``မိုးကြိုးစောက်ထိုး ပစ်လိမ့်မည်၏´´

``အတည့်ပစ်တာထက် သက်သာ၏´´

စကားနိုင်လုနေတာ မဟုတ်ပေမယ့် ကျွန်တော်နိုင်ပါသည်။ သို့သော်

``ဦးတွတ်ပီပြောသလို ရမ်းပစ်မှထိ၏´´

``မရှောင်ရင် လွတ်၏´´

ကျွန်တော့်စကားအဆုံးမှာတော့ သူ့ဘက်က

``ဟီး ဟီး´´ ဆိုတာ တက်လာပါသည်။ ကျွန်တော်လည်း ရယ်လိုက်မိသည်။ ကွန်နက်ရှင် ကျသွားသောကြောင့် ပြန်တက်လာချိန်တွင်

``ဘယ်ပျောက်သွားလေ၏´´

``ကွန်နက်ရှင်ကျ၏ နာလေ၏´´

``ဆေးသောက်ပါ၏ စေတနာနှင့် အရက်ပျံသောက်စေလို၏´´

``ရုပ်ကလေးနှင့် စိတ်လေးက လိုက်ပါ၏´´

``ရော်….ဒီလို ရုပ်မျိုး ရှားပါလေ၏´´

သူနဲ့ Chatting ပြောချိန်က ကျွန်တော်တင်ထားသော G talk ပုံလေးမှာ ကလေးတစ်ယောက် ရယ်မောနေသောပုံ ဖြစ်သည်။ ဒါကို

``အဲ ခင်ဗျားကြီးကလည်း ချိုချိုမြင်ရင် အတင်း ပါးစပ်ကြီး ဖြဲလေ၏ ဟီး ဟီး´´

``ကလေးမို့ ကြိုက်ပါ၏ ချိုချိုပြသူမှာသာ အပြစ်ရှိ၏´´

``အများကြီးစို့ရင် ချောင်းဆိုးမှာပေါ့၏´´

``ဆိုးစေ ဂရုမစိုက်ပါ၏´´

``ဆိုးရင် ရိုက်မှာပေါ့၏´´

``ပြန်တွယ်၏´´

``ရမလား၏´´

``စမ်းလေ၏´´

``တစ်ခါတည်း လုပ်မရအောင် ဖက်နမ်းပစ်မှာ၏ ရန်ကုန်ကို လာခဲ့လေ၏´´

``ပိုက်ဆံစုဦးမယ်၏ ဒေါ်လာဈေးများကျ၏ ဘ၀ပျက်၏´´

``ပျက်တဲ့ဘ၀ကို ၀ပ်ရှော့ပို့ပေးရမလား၏´´

``မလို၏ ကျေးဇူးတင်၏´´

``၀ါး ဟား ဟား ၏´´

``ရေခဲမုန့် နာမည်ကို ရွတ်၏´´

``ဟုတ်၏ စားချင်လာ၏´´

``၀ယ်စားလေ၏ ပေါ၏´´

``ယခု ၀ါးဟားဟား မရှိတော့ပါ၏ magnolia ပေါ်လာပါ၏´´

``အသစ်ပေါ်တော့ အဟောင်းကိုမေ့ပါ၏ ကောင်း၏ :(´´

``ရော် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပါ၏ အစ်ကို့ကို ချစ်ပါ၏ ဟိ ဟိ´´

``ဗျာ…၏´´ (အဲ မှားသွားသည်)

ရုတ်တရက်ကြီး ပြောချလိုက်တဲ့ ချစ်ရေးဆိုမှုကြောင့် ကျွန်တော်အယောင်ယောင်အမှားမှား ဖြစ်သွားရသည်။ အဲဒီနေ့မှာပဲ ``ချစ်၏´´ ဆိုတဲ့ စာလုံးတွေ ရိုက်ထည့်သွားခဲ့တာများ စာလုံးရေ တစ်ရာကျော် (ခန့်မှန်းချေ) မကပါ။

Chat Box ထဲကနေ တဒိုင်းဒိုင်းတက်လာနေတဲ့ ချစ်၏ တွေကြောင့် ကျွန်တော့်ရင်ထဲမှာလည်း တဒုန်းဒုန်းပေါ့။ ကျွန်တော်က ရင်ခုန်တယ်ပြောတော့

``ရင်ခုန်ရင် ကြိုးနဲ့တုပ်ပါ၏ အရှိန်ပြင်းပါက ရင်ဘတ်ထဲမှ ထွက်ကျရန် ရာနှုန်း ၉၀ ရှိ၏´´ လို့ ပြောသွားပါသေးတယ်။

အဲဒီနေ့ ……အဲဒီနေ့မှာ ကျွန်တော် ဘလော့မတင်ဖြစ်ခဲ့ပါ။ ရက်ရွှေ့လိုက်ရပါသည်။



(၃)

အခြေအနေဆိုးဆိုးလာတဲ့ သံယောဇဉ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျွန်တော့်ကို သူက ပိုပြီး ဖိအားပေးလာသလိုပါပဲ။ ကျွန်တော့်ကို အရူးအမူးချစ်ကြောင်း အကြိမ်ကြိမ်ပြောလာတဲ့အခါ ကျွန်တော်သူနဲ့ အချစ်အကြောင်းကို ဦးတည် ပြောဆိုမိခဲ့ပါတယ်။

``တစ်ယောက်အကြောင်း တစ်ယောက်မသိတဲ့ သူစိမ်းကို ညီ ဘယ်လိုယုံကြည်မှုနဲ့ ချစ်ရတာလဲ အစ်ကို့အကြောင်း ညီဘယ်လောက်သိလို့လဲ´´

``အစ်ကိုရယ်….´´

သူတိုးတိုးလေး ပြောဆိုလိုက်အပြီးမှာ ကျွန်တော်က

``ဒီလိုပြောလို့ အစ်ကို မရိုးသားတာမဟုတ်ဘူး လက်ရှိထိ အစ်ကိုက လွတ်လပ်တဲ့ လူတစ်ယောက်ပဲ ချစ်ခွင့်ရှိတဲ့ နှလုံးသားနဲ့ ချစ်လို့ရတဲ့ လူတစ်ယောက်ပါ´´

``အချစ်မှာ ဒါတွေလိုလို့လား အချစ်စစ်မှန်ရင် ပြီးတာပဲ´´

``လိုတာပေါ့ ညီ သိပ်လိုတာပေါ့ လူတိုင်းက လူကောင်းမဟုတ်ဘူးညီ ..ဒီလိုချစ်တတ်ပုံနဲ့ ညီ….အစ်ကိုမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုလုပ်မလဲ´´

``ကျွန်တော်ချစ်တာက အစ်ကို့ကိုလေ ဒါကြောင့် အစ်ကိုက ဘယ်သူဖြစ်ပြီး ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်ချစ်တယ် ကျန်တာမလိုဘူး´´

``ညီရဲ့ စိတ်ထားလေးကို လေးစားပါတယ် အခုညီလေးအသက်က ၁၆ နော် သိပ်ငယ်သေးတယ်ညီ ..နောက်ပြီး…ဒီအရွယ်က……´´

``ဘာလဲ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တဲ့ အရွယ်လို့ ပြောမလို့လား´´

``အင်း အစ်ကို့အသက်နဲ့ ၅ နှစ်တောင်ကွာတယ်လေ အဲဒီအရွယ်လေးက သိပ်ခက်တယ် ခဏလေး အစ်ကို့အပေါ် သာယာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ´´

``လက်မခံရင်လည်း ရတယ် အစ်ကို ကျွန်တော့် အချစ်ကို စော်ကားဖို့တော့ မကောင်းပါဘူး နောက်ဘယ်တော့မှ ချစ်တယ်လို့ မပြောတော့ဘူး´´

``နိုး နိုး ညီ ….အစ်ကို ဘယ်တော့မှ အချစ်ကို ဖွင့်ဟသူတိုင်းကို မစော်ကားဘူး အချစ်ကို တန်ဖိုးထားတယ် ဒီလိုဆို ချစ်တယ်ပြောခဲ့တာကို လွယ်လွယ်ပြောပြီး လွယ်လွယ်ပဲ ပြန်ရုတ်သိမ်းတော့မယ်ပေါ့´´

``လွယ်လွယ်ပြောတယ်ဆိုတဲ့ စကားမပြောနဲ့ အစ်ကို ကျွန်တော်လွယ်လွယ်ပြောခဲ့တာ မဟုတ်ဘူး´´

စိတ်ဆိုးဆိုးနဲ့ ကျွန်တော့်ကို ပြောအော်ပြီး လှည့်ထွက်သွားပါတယ်။ ကျွန်တော်ကတော့ ငေးလျက်ပဲ ကျန်ခဲ့တယ်။ Chatting ထဲက ချစ်၏ ပြောဖို့ သူ့ရင်ထဲက တန်ဖိုးတွေ ခံစားချက်တွေကို ကျွန်တော်မှ မမြင်နိုင်တာပဲ။ ကျွန်တော် သူ့အချစ်ကို စော်ကားလိုက်သလို ဖြစ်သွားတော့လည်း ကျွန်တော်စိတ်မကောင်းဖြစ်နေရတော့တာ နောက်တစ်ကြိမ် ပြန်တွေ့ကြတဲ့ အထိပါပဲ။



(၄)

ကျွန်တော့်ဆီ နယ်ကျွံလာတဲ့ နှလုံးသားလေးတစ်ခုကို အလွယ်တကူ ဖမ်းယူလိုက်ဖို့ထိ ကျွန်တော်မရက်စက်တတ်ပါဘူး။ သို့သော် ကျွန်တော်ကိုယ်တိုင် ခံစားနိုင်ဖို့ သေချာမှုတော့ လိုပါတယ်။

``ညီ….အစ်ကို့ကို ချစ်နေသေးလား´´

အလိုမကျတဲ့ မျက်နှာနဲ့ သူကျွန်တော့်ကို ပြန်ကြည့်တယ်။

``လွယ်လွယ်နဲ့ မပြောခဲ့သလို လွယ်လွယ်နဲ့လည်း မရုတ်သိမ်းဘူး ဒီအတိုင်းပဲ ထားထားတယ် ရတယ် ကျွန်တော့်ဘက်က ရှေ့တိုးစရာမရှိဘူး ဒီအတိုင်းပဲ ရပ်နေမယ် အစ်ကိုသာ ဆုံးဖြတ်ပါ ကျွန်တော့်ဆီလာမှာလား လှည့်ထွက်သွားမှာလား နှစ်ခွန်းတည်းက တစ်ခွန်းရွေး´´

``ချက်ချင်းဖြေရမယ့် မေးခွန်းလားညီ အချိန်တစ်ခုပေးပါလား အစ်ကိုပြောတာ သဘာဝကျလား´´

``ပေးပါတယ် တစ်သက်လုံး ပေးထားတယ်လေ အချိန်က အစ်ကိုပိုင်တာပါ ကျွန်တော်ဘက်က ပြောပိုင်ခွင့်မရှိဘူး လာချင်တဲ့ အချိန်လာပါ ကျွန်တော်ကတော့ ဒီထက်ရှေ့မတိုးဘူး ဒီမှာတင် ရပ်နေမယ် ချစ်တယ်လို့ ပြောခဲ့တယ် နောက်မပြောတော့ဘူး အစ်ကို ကျွန်တော့်ကို ချစ်နိုင်ရင်သာ လာခဲ့ပါ´´

``ဒီလိုဆို အစ်ကို့အတွက် ညီက တံခါးတစ်ချပ်ပေါ့နော်´´

``တံခါးတစ်ချပ်ဟုတ်လား အစ်ကို ဖွင့်ပြီးတာနဲ့ ကျောခိုင်းခဲ့မယ်ပေါ့´´

``မဟုတ်ဘူးညီ အစ်ကို မျက်နှာချင်းဆိုင်ရပ်နေတဲ့ တံခါးလေးတစ်ခုပေါ့ အစ်ကို စဉ်းစားနေတာ အစ်ကို ၀င်လိုက်ပြီဆိုရင် ပြန်မထွက်မိဖို့ပေါ့ ညီ´´

``အစ်ကို တံခါးဆိုတာ ၀င်လာဖို့ပါ အစ်ကို့ကို ဘယ်သူမှ တွန်းမထုတ်သလို ဆွဲလည်း မသွင်းပါဘူး အစ်ကိုက အခုချိန် မျက်နှာချင်းဆိုင်ဆိုပေမယ့် ဖြတ်လိုက်တာနဲ့ ကျောခိုင်းပြီးပြီလေ´´

``အစ်ကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး တွေဝေနေတာပါ Love is accident ဆိုတာ မယုံဘူးလေ´´

``ရပါတယ် accident ကို မယုံတာ အစ်ကို့ အပြစ်မဟုတ်ပါဘူး ကျွန်တော့်အပိုင်းက ချစ်တယ်လို့ ပြောခဲ့ပြီးပြီ အစ်ကိုသာ ဆုံးဖြတ်ပါ အစ်ကိုမလာလို့လည်း ကျွန်တော်နောက်ဆုတ်မသွားသလို အစ်ကိုလာခဲ့လို့ပြောလည်း ရှေ့မတိုးဘူး အစ်ကို့ အလှည့်ရောက်ပြီလေ´´

``အစ်ကို့ကို ချည်နှောင်မထားတာ ကျေးဇူးတင်ပါတယ် ညီ´´

``မချည်ပါဘူး ကျွန်တော်လည်း အချည်ခံရတာ မကြိုက်ဘူးလေ´´

``ကောင်းပါပြီ ညီလေး တံခါးလေးတစ်ချပ်က အစ်ကိုတစ်ယောက်ပဲ ဖြတ်သန်းဝင်ရောက်ခွင့်ရှိတဲ့ တံခါးလေးလို့ အစ်ကို ယုံထားမယ်နော်´´

ကျွန်တော်သူ့ကို နှုတ်ဆက်ဖို့ ပြင်တော့ သူ ကျွန်တော့်ရှေ့ပိတ်ရပ်ပါတယ်။

``တိတိကျကျ တစ်ခုတောင် ညီကို သိခွင့်မပေးခဲ့တော့ဘူးလား တကယ်ဆို ညီက အစ်ကို့ရဲ့ တံခါးမဟုတ်ဘူး အစ်ကို ……အစ်ကို့ကိုချစ်တဲ့ အချစ်တွေကို အစ်ကိုကိုယ်တိုင် ပိုင်းခြားထားတဲ့ ကြားခံနယ်ပါ ကျွန်တော့်နှလုံးသားက အစ်ကို ၀င်ရောက်လာဖို့ ဘာအတားအဆီးမှမရှိတဲ့ နေရာပါ´´

``ကျေးဇူးပါညီ´´

``စဉ်းစားပေးပါဗျာ တောင်းပန်တာပါ´´

``မတောင်းပန်ပါနဲ့ ညီလေး ဘာမှ မမှားပါဘူး အစ်ကိုက လွန်တာပါ ညီပျော်ရွှင်ပါစေနော် အစ်ကို သွားတော့မယ်´´

``အချစ်ရေးရော ဘယ်လိုနေမလဲဗျာ ကျွန်တော်ပျော်ရမှာလား´´

``အင်း ညီ ကံကောင်းမှာပါ´´

``ကျွန်တော်မျှော်လင့်နေပါ့မယ်´´

လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ မျှော်လင့်ချက်ပေး ညှဉ်းခဲ့တာ မဟုတ်ပေမယ့် ကျွန်တော် တံခါးလေးကို ဘာတုန့်ပြန်မှုမှ မလုပ်နိုင်ခဲ့ဘဲ အချိန်တွေ တော်တော်ကြာသွားခဲ့ပါတယ်။



(၅)



အသုံးမပြုသေးတဲ့ တံခါးလေးကတော့ သူ့တာဝန်မကျေဘူးဆိုပြီး သိမ်ငယ်ချင်သိမ်ငယ်နေပါလိမ့်မည်။ (အနည်းဆုံးတော့ တံခါးတစ်ခုပီသအောင် ကျွန်တော်အသုံးပြုခဲ့သင့်ပါသည်။)

အချစ်ရှိရာ ၀င်ရောက်ဖို့ အဖွင့်၊ အပိတ်အတွက် ကျွန်တော် တံခါးလေးကို အသုံးမပြုခဲ့ပါဘူး။ တစ်ဖက်မှာ ရှိနေမယ့် နှလုံးသားလေးကိုပဲ ကျွန်တော်ငေးကြည့်နေခဲ့သည်။

မျှော်လင့်ချက်များ ကိန်းဝပ်နေသည့် နှလုံးသားလေးကို ကျွန်တော်ငေးရင်း တွေးရင်းဖြင့် တစ်စုံတစ်ရာ တုန့်ပြန်လိုက်မိသည်ဟု ထင်ပါသည်။ သို့သော် ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်သော တုန့်ပြန်မှုတစ်ခုဖြစ်ပါသည်။ အမှား၊ အမှန်ဟု မဝေခွဲနိုင်သော အပြုအမူတစ်ခုအတွက် ကျွန်တော် နောင်တရစွာဖြင့် တံခါးလေးနှင့် ဝေးရာကို ကျွန်တော်ထွက်သွားလိုက်သည်။

မျက်နှာချင်းဆိုင် အချိန်ကြာကြာရပ်နေခဲ့သော တံခါးလေးဆီမှ ကျွန်တော်ထွက်ခွာလာချိန်သည် ကျွန်တော်၏ တွေဝေမှုများ အဆုံးသတ်ချိန်မဟုတ်ခဲ့ပါ။ အဖြေတစ်ခုလည်း ထွက်မလာခဲ့ပါ။

တရွေ့ရွေ့လှမ်းနေတဲ့ ခြေလှမ်းတွေနောက် လိုက်ပါနေသော ကျွန်တော့်မှာ တံခါးလေးကို ကျောခိုင်းလိုစိတ်မရှိပါ။ မျက်နှာချင်းဆိုင်နေလာပြီး ကျောခိုင်းသည့် အနေအထားဖြင့် ကျွန်တော်မနှုတ်ဆက်ချင်ပါ။ အကယ်၍ ကျောခိုင်းမိခဲ့သည်ဆိုပါက ကျွန်တော်တံခါးလေးကို တောင်းပန်လိုပါသည်။

ခံစားချက်မဲ့ရွေ့နေတဲ့ ကျွန်တော့်ဆီ မေးခွန်းတိုးတိုးလေး ကပ်ပါနေပါသည်။ တံခါးလေးကို တုန့်ပြန်မှုနှင့် ပတ်သက်ပါသည်။ တွန်းဖွင့်ပြီး လှည့်ထွက်ခဲ့တာ မဟုတ်သဖြင့် ကျွန်တော်ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာ ရှိနေသော်လည်း အဖြေမရှိပါ။ ဒီလိုဆို ကျွန်တော်တံခါးလေးကို ဘာလုပ်ခဲ့မိပါသလဲ။



``အစ်ကို ကျွန်တော့်နှလုံးသား……ကျွန်တော့်နှလုံးသား……တံခါးကို ခေါက်သွားခဲ့တယ်……..မဟုတ်လား´´



စကားလုံး တစ်စစီ ပြိုကွဲမှု၊ တုန်ရီမှုများဖြင့် ပေါင်းစပ်ထားသော မေးခွန်းအတွက် အဖြေလုံးဝမဟုတ်သော စိတ်မကောင်းဖြစ်မှုတွေသာ ကျွန်တော့်ရင်ထဲ ပြည့်နေခဲ့ပါသည်။

ဧည့်မျှော်နေသော အိမ်ရှင်၏ တံခါးကို အခေါက်ခံရလို့ ၀မ်းသာအားရ တံခါးအဖွင့် ဘာမျှမရှိတဲ့ ဟင်းလင်းပြင်တစ်ခုကို မြင်ပြီး မောပန်းသွားမည့် အိမ်ရှင်တစ်ယောက်၏ စိတ်ခံစားချက်ကို ကျွန်တော်သိသော်လည်း လျစ်လျူရှုခဲ့လိုက်သည်။

တစ်ကိုယ်ကောင်းဆန်သော ခြေလှမ်းတွေနောက်မှာတော့ မေးခွန်းတစ်ခုက ပဲ့တင်ထပ်လို့။

``ကျွန်တော့်……နှလုံးသား တံခါးကို … ခေါက်သွားခဲ့သလား´´



ပြီး။







ကျိုးပဲ့သွားသောညီမျှခြင်းတစ်ခု



အချစ်အတွက်

ကံမကောင်းခဲ့တဲ့ ကျွန်တော်

ဆေးဆိုးထားတဲ့ အဖြူရောင်

သံယောဇဉ်တွေနဲ့ပဲ

ရှင်သန်လိုက်ရတယ်..


(၁)

လက်နှစ်စုံကြားမှ ပဲ့ထွက်သွားသော မုန့်လေးကို ကျွန်တော်တို့နှစ်ယောက် အသေအချာကြည့်လိုက်ကြသည်။

``ဟိုဘက်ခြမ်းက များနေတယ်´´

``၀ိုင်နော် မညစ်ပတ်နဲ့ အတူတူပဲ´´

``မဟုတ်ဘူး နည်းနည်းကွာနေတယ် သေချာကြည့်´´

``အညီအမျှပဲ ဘာမှလာမပြောနဲ့နော် မကျေနပ်ရင် ပေတံနဲ့တောင်တိုင်းကြည့်လို့ရတယ်´´

``အဟဲ…ဟဲ စတာပါ ညီပါတယ် ညီပါတယ်..စိတ်ကြီးပဲ´´

``အောင်မယ် သူကလည်း လာညစ်သေးတယ်´´

``ဟုတ်ပါပြီ လင်းသစ်ရဲ့´´

အညီအမျှခွဲဝေလိုက်သော မုန့်လေးကို ကျွန်တော်နှင့်သူ စားနေကြရင်း

``ငါဘယ်တုန်းက မင်းကို မတရားလုပ်ဖူးလို့လဲ အမြဲတမ်း ညီတူညီမျှပဲနေလာတာကို အဲလိုမစနဲ့ ငါမကြိုက်ဘူး´´

``ကောင်းပါပြီ ကိုသမာဓိကြီးရယ် မပြောတော့ပါဘူး မုန့်ပဲဆက်စားပါတော့´´

အမြဲလို ကျွန်တော့်ကို အလိုလိုက်တတ်သော လင်းသစ်က တရားမျှတခြင်း သို့ ညီမျှခြင်းဟူသော သဘောတရားကို လက်စွဲထားတတ်သည်။ အလိုလိုက်ခံရမှုကြောင့် ဆိုးချင်သော ကျွန်တော်ကတော့ သိသိကြီးနှင့် ကတ်သတ်ငြင်းခုန်တတ်သည်။ သို့သော် ကျွန်တော့်၏ တမင်ဖန်တီးထားသော အငြင်းအခုန်များသည် လင်းသစ်၏ မှန်ကန်သောအပြုအမူများကြားတွင် ပျောက်ပျောက်သွားရသည်။

(၂)

``တစ်နဲ့တစ်ပေါင်းရင် နှစ်ရသလိုပဲ တန်ဖိုးတူတာချင်းပေါင်းရင် မူလတန်ဖိုးပြန်မရဘူး ဒါပေမယ့် သူတို့က ညီမျှခြင်းရဲ့ ဟိုဖက်ဒီဖက်မှာ ကိန်းဂဏန်းမတူပေမယ့် လက္ခဏာတစ်ခုကြောင့် ညီတယ်ဆိုတာကို လူတိုင်းလက်ခံတယ်´´



ECG made Easy ဟူသော စာအုပ်ကို ခပ်တည်တည်ဖွင့်ပြီး ခေါင်းငိုက်စိုက်ကျ အိပ်ပျော်နေသော ကျွန်တော်ကတော့ လင်းသစ်ပြောတာတွေကို မကြား။ အိပ်မက်ထဲမှာတော့ ECG wave တွေက မညီမညာဖြင့် ကျွန်တော့်ကို ငုံ့ကြည့်နေကြသည်။

``၀ိုင် ဟေ့ ဟာ ဒုက္ခပဲ ငါကတော့ ငါပြောတာတွေ နားထောင်နေတာလားလို့´´

ကျွန်တော့်ကို လှုပ်နိုးလိုက်တာကြောင့်

``အင် ဘာလဲ လင်းသစ် ငါဒီထဲအာရုံရောက်နေလို့´´

``တော်ပါကွာ စာအုပ်ပေါ် အိပ်ပျော်နေပြီးတော့ ငါက ငါပြောတာမင်းနားထောင်နေသလားလို့´´

``ဘာတွေပြောနေတာလဲဟင်´´

ကျွန်တော့်ကို လင်းသစ်က နောက်တစ်ကြိမ် သင်္ချာဆန်သော သူ့အယူအဆကို သင်္ချာသမိုင်းအား ပြောင်းပြန်လှန်မည့် ပညာရှင်တစ်ယောက်၏ လေသံဖြင့် ထပ်ပြောသည်။

၁+၁ = ၂

``ဟမ် ဒါကြီးကို အဆန်းလုပ်လို့ မူလတန်းကလေးသွားမေးတောင်သိတယ်´´

ကျွန်တော်စိတ်တိုတိုဖြင့် ခပ်တိုးတိုးဆဲလိုက်သည်။

``ဒါပေမယ့် ၀ိုင်…အဲဒါနဲ့ ပုံစံတူပေါ့ကွာ မူလတန်းကလေးမသိတဲ့ ညီမျှခြင်းတစ်ခုငါစဉ်းစားနေတာ´´

``အင်း ဘာများလဲ´´

``အချစ်နဲ့အချစ်ပေါင်းရင်လည်း အချစ်မရနိုင်ဘူးထင်တယ်နော်´´

အချစ်+အချစ် = ?

``ပေါက်ပေါက်ရှာရှာ လင်းသစ်ရာ စိတ်ညစ်လိုက်တာ ဘာတွေလျှောက်တွေးနေမှန်းမသိဘူး ငါနောက်မှ ကူစဉ်းစားပေးမယ် ဟုတ်ပြီလား လောလောဆယ် ငါ ECG ဆက်လေ့လာလိုက်ဦးမယ်´´

``ငါက ညီမျှခြင်းရဲ့ ဟိုးဖက်မှာ ဘာရှိနိုင်မလဲ သိချင်ရုံပါကွာ´´

လင်းသစ် ကျွန်တော့်အနားက ထွက်သွားတော့ ကျွန်တော် ခေါင်းရမ်းမိသည်။ ကျွန်တော် သူပြောသွားသော အချစ်ကို တန်ဖိုးတစ်ခုထားပြီး စဉ်းစားကြည့်သည်။

၁၅၀၀+၁၅၀၀ = ၃၀၀၀

ဟင် ဘယ်လိုကြီးပါလိမ့်။ မဟုတ်သေးပါဘူး။

အရွယ်ရောက်နေကြပြီဖြစ်သော ကောင်လေးနှစ်ယောက်အနေဖြင့် အချစ်အကြောင်းကို စူးစမ်းကြတာချင်းအတူတူ လင်းသစ်က ညီမျှခြင်းကထွက်လာမည့် တန်ဖိုးကို စိတ်ဝင်စားပြီး ကျွန်တော်ကတော့ ညီမျှခြင်းလက္ခဏာကို ပိုစိတ်ဝင်စားနေမိသည်။



(၃)

ကျွန်တော် လင်းသစ်၏ အတွေးကို ဖြေရှင်းပေးနိုင်ပြီထင်သော အချိန်တွင် လင်းသစ်သည် ကျွန်တော်မဟုတ်သော တစ်ဦးတစ်ယောက်ကို ရင်ခုန်စွာချစ်တတ်နေပြီဖြစ်သည်။

``သေချာနားထောင် လင်းသစ် မင်းပြောဖူးတဲ့ တစ်နဲ့တစ်ပေါင်းတဲ့ စကားတစ်ခွန်းကို ငါစဉ်းစားကြည့်တော့လေ…´´

``အင်း´´

``မူလတန်ဖိုးတော့ ပြန်မရသလို မူလတန်ဖိုးလည်း ပျောက်မသွားဘူး´´

``ငါနည်းနည်း သံသယ၀င်ချင်တယ် ၀ိုင် တန်ဖိုးတော့ ပြောင်းသွားတယ်လေ ငါတစ်ခု တွေးမိတာက တစ်ယောက်ယောက်ကိုချစ်မိလို့ သူနဲ့ငါရဲ့ အချစ်နှစ်ခုပေါင်းလိုက်ရင် ပြောင်းလဲသွားတဲ့ တန်ဖိုးတစ်ခုရလာနိုင်တယ် မဟုတ်လား ငါက ငါချစ်သလိုချစ်တဲ့အချစ်တစ်ခုပဲ ပြန်လိုချင်တာ´´

``ရမှာပေါ့ လင်းသစ်ရဲ့ ငါပြောပြမယ် ပေါင်းလို့ရတဲ့ အဖြေ ၂ ဆိုတာက တန်ဖိုးတူ ၂ ခုပေါင်းလိုက်လို့ ပိုအားကြီးပြည့်စုံသွားတယ်ဆိုတဲ့သဘောပဲ အဲဒီအဖြေထဲမှာ ပေါင်းလိုက်တဲ့ ၁ ဂဏန်းတွေရှိတယ် မြင်တတ်ဖို့ပဲလိုတယ်´´

``အချစ်ချင်းပေါင်းရင်ရော..´´

``မူလတန်ဖိုးအချစ်ပြန်မရနိုင်ပေမယ့် ပိုပြည့်စုံသွားတဲ့ အဖြေတစ်ခု ညီမျှခြင်းတစ်ဘက်မှာ ထွက်လာလိမ့်မယ် လင်းသစ် အဲဒီအဖြေမှာ ပေါင်းလိုက်တဲ့ အချစ်နှစ်ခုပေါင်းစည်းပါဝင်နေလိမ့်မယ် ခံစားတတ်ဖို့ပဲလိုတယ်´´

``ငါခံစားတတ်ချင်ပါတယ် ဒါပေမယ့် ငါအချစ်အပေါ် သံသယ၀င်နေတယ်ကွာ မယုံကြည်ရဲဘူး´´

``ယုံကြည်လိုက်ပါ မင်းက အရမ်းအတွေးခေါင်လွန်းတာကိုး´´

``ညီမျှအောင်စဉ်းစားကြည့်တာပါကွာ ငါကညီမျှတာကို ကြိုက်တယ်လေ´´

ကျွန်တော့်ရင်ထဲ စိတ်မကောင်းခြင်းများစွာဖြင့် တီးတိုးဆိုနေမိသည်။

``လင်းသစ်ရယ် မင်းက ညီမျှတာကို ကြိုက်ပေမယ့် မင်းသတိမထားမိတဲ့ ညီမျှခြင်းလေးရဲ့တန်ဖိုးက လုံးပါးပါးနေလို့ တကယ်ရောညီမျှခြင်းပီသရဲ့လားဆိုတာ နားလည်ဖို့ကောင်းတယ်ကွာ´´

(၄)

လင်းသစ်၏နှလုံးသားက ကောင်မလေးတစ်ဦးကို ချစ်နေပြီး ကျွန်တော့်နှလုံးသားက လင်းသစ်ကို ချစ်နေမိသောအခါ ကျွန်တော်တို့ ၃ဦးသည် အနား ၃ နားဖြင့် ပတ်ချာလည်နေသော တြိဂံကြီးလိုဖြစ်နေလေသည်။



(ထိုတြိဂံကြီးကို ၀တ္ထု စာအုပ်များထဲတွင်တော့ သုံးပွင့်ဆိုင်ဟု လှလှပပ သုံးနှုန်းကြမည်ထင်ပါသည်။)



``ငါ သူ့ကို သိပ်ချစ်တယ်ကွာ´´

လင်းသစ် ကျွန်တော့်ကို ရင်ဖွင့်တိုင်း ကျွန်တော်ရင်ထဲနာနာကျင်ကျင်ဖြင့် ပြန်ပြောနေမိတာက

``ငါလည်း မင်းကို သိပ်ချစ်တာပဲ´´။

မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလို့မကောင်းသောနိုင်ငံမို့ ငယ်စဉ်က မြန်မာနိုင်ငံမှာ မွေးဖွားလာသော မိန်းကလေးများကို သနားမိသေးသည်။ အရွယ်ရောက်ချိန်မှာတော့ ယောက်ျားလေးက ယောက်ျားလေးကိုချစ်တာဟာလည်း ဖွင့်ပြောဖို့ ခက်ခဲမှန်း သိသွားချိန်တွင်တော့ ကိုယ့်ကိုယ့်ကို ပြန်သနားနေမိတော့သည်။

လင်းသစ်တစ်ယောက် ညီမျှခြင်းအဖြေကို ကြိုးစားနေချိန် ကျွန်တော်သူ့ကွယ်ရာမှာ ငိုကြွေးနေမိသည်။ ကျွန်တော်သာ သူပြောတတ်တဲ့ ညီမျှခြင်းစာကြောင်းက ကိန်းဂဏန်းတစ်ခုဖြစ်ခဲ့လျှင် ကျွန်တော်ဘယ်နေရာမှာ ရပ်တည်ရပါ့မလဲ။

(၅)

အချစ်သည် မုန့်တစ်ခုမဟုတ်သောကြောင့် အညီအမျှ ဝေမျှစား၍ မရခဲ့ပါ။

ထို့ကြောင့် တစ်ဖက်သတ်မျိုသိပ်ချစ်နေရသော ကျွန်တော့်နှလုံးသားသည် ငယ်စဉ်က လင်းသစ်နှင့် အတူတူစားခဲ့ကြသော မုန့်များလို အချိုးမညီသော်လည်း ပဲ့ထွက်သွားသော မုန့်အပိုင်းအစများလိုတော့ တဖြည်းဖြည်းပဲ့ကြွေနေခဲ့သည်။



ဒဏ်ရာရနာကျင်နေသော နှလုံးသားဖြင့် ကျွန်တော်လင်းသစ်ကို တိတ်တခိုး ချစ်နေခဲ့သည်။ လင်းသစ်ချစ်သော ကောင်မလေးနှင့် အဆင်ပြေစေရန် ကျွန်တော်ရင်နာနာဖြင့် အကူအညီပေးနေရသောအခါ ကျွန်တော်သည် အဖြည့်ခံတစ်ယောက်ဖြစ်လာခဲ့သည်။

နေ့တိုင်း အချိန်တိုင်းတွင် ခံစားနေရသော ရင်ထဲမှ ဝေဒနာများသည် ထွက်ပေါက်မရှိသော မွန်းကြပ်မှုများကို ချိုးဖောက်ပြီး ဒိုင်ယာရီစာအုပ်လေးထဲသို့ အလျှိုလျှို ခိုဝင်ကြလေသည်။ ကျွန်တော်ဖွင့်မပြောသော စကားလုံးများကို ဒိုင်ယာရီလေးကို ကျွန်တော်ပြောသည်။ လင်းသစ်ကောင်မလေးနှင့် တွဲသွားတိုင်း ကျွန်တော် ခံစားရကြောင်း ဒိုင်ယာရီလေးကို ရင်ဖွင့်သည်။ ကျွန်တော် လင်းသစ်ကို ဘ၀တစ်ခုလုံးထက် ချစ်ကြောင်း ဒိုင်ယာရီလေးကို အကြိမ်ကြိမ်ပြောသည်။ ဒိုင်ယာရီလေး၏ စာမျက်နှာတိုင်းသည် လင်းသစ်ဟူသော စာလုံးနှင့် ချစ်တယ်ဟူသော ဝေါဟာရများ ပြည့်နှက်သိပ်သည်းနေခဲ့သည်။ ထိုဒိုင်ယာရီလေးကိုပင် ကျွန်တော် အမြတ်တနိုးသိမ်းဆည်းထားသည်။

(၆)

``သူငါ့ကို ချစ်သွားပြီ ၀ိုင် ငါလိုချင်တဲ့အချစ်မျိုးနဲ့ပေါ့´´

``ကောင်းတာပေါ့ ပြည့်စုံသွားတာပေါ့´´

``မပြည့်စုံသေးပါဘူး ငါကတော့ချစ်သူရပေမယ့် မင်းကတော့ မရသေးဘူး မညီမျှသေးဘူးလေ ညီတူညီမျှဖြစ်သွားအောင် မင်းလည်း ရှာကွာ´´

``မရှာပါဘူးကွာ ဘယ်တော့မှလည်း ညီမျှမှာလည်း မဟုတ်ဘူး ဒီအတိုင်းလေးပဲ နေပါရစေ´´

``ဘာဖြစ်လို့လဲ ၀ိုင်´´

``ငါ မင်းကိုချစ်နေလို့ပေါ့´´

အချိန်အကြာကြီး သိမ်းဆည်းလာခဲ့ရသော ကျွန်တော့်ခံစားချက်တစ်ခု ပွင့်ထွက်သွားချိန်မှစပြီး လင်းသစ်နှင့်ကျွန်တော် မတွေ့ဖြစ်ကြတော့။ တစ်နေရာရာမှာ မျက်နှာချင်းဆိုင်ဆုံမိကြလျှင်တောင် လင်းသစ်မျက်နှာလွှဲရှောင်သွားတတ်သည်။ လင်းသစ်နှင့်မတွေ့ရသည့် ရက်များတွင် ကျွန်တော့်ဒိုင်ယာရီစာအုပ်လေး၏ စာမျက်နှာများ လျှင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။

(၇)

ရယူပိုင်ဆိုင်ဖို့ ရည်စူးထားခြင်းမရှိသော အချစ်မို့ လင်းသစ်ကို ကျွန်တော်အဝေးကနေပဲ လွမ်းဆွတ်နေခဲ့ရသည်။ လင်းသစ်နှင့်မတွေ့ရသော နေ့ရက်များသည် ကျွန်တော့်အတွက်လုံးဝအဆင်မပြေနိုင်သည်မို့ အရင်အတိုင်း ခင်မင်နေခွင့်လေးကိုပဲ ပြန်ရချင်နေမိသည်။ ထို့ကြောင့် ကျွန်တော့်ကိုရှောင်နေသော လင်းသစ်ကို သွားတွေ့လိုက်သည်။

``ငါစိတ်မကောင်းပါဘူး ၀ိုင် အရင်အတိုင်း…´´

``စိတ်ချပါ အရင်အတိုင်းလေး ခင်နေခွင့်တော့ပေးပါ´´

သူဘာမှန်းမသိသော အဓိပ္ပာယ်မျိုးဖြင့် ခေါင်းညိတ်သည်။ ကျွန်တော်သူ့ရှေ့ကို ကျွန်တော့် ဒိုင်ယာရီစာအုပ်လေးထိုးပေးလိုက်သည်။

``ဒါကဘာလဲ..၀ိုင်´´

``လူတစ်ယောက်မျိုသိပ်ထားခဲ့တဲ့ ဝေဒနာတွေပါ နောက်ဆုံးစာမျက်နှာလေးမှာ မင်းလက်မှတ်လေးတစ်ခုထိုးပေးပါလား ရှေ့ဆက်ငါလှောင်ပိတ်ထားပစ်ဖို့ အဆုံးသတ်သွားဖို့ အမှတ်တရတစ်ခုပေါ့ မင်းလက်မှတ်လေးရဲ့ ကျန်စာမျက်နှာတွေမှာ ငါအလွတ်ပဲထားတော့မယ် မင်းလက်မှတ်က ငါ့အတွက် သတိပေးတဲ့အရာတစ်ခုဖြစ်နေမှာပါ´´

``ငါညီမျှတယ် မဟုတ်လား ၀ိုင် မင်းတစ်ချိန်ကျရင် ငါ့ကိုနားလည်မှာပါကွာ ငါမင်းဆန္ဒအတိုင်း လက်မှတ်ထိုးပေးခဲ့မယ် ဒါပေမယ့် ငါတို့ဆက်ပြီး မသိသလိုပဲနေကြမယ်ကွာ ငါကညီမျှတာကို ကြိုက်တယ်လေ ဆက်ခင်နေကြဦးမယ်ဆိုရင် မင်းခံစားနေရမှာနဲ့ မညီမျှရာကျမယ်´´



လက်မှတ်တစ်ခုနဲ့ အဆုံးသတ်သွားပြီဖြစ်သော ဒိုင်ယာရီစာအုပ်ကို ကျွန်တော်အပြီးပိတ်လိုက်သည်။

လင်းသစ်စိတ်ဝင်စားခဲ့သော ညီမျှခြင်း၏အဖြေတစ်ဘက်တွင် အချစ်တန်ဖိုးတစ်ခုနှင့် ကျွန်တော်ရှိချင်ရှိပါလိမ့်မည်။ သို့မဟုတ် လင်းသစ်အဆင်ပြေစေဖို့ ကူညီခဲ့သောကျွန်တော်သည် အပေါင်းလက္ခဏာလည်း ဖြစ်ခဲ့ပါလိမ့်မည်။ လင်းသစ်၏ ထူးဆန်းသော သင်္ချာဆန်သော အတွေးတစ်ခုတွင် ကျွန်တော်ပါဝင်ရကြေးဆိုလျှင် ကိန်းနှစ်ခုပေါင်းနေကြမည့် ညီမျှခြင်းတစ်ဖက်တွင် ကျွန်တော်ရပ်ပြီး ညီမျှခြင်းကို ဒေါင့်ဖြတ်တစ်ခုဖြည့်လိုက်ချင်ပါသည်။

မဖြစ်နိုင်သောအခါ အသိအမှတ်ပြုမခံရသော အချစ်တစ်ခုကို ကျွန်တော် ကြေကွဲစွာ သိမ်းဆည်းထားရင်း ရှင်သန်နေလိုက်သည်။

အချစ်သည် ခံစားသူအပေါ်လိုက်၍ အနေအထားလေးခြားနားရုံဖြင့် တန်ဖိုးညီမျှမှု မရှိမှန်း သို့မဟုတ် မတန်တဆ နာကျင်ခံစားတတ်စေမှန်းကို ယုံကြည်စွာ လက်ခံထားလိုက်ချိန်တွင် ခံယူချက်ကွာခြားသော ကျွန်တော်နှင့်လင်းသစ်ကြားတွင် ညီမျှခြင်းတစ်ခုသည် ကျိုးပဲ့သွားခဲ့လေသည်။



ထိုကျိုးပဲ့သွားလေသော ညီမျှခြင်း၏နောက်တွင်တော့ ကျွန်တော်တစ်ဦးတည်း ရှိနေရင်း လူတစ်ယောက်ကို ချစ်ခဲ့မိခြင်းကို ဘ၀တစ်ခုလုံးအတွက် အမှတ်ရရင်း မြတ်မြတ်နိုးနိုး သိမ်းဆည်းထားလိုက်ပါသည်။



ပြီး။

Saturday, April 6, 2013

နှစ်ချို့နေသောနွေအလွမ်းများ (၁)







သင်္ကြန်မှာရေမစိုနိုင်တဲ့သူတစ်ယောက်

အလွမ်းတွေနဲ့ပဲထောင်းထောင်းကြေ

ငါဒီလောက်လွမ်းဆွတ်နာကျင်နေတာတောင်

အိပ်ချင်ယောင်ဆောင်တုန်းလား

နွေဦးရယ်

မင်းကို မုန်း..မိ ပြီ။


(၁)

``လမ်းထဲမှာ ပိတောက်တွေပွင့်နေကြပြီ နင်မရှိလည်း ပိတောက်တွေပွင့်ပြီ မင်းကိုလွမ်းလှပြီ မိုးပြေးရေ ခဏတော့စောင့်လို့ပေးပါ တောင်းပန်တယ်မိုးရယ် အချစ်ဆုံးကိုယ့်အတွက် ရောက်လာလိမ့်မယ်´´

သင်္ကြန်နားနီးပြီမို့ သင်္ကြန်သီချင်းများကို ဟိုတစ်စ ဒီတစ်စကြားနေရပြန်ပါတယ်။ ဥသြရေ ငါသိပ်ကြောက်တဲ့ တန်ခူးအချိန်ရောက်လာပြန်ပြီကွာ ငါမင်းကို သိပ်လွမ်းတယ်..

အိမ်ထဲက မျှော်ကြည့်နေမိတဲ့ ပြတင်းပေါက်မြင်ကွင်းမှာ မင်းအရိပ်လေးများ ပြန်တွေ့ရနိုးနိုးပေါ့။

ဥသြရယ် ပြီးခဲ့တာတွေကို မမေ့နိုင်သေးတဲ့ လူတစ်ယောက်ကို တန်ခူးရဲ့ အငွေ့အသက်တွေက စိတ်တိုင်းကျ နှိပ်စက်ဖို့များ ရောက်လာခဲ့သလား။ ငါ့မျက်လုံးထဲမှာတော့ ရွှေဝါရောင်ပိတောက်တွေရဲ့ ပူပြင်းတဲ့အရောင်တွေ။

အဲဒီ ပိတောက်တွေက နှစ်သစ်ကို အပြောင်းအလဲတွေနဲ့ ကြိုနေမလား ဒါမှမဟုတ် နှစ်ကူးကိုခေါ်လာမှာလားဆိုတဲ့ သင်္ကြန်မုန်းတဲ့လူတစ်ယောက်ရဲ့ သံသယ အတွေးတွေနဲ့ ငါ့ပြတင်းပေါက်လေးရဲ့ အပြင်ကိုမြင်နေရတာကတော့ ဧပြီဆိုတာ ဘာမှမဟုတ်တဲ့ တန်ခူးသရုပ်တွေပါပဲ။ နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောလို့သာရရင် ငါ့ရင်ထဲက အလွမ်းဒဏ်ရာတွေကို ဘယ်အရာတွေကများ ဆေးကြောလို့ရပါ့မလဲ။

ဥသြရယ်

ရာသီစက်ဝန်းတွေ တစ်ပတ်လည်တိုင်း ငါ့နှလုံးသား နောက် ငါ့စိတ်ခံစားမှုအားလုံး အတိတ်တွေကို မလိုချင်ဘဲ ရောက်ရောက်သွားပြန်တယ်……..။

(၂)

လမ်းမကြီးတစ်လျှောက် စိတ်လွတ်ကိုယ်လွတ် ဆိုင်ကယ်မောင်းလာတဲ့ ကျွန်တော် လမ်းတစ်လျှောက် လက်တွန်းထီသည်များဆီက သင်္ကြန်သီချင်းတွေကို ကြားလိုက်ရတော့ သင်္ကြန်နားနီးလာတာကို သတိပြုမိလိုက်တယ်။ ကိုယ်ရတဲ့ သီချင်းလေးတွေလိုက်ဆိုရင်း ကျွန်တော့်စိတ်တွေ မြူးလာသလိုခံစားလိုက်ရပါတယ်။

ယာဉ်အသွားအလာများတဲ့ လမ်းမကြီးမို့ ဆူညံတဲ့ သင်္ကြန်သီချင်းတွေကြားမှာ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းနေတုန်း ကားတစ်စီးနောက်က ကပ်ပါလာတာကို သတိထားမိပါတယ်။ ကားက ရတနာပုံတက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ဖယ်ရီအဖြစ်အသုံးပြုကြတဲ့ Light Truck ကားလေးပါ။ ဆူညံစွာပေါက်ကွဲနေတဲ့ သီချင်းသံတွေနဲ့ ဒီလိုကားတွေကို မြင်နေကျမို့ အထူးအဆန်းမဟုတ်ပေမယ့် နောက်က ကပ်ပါလာတာကြောင့် လမ်းများတောင်းနေသလားဆိုပြီး ဘေးကိုရွှေ့မောင်းလိုက်ပါတယ်။ လမ်းအလယ်မှာ ယာဉ်ကြောရှင်းနေပေမယ့် ကားကကျော်မတက်ဘဲ နောက်ကနေပဲ ကပ်လိုက်လာပါတယ်။ ပိုဆိုးတာက ဟွန်းတီးနေတာကြောင့် ဒါတမင်ရိတာပဲဆိုပြီး ကျွန်တော်လမ်းခွဲတစ်ခုထဲကို ချိုးဝင်ပစ်လိုက်ပါတယ်။ သရုပ်ပျက် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ပုံစံတွေနဲ့ ဖယ်ရီကားတွေကို ကျွန်တော် အလိုလိုနေရင်း ကြည့်မရနေခဲ့တာ ကြာပြီဖြစ်တာကြောင့် ရှောင်ထွက်လိုက်ပါတယ်။

လမ်းကွဲသွားပြီအထင်နဲ့ မောင်းလာတဲ့ ကျွန်တော့်ဆိုင်ကယ်နောက်ကို Light Truck ကားလေးက တောက်လျှောက်ပါလာပါတယ်။ တဖြည်းဖြည်းအရှိန်မြင့်လိုက်သလိုပဲ ကားကလည်း အရှိန်နဲ့ကပ်ပါလာပါတယ်။ ကျွန်တော့်ဘေးကနေ ကျော်မလိုလုပ်ရင်း ယှဉ်မောင်းလာတော့ ကျွန်တော် ဒေါသနဲ့ ကားမောင်းသူကို လှည့်ကြည့်လိုက်တဲ့အခါမှာ

``ဗွမ်း´´ ဆိုတဲ့ အသံနဲ့ ရေတွေ ကျွန်တော့်ကိုယ်ပေါ်ကိုရောက်လာပါတယ်။

``ဟင် တောက်´´

ကားခေါင်းခန်းထဲက တစ်ယောက် ကျွန်တော့်ကို လှမ်းပက်လိုက်တာပါ။ ကျွန်တော် ဆိုင်ကယ်ကို ရပ်ပစ်တော့ ဘေးယှဉ်မောင်းနေတဲ့ ကားနောက်ခန်းထဲက မိန်းကလေးတွေက ရေသန့်ဗူးတွေနဲ့ လှမ်းပက်တာကိုပါ ခံလိုက်ရပါတယ်။ ကျွန်တော်ဒေါသတကြီးဖြစ်နေတုန်း ဟားတိုက်ရယ်မောသံတွေနဲ့ ကားလေးကတော့ ကျွန်တော့်ကို ကျော်တက်မောင်းထွက်သွားပါတယ်။

သင်္ကြန်အချိန်လည်းမဟုတ် နေ့ခင်းမှာ အကျီတွေရေစိုနေတဲ့ ကျွန်တော့်ကို လမ်းသွားလမ်းလာတွေ ကြည့်ကြည့်သွားကြပါတယ်။ ကျွန်တော်ဒေါသလည်းထွက် ရှက်လည်းရှက်နဲ့ ကျော်တက်သွားတဲ့ ကားထဲကလူတွေကို ဒေါသတကြီး ငေးကြည့်ရင်း ရေတွေရွှဲစိုပြီး ကျန်နေခဲ့ပါတယ်…….။

(၃)

``ဟဲ့ကောင်လေး ဘာဖြစ်လာတာလဲ အကျီတွေလည်းစိုလို့´´

``ရေပက်ခံလာရတာ မေမေရာ ဘာတွေမှန်းကို မသိဘူး´´

``ဟဲ့ ရေပက်ရအောင် သင်္ကြန်မှ မကျသေးတာ´´

``သင်္ကြန်ကတော့ မကျသေးဘူး အမေရေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ကျောင်းပိတ်လို့ နယ်ပြန်ကြတော့မှာဆိုတော့ အချင်းချင်းရေကစားနေကြပြီ´´

``ဒါနဲ့ သားက ဘာလို့ စိုလာတာလဲ´´

``သားက ၆၉ လမ်းအတိုင်း မောင်းလာတာပဲ အဲဒါ ရတနာပုံကျောင်းက Ferry တစ်စီး သားဘေးယှဉ်မောင်းပြီး ကားထဲကနေ ရေဗူးတွေနဲ့ ပက်သွားတာ´´

``တော်တော်ဆိုးတာပဲကွယ် တစ်နေ့ကလည်း ရတနာပုံက Light Truck တစ်စီး အဲလိုလုပ်လို့ ကောင်မလေးတစ်ယောက် ဆိုင်ကယ်လဲတယ်ပြောတယ် ကဲ ကဲ အကျီတွေသွားလဲလိုက်ဦးသား´´

ကျွန်တော် အကျီတွေလဲပြီး ထွက်လာတော့ မေမေကမေးတယ်။

``သား ဒီနှစ်သင်္ကြန်မှာ သား ဘာတွေလုပ်မလဲ သား သူငယ်ချင်းတွေနဲ့သွားလည်မလား မေမေတို့ကတော့ တရားစခန်းဝင်မယ်´´

``အင်း သားက ရေတော့မဆော့ဘူး မေမေ အိမ်မှာပဲ အေးအေးဆေးဆေးနေမယ် သင်္ကြန်ရေမထိချင်ဘူး´´

``ဘာဖြစ်လို့´´

``ဘာမှ မဖြစ်ပါဘူး အဲဒီသင်္ကြန်ဆိုတာကို သား ဘာမှထူးထူးခြားခြားခံစားလို့မှမရတာ ရေကစားကြတာကလွဲရင် ဘာထူးခြားလို့လဲ´´

ကျွန်တော့်စကားကိုနားထောင်ပြီး အမေကပြုံးပြီး စပါတယ်။

``သင်္ကြန်ကိုသားချစ်တတ်လာမှာပါ သားအရွယ်ကမငယ်တော့ဘူးလေ သားအတွက်ထူးခြားလာမယ့်သူတစ်ယောက်ကို သားတွေ့လာရင်ပေါ့ အဲဒီအခါမှ သင်္ကြန်ရေမထိချင်တဲ့သူက ….´´

``ဟာ မေမေကလည်း ..´´

ကျွန်တော် မေမေ့စကားကိုဆုံးအောင်နားမထောင်ပဲ ရှက်ရမ်းရမ်းပြီးထွက်လာတော့ မေမေက ရယ်ပြီးကျန်ခဲ့ပါတယ်။



(၄)

တကယ် တကယ့် သင်္ကြန်အကြိုနေ့ရောက်လာတော့ မေမေတို့က အစီအစဉ်အတိုင်း တရားစခန်းဝင်ကြပေမယ့် အိမ်တွင်းအောင်းမယ်လုပ်ထားတဲ့ ကျွန်တော်ကတော့ မေမေတို့ဝင်မယ့် တရားစခန်းက ဆရာတော်ဘုရားရဲ့ အကူအညီတောင်းထားတာကြောင့် တရားစခန်းဆေးပေးခန်းလေးမှာ ထိုင်ပေးဖို့ ပြင်ဆင်ရပါတယ်။

ဘုန်းကြီးကျောင်းလည်းဖြစ်၊ တရားစခန်းလည်းဖြစ်တာ သိပေမယ့် ပုဆိုးဝတ်လေ့ဝတ်ထမရှိတဲ့ ကျွန်တော်ကတော့ စတိုင်ပန်အဖျော့လေးနဲ့ ရှပ်ကိုပဲရွေးချယ်ဝတ်လိုက်ပါတယ်။ ကျွန်တော့်ပုံစံကိုကြည့်ပြီး မေမေကတော့

``သားရယ် တရားစခန်းသွားမှာ ဘောင်းဘီကြီးနဲ့မသွားပါနဲ့ မသင့်တော်ပါဘူး ပုဆိုးလေးဝတ်နော်´´ လို့ အကြံပေးတယ်။

``မေမေကလည်း ကိုယ့်သားအကြောင်းမသိတာကျနေတာပဲ ဘယ်တုန်းက သားဝတ်ဖူးလို့လဲ သားအခုဝတ်ထားတာ သရုပ်ပျက်နေလို့လား ရပါတယ် မေမေရယ် ဘာမှမဖြစ်ဘူး ပုဆိုးဝတ်ရအောင်လည်း သားမှာတစ်ထည်မှမရှိဘူး အကုန်လုံး ဘောင်းဘီတွေချည်း´´

``ဟင် မေမေ၀ယ်ထားပေးတဲ့ ဟာတွေရော´´

``သားမှမ၀တ်တာပဲ ၀တ်တဲ့ သူငယ်ချင်းတွေကိုပေးလိုက်ပြီ´´

``ဟင် ကြည့်စမ်း ကြည့်စမ်း နင်နော် တော်ပြီ တော်ပြီ ငါတရားစခန်းဝင်ခါနီး ဒေါသမဖြစ်ချင်ဘူး နင့်ဟာနင်ဘာပဲ ၀တ်ဝတ် ငါတို့သွားနှင့်ပြီ နောက်ကနေလိုက်လာခဲ့´´

မေမေစိတ်ဆိုးပြီး ထွက်သွားတော့ ကျွန်တော်ဇက်လေးပုပြီးကျန်ခဲ့တယ်။ ပြီးတော့ မှန်ရှေ့သွားရပ်ပြီး ၃လေးပတ်လောက် ကိုယ့်ကိုယ်ကိုလှည့်ကြည့်လိုက်တယ်။ အဆင်ပြေကျေနပ်ပြီဆိုမှ မှန်ကနေခွာလိုက်တယ်။ အိမ်တံခါးတွေ သေချာသော့ခပ်ပြီး ကျွန်တော်အိမ်ရှေ့ထွက်လာလိုက်တယ်။

``ဗွမ်း´´

သွားပြီ။ ကျွန်တော်တစ်ကိုယ်လုံးရေလောင်းခံလိုက်ရတာမို့ သင်္ကြန်ရေမထိချင်တဲ့ကျွန်တော် ဒေါသထွက်သွားပါတယ်။ ရေပက်တဲ့သူကို ဒေါသတကြီးလှည့်ကြည့်တော့ ဖလားခွက်ကြီးကိုင်ထားတဲ့ ကောင်လေးတစ်ယောက်။

``ဟင် မင်း မင်း ဘာလုပ်လိုက်တာလဲ ဒါ´´

``ရေပက်လိုက်တာလေ´´

``ဘာကွ ဒီမှာကြည့်စမ်း ငါက ဘုန်းကြီးကျောင်းသွားမယ့်လူကွ မင်းရေပက်ချင်ရင် လမ်းမကြီးမှာ တခြားသူတွေသွားပက် တောက် မင်းနော် သင်္ကြန်သာမဟုတ်လို့ကတော့ ဆွဲထိုးပစ်တယ်´´

ကျွန်တော့်ကို ကြည့်ပြီး ကောင်လေး အားရပါးရရယ်တယ်။

``ဟဲ ဟဲ ဟဲ ကျွန်တော်ကရော သင်္ကြန်မဟုတ်ပဲလောင်းပါ့မလားဗျ ဘုန်းကြီးကျောင်းသွားမယ်လို့သာပြောတာ ၀တ်ထားတဲ့ ပုံစံကိုလည်းကြည့်ပါဦး ဘုန်းကြီးကျောင်းသွားရင် ဒီလိုဖက်ရှင်နဲ့သွားရတယ်ဗျ´´

သူကိုယ့်သူ ပုတ်ပြီးပြောတော့ ကျွန်တော်ကြည့်လိုက်မိတယ်။ မြန်မာဆန်ဆန်ဝတ်စားထားတဲ့ ပုံစံကိုတွေ့ပေမယ့် ကျွန်တော်နှာခေါင်းရှုံ့လိုက်တယ်။

``ဟေ့ ငါ့ဟာငါ ဘာဖက်ရှင်နဲ့သွားသွား အဆင်ပြေတယ် တောက် မနက်စောစောစီးစီးကွာ ကျက်သရေပဲ´´

ကျွန်တော်ရေရွတ်ပြီး အကျီလှဲဖို့ အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။ အဲဒီ ကောင်လေးကတော့

``စိတ်မဆိုးရဘူးနော် လူကြီး တော်ကြာ သိကြားမင်းရဲ့ ခွေးသရေထဲ နာမည်ပါသွားဦးမယ်´´ လို့ အော်ရင်း ရယ်နေပါတယ်။ ကျွန်တော် သူ့အသံကြောင့် မအောင့်နိုင်တော့ပဲ ခပ်တိုးတိုးကျိန်ဆဲပစ်လိုက်ပါတယ်။

(၅)

အကြိုနေ့

တရားစခန်းမှာ ဆရာတော်ဘုရားဆီက တရားနာပြီး တရားခဏထိုင်လိုက်တော့ စိတ်ထဲငြိမ်းချမ်းသွားလိုက်တာ မနက်က ဒေါသထွက်လာရတာတွေတောင် မေ့သွားသလိုပါပဲ။ စင်္ကြန်လျှောက်တဲ့အချိန်တွေနဲ့ နေ့ခင်းပိုင်းနားချိန်တွေမှာ ကျွန်တော်ဆေးခန်းထဲမှာပဲ အချိန်ပြည့်ရှိနေရပါတယ်။ တရားစခန်းက လူပေါင်း ၂၀၀ ကျော်ရဲ့ ကျန်းမာရေးကို ကျွန်တော်တစ်ယောက်တည်းက စစ်ဆေးကြည့်ရှုရတာဖြစ်လို့ နွေပူပူမှာ အရမ်းပင်ပန်းပါတယ်။ ဆေးခန်းထဲရောက်လာတဲ့သူတွေကို ဆေးထိုးလိုက် ဆေးပေးလိုက်နဲ့ အလျင်မမီနိုင်အောင်ဖြစ်နေပါတယ်။ တရားပေးချိန်ရောက်လို့ ခေါင်းလောင်းတီးလိုက်ပြီဆိုရင်လည်း ကျန်တဲ့သူတွေကို ညနေခင်းဆက်ကြည့်ရပါတယ်။

ဆေးခန်းလေးကို လူကြီးပိုင်းတွေကလွဲပြီး လူငယ်တွေသိပ်မလာကြပါဘူး။ ထူးထူးခြားခြား တစ်ယောက်တော့ ရောက်လာခဲ့ပါတယ်။

``ဆရာ ကျွန်တော်ဗိုက်တွေအောင့်အောင့်နေလို့´´

အဒေါ်ကြီးတစ်ယောက်ကို ဆေးသွင်းနေရင်း ကျွန်တော်က

``အင်း ခဏစောင့်ပေးနော် ကျွန်တော်ကြည့်ပေးမယ်´´ လို့လှမ်းပြောရင်းကြည့်လိုက်တော့

``ဟင် မင်း မင်း´´

``ဟုတ်ပါတယ် ကျွန်တော်ပါ ဗိုက်တွေအောင့်နေလို့ပါ´´

ကြည်လင်စပြုနေတဲ့ ကျွန်တော့်စိတ်တွေ ပြန်ညစ်သွားတယ်။ မနက်ခင်းကမှ ကျွန်တော့်ကို ရေလောင်းထားတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် တရားစခန်းကို ရောက်လာမှန်းမသိ။ အ၀တ်အစားတွေကတော့ မနက်ကအတိုင်း မြန်မာဆန်ဆန် ပုဆိုးနဲ့။ သူ့အလှည့်ရောက်တော့ သူ့ကိုကုတင်ပေါ်လှဲခိုင်းလိုက်ပါတယ်။

``ကဲ ဘယ်လိုဖြစ်တာလဲ´´

``ကျွန်တော်က အစာအိမ်ရှိတယ် ဒီမှာက အချိန်နဲ့အချိန်စားရတာ သိပ်အဆင်မပြေဘူး ခုဗိုက်ထဲအောင့်နေလို့´´

ကျွန်တော် Stheto (နားကြပ်) နဲ့ စမ်းသပ်နေတုန်း

``ဆရာ ကျွန်တော် ဆေးမထိုးချင်ဘူးနော်´´

ကျွန်တော်ရယ်ချင်သွားတယ်။ ဘယ်ရမလဲ။ ကျွန်တော်သူ့ကို အကွက်ဝင်တုန်းပညာပေးမယ်ဆိုပြီး မျက်နှာကိုတင်းလိုက်တယ်။

``ဆေးထိုးမှရမယ် မထိုးရင် အစာအိမ်သွေးကြောတွေ ပေါက်ထွက်သွားနိုင်တယ်´´

``ဗျာ သောက်ဆေးနဲ့ မရဘူးလား´´

``မရဘူး ဟိုဘက်လှည့် အသားဆေးထိုးမယ်´´

ယောက်ျားလေးတန်မဲ့ မျက်နှာကြီးနီရဲနေတဲ့ သူ့ကို ခပ်နာနာလေး ဆေးထိုးပေးလိုက်တော့ ဆေးခန်းကထွက်ခါနီး ကျွန်တော့်ကို တိုးတိုးလေးပြောသွားတယ်။

``ဟွန့် ရေလေးလောင်းမိတာနဲ့ ဇွတ်ကို ဆေးထိုးတာပဲ သူတို့ ဆရာဝန်တွေက အဲလိုပဲ လူနာတွေကို မတည့်ရင် အပ်ကိုင်တော့တာပဲ´´

သူလည်း ဆေးခန်းက ထွက်သွားရော ကြိတ်မှိတ်ထားသမျှ ကျွန်တော်အားရပါးရ ရယ်လိုက်မိတယ်။ ပြီးတော့ ထူးဆန်းတဲ့ ရေစက်ပါလားလို့ ဆေးခန်းလေးထဲမှာတွေးနေမိတယ်။



(၆)

အကျနေ့

တစ်နေ့တည်း ကျွန်တော့်ဆေးခန်းကို သူရောက်လာတာ ၃ကြိမ်ရှိသွားပါပြီ။ ရောက်လာတိုင်းလည်း ဘာမှရေရာသေချာတဲ့ ရောဂါမရှိဘဲ ဟိုလိုလို ဒီလိုလိုအကြောင်းပြချက်တွေနဲ့ပါပဲ။ အရင်ရက်ကတော့ ဆေးခန်းမှာ ပင်ပန်းလွန်းတယ်လို့ ခံစားရသမျှ သူရောက်ရောက်လာတိုင်း ကျွန်တောစိတ်ထဲ အလိုလိုပျော်နေမိပါတယ်။ သူ့ရဲ့ ဟန်ဆောင်ထားတဲ့ ဝေဒနာတွေကို မသိချင်ယောင်ဆောင်ပြီး ကျွန်တော်စမ်းသပ်ကြည့်ရှုပေးနေမိတာပါပဲ။

နေ့လည်ခင်း ကျောင်းဝင်းကြီးထဲမှာ စင်္ကြန်လျှောက်ချိန်မို့ ကျွန်တော်လည်း ခဏဆေးခန်းထဲက ထွက်လာခဲ့ပါတယ်။ အချိန်သင့်အခါသင့် ပွင့်နေတဲ့ ပိတောက်ပင်ကြီးအောက်ရပ်ရင်း ပိတောက်တွေကို ငေးနေမိပါတယ်။

``အင်း ဒီလိုကျတော့လည်း ပိတောက်တွေက ရာသီမှန်သားပဲ´´

တစ်ယောက်တည်းပဲရှိတယ်ထင်ရတဲ့ ပတ်ဝန်းကျင်မှာ သူ့အသံကြားလိုက်လို့ ကျွန်တော်လန့်သွားတယ်။

``ဟင် မင်း ဒီအချိန်က စင်္ကြန်လျှောက်နေတဲ့အချိန်မဟုတ်လား´´

``အင်းလေ ခုလည်းလျှောက်နေတာပဲ´´

``ဟာ တရားမှတ်ရမယ်လေ သွား သွား စကားလာမပြောနဲ့ သတိတွေ အသိတွေနဲ့နေ´´

``အဟဲ သိသားပဲ ၀ိုင် ဒီလိုပြောမယ်ဆိုတာ ဆရာတော်ဘုရားလစ်လို့ပါဗျာ ပြီးတော့ ၀ိုင်နဲ့လည်း စကားပြောချင်လို့ ဆေးခန်းမှာဆိုရင် အမြဲလူရှု့ပ်နေတာနဲ့ မပြောရဘူး´´

``ဘာ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ် ငါ့နာမည်ကိုမင်းဘယ်လိုသိတာလဲ´´

``မခက်ပါဘူး ဆေးခန်းက ဒေါက်တာဝိုင်ရဲ့ သတင်းက ယောဂီတွေဒီလောက်ပြောနေကြတာပဲ သိတာပေါ့´´

``အေး သူတို့ပြောပေမယ့် မင်းမပြောနဲ့ သွားတော့ သြော် တစ်ခုမှာလိုက်မယ် နောက်တစ်ခါဆေးခန်းကို ဟန်ဆောင်ပြီးမလာနဲ့နော် ငါမသိဘူးများထင်နေလား မကောင်းတတ်လို့ နောက်တစ်ခါဆိုရင် မိုးရေထိုးလွတ်မယ်´´

``ဟင် ဘယ်လို ချာဝန်လဲမတိဘူး´´

သူလည်း သွားရော ကျွန်တော်ဆေးခန်းထဲကိုပြန်လာပြီး ပြုံးနေမိတယ်။

ညနေရောက်တော့ ဆေးခန်းမှာ လာတန်းစီကြတဲ့ သူတွေထဲမှာ သူပါလျက်ပဲ။ ထုံးစံအတိုင်းပြုံးစိစိနဲ့ရောက်လာပေမယ့် ဆေးခန်းထဲလည်းရောက်ရော မျက်နှာကရှုံ့လိုက်တာတွေ့ရပါတယ်။ မာယာများပြီ ဆိုတာသိတာမို့ ကျွန်တော်ခပ်တည်တည်ပဲနေလိုက်တယ်။

``ဘာဖြစ်ပြန်တာလဲ´´

``ရင် ရင်တွေ တုန်နေလို့ဆရာ ပြီးတော့ ဒီထဲမှာ အောင့်အောင့်နေတယ်´´

ရင်ဘတ်တစ်နေရာကို ထောက်ပြနေတာမို့ ကျွန်တော်တစ်ဘက်လှည့်ပြီး ပြုံးလိုက်တယ်။

``ဗိုက်အောင့်ရာကနေ ရင်ဘတ်တွေအောင့်လာတာလား´´

အရင်ရက်က ဗိုက်အောင့်လို့ဆိုပြီး ရောက်လာဖူးတာမို့ ကျွန်တော်တမင်ရွဲ့ပြောလိုက်တာပါ။

``ဟုတ်တယ် ဆရာ အဲဒါမျိုးက နေရာရွှေ့တတ်လားဟင် သေချာစမ်းသပ်ပေးပါဦးဗျာ´´

``အင်း ဘယ်နေရာလဲ ပြပါဦး´´

``ဒီနေရာ´´

ပြောလည်းပြော ကျွန်တော်လက်ကိုဆွဲပြီး ထောက်ပြလိုက်တာ ပေါက်ကွဲမတတ်ကြီးခုန်နေတဲ့ ရင်ဘတ်ကြီးက တဒုန်းဒုန်းနဲ့ စမ်းမိပါတယ်။ ကျွန်တော်လည်း အလန့်တကြား တုန်တုန်ရီရီနဲ့ Stheto (နားကြပ်) နဲ့ ထောက်ကြည့်တော့ ကျွန်တော့်နားစည်တွေကွဲထွက်မတတ် ခုန်နေတဲ့ နှလုံးခုန်သံတွေကို ကြားရပါတယ်။ နားထောင်နေရင်း ကျွန်တော်ပါ ရင်တွေခုန်လာသလို ခံစားရပြီး သူ့ကို ကြောင်ပြီး ကြည့်နေမိပါတယ်။ ကျွန်တော်သတိဝင်လာတော့ ရင်ဘတ်ပေါ်ထောက်ထားတဲ့ နားကြပ်က နေရာလွဲနေပြီး ချွေးစေးတွေထွက်ပြီးအေးစက်နေတဲ့ ကျွန်တော့်လက်ကို သူဆုပ်ကိုင်ထားတာကို သိလိုက်ရပါတယ်။

``ဆရာ ဘာဖြစ်သွားတာလဲ´´

``ဟင် ဘာ ဘာ ဘာမှ မဖြစ်ဘူး ဟိုဟာလေ မင်း နှလုံးရောဂါဖြစ်နေတယ်ထင် ထင်တယ်´´

``အဲဒါ ဘာလုပ်ရမလဲ ဆရာ တကယ်နေရခက်နေပြီ ညညလည်း အိပ်မပျော်ဘူး တရားလည်းမှတ်မရဘူး အတွေးတွေလည်း ဘာတွေတွေးနေမိမှန်းမသိဘူး´´

သူပြောနေတုန်း ဆရာတော်ဆေးခန်းဘက်ကို ကြွလာတာတွေ့ရတာမို့ ကျွန်တော်လည်း ပြောမိပြောရာပြောလိုက်ပါတယ်။

``အဲ အဲဒါ ဝေဒနာတွေပေါ်တာပဲ တရားရတာထင်တယ် ဆရာတော့်ကို လျှောက်ပေးမယ်နော်´´

``အာ မ မလုပ်ပါနဲ့ ဆရာရယ် တောင်းပန်ပါတယ် အဲလိုကြီးတော့´´

သူတောင်းပန်နေတဲ့ကြားက ကျွန်တော်ဆရာတော်ဘုရားကို လျှောက်လိုက်တော့ ဆရာတော်ရဲ့နောက်ကို သူပါသွားပါတယ်။ ထွက်သွားခါနီး

``ရက်ချက်တယ်ဗျာ´´ လို့ပြောသွားပါတယ်။

ကျန်တဲ့သူတွေကို ကြည့်ပေးပြီး ဆရာတော်ဘုရားရဲ့ သိမ်ကျောင်းပေါ်လှမ်းကြည့်တော့ ဆရာတော်သူ့ကို တရားစစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်ကြည့်ပြီးရယ်တော့ သူက မျက်နှာမဲ့ပြပါတယ်။ အဲဒီညမှာ ကျွန်တော်လည်း နှလုံးရောဂါရချင်သလိုပါပဲ။ စည်းချက်မမှန်ဘဲ ဆူဆူညံညံခုန်နေတဲ့ ကျွန်တော့်နှလုံးခုန်သံတွေကို နားကြပ်နဲ့ အထပ်ထပ်နားထောင်ရင်း ရောဂါနာမည်ကို စဉ်းစားနေမိတယ်။



(၇)

အကြတ်နေ့ (၁)

မနက်ခင်းတရားစခန်းကိုသွားဖို့ ပြင်ပြီး အိမ်ကစောစောစီးစီးထွက်လာခဲ့ပါတယ်။ မနက်စောစောဆို ရေမကစားကြသေးဘူးဆိုတော့ သင်္ကြန်ရေမထိချင်တဲ့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ ဆေးခန်းကိုရောက်တော့ မနက်စောစော တရားစခန်း ချက်ပြုတ်ရေးအဖွဲ့ကလူတွေ မူးလို့၊ ခါးနာလို့ စတဲ့ ပြသာနာတွေကို ဖြေရှင်းရပါတော့မယ်။ မနေ့က နှလုံးရောဂါသည်လေးတော့ ပေါ်မလာတော့ပါဘူး။ တရားထိုင်သွားတော့လည်း မတွေ့ရပါဘူး။ ဆေးခန်းကိုလာနေကြတဲ့ လူတွေထဲမှာများ မြင်နေကျမျက်နှာလေးနဲ့ အကြံအဖန်လုပ်တတ်တဲ့သူ့ကိုများတွေ့ရနိုးနိုး မျှော်နေပေမယ့် မနက်ခင်းသာပြီးသွားတယ် ပျောက်ချက်သားကောင်းနေပါတယ်။

နေ့ခင်းနားရတဲ့အချိန်လေးမှာ သူနဲ့ဆုံခဲ့ဖူးတဲ့ ပိတောက်ပင်ကြီးအောက်ကို ကျွန်တော်ထွက်လာမိတယ်။ ပိတောက်တွေကို မော့ကြည့်နေတုန်း လေအဝှေ့မှာ ကြွေသွားတဲ့ ပိတောက်ပန်းတွေက ကျွန်တော့်အပေါ်ကို ခပ်ကျဲကျဲကျလာကြတယ်။

``ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ´´

ကျွန်တော်လန့်သွားပြီး လှည့်ကြည့်မိတယ်။

``အာ ဘာဖြစ်တာလဲ ၀ိုင်ရ ကျွန်တော့်ကိုတွေ့တာများ အလန့်တကြားနဲ့´´

``နေစမ်းပါဦး မင်းကဘယ်ကိုပျောက်နေတာလဲ.. ဟင်… ၀တ်ထားတာကလည်း မင်းပြောသလို တရားစခန်းဖက်ရှင်လည်းမဟုတ်ပါလား´´

``အဟဲ ဟုတ်တယ် ကျွန်တော် တရားစခန်းကထွက်လိုက်ပြီဗျ´´

``ဘယ်လို´´

``လာပါ ၀ိုင်ရာ ဆေးခန်းထဲမှာ အေးအေးဆေးဆေးပြောပြမယ်´´

ဆေးခန်းထဲရောက်တော့ ဆရာတော်တရားစစ်တဲ့နေ့က တလွဲတွေဖြေမိကြောင်း၊ တရားစခန်းရောက်နေရတာကလည်း မိဘတွေက အတင်းလာပို့ထားတာဖြစ်ကြောင်း၊ တရားအားထုတ်နေရတာ စိတ်မပါလို့ အစာအိမ်အကြောင်းပြပြီး ထွက်လိုက်ကြောင်း နှင့် ရတနာပုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ကြောင်းတွေကို ပြောပြပါတယ်။



``အင်း မိဘတွေက မနိုင်လို့ လာပို့ထားပုံအရတော့ တော်တော်ဆိုးတဲ့ပုံပဲ´´

``နည်းနည်းပါဗျာ ၀ိုင်ကလည်း´´

``ဒါနဲ့ တရားစခန်းကထွက်ပြီဆိုပြီး ခုဘယ်လိုလုပ် ဒီကိုပြန်ရောက်နေတာလဲ´´

``၀ိုင်နေ့တိုင်း ပင်ပန်းနေတာကို မကြည့်ရက်လို့ ၀ိုင့်ကို လာကူပေးတာ´´

သူ့စကားကြောင့် ကျွန်တော် ရယ်မောလိုက်ပါတယ်။

``ငါ့ကို ကူပေးမယ် ဟုတ်လား ဘယ်လိုကူပေးမှာတုန်း ဆေးခန်းမှာ လာတဲ့သူတွေကို အလှည့်ကျ တန်းစီပေးမှာလား ဘယ်လိုနေရာတွေမှာ ၀င်ကူပေးမှာတုန်း´´

``အဟဲ အဲဒါတော့ ကျွန်တော်လည်းမသိဘူး ဘာပဲလုပ်ရလုပ်ရ လုပ်အားဒါနပေါ့ ၀ိုင့်လိုပဲလေ´´

``လုပ်အားဒါနဆိုလည်း တရားစခန်းမှာ ကူဖို့နေရာတွေအများကြီးပါကွာ ဘာလို့ဆေးခန်းမှာမှ လာကူချင်ရတာလဲ´´

``အာ ၀ိုင်ကလည်း အဲဒီနေရာမှာတွေက သူ့လူနဲ့သူ လုံလောက်ပြီးသားလေ ဆေးခန်းမှာက ၀ိုင်တစ်ယောက်တည်း Run နေရတာ ပြီးတော့ ကျွန်တော်နဲ့က အရင်ဘ၀ကရေစက်ပါခဲ့လို့ ခုလိုလာဆုံတယ် နောင်ဘ၀လည်းရေစက်ဆုံအောင် အတူတူလုပ်အားဒါနပေးကြမယ်လေ´´

သူ့စကားက ဟိုလိုလို ဒီလိုလိုမို့ ကျွန်တော် အရင်ညက နှလုံးရောဂါတောင်ပြန်ထချင်လာသလိုပဲ။

နောက်တော့ ဆေးခန်းမှာ ကူချင်နေတဲ့ သူ့ကို သွေးဖိအားတိုင်းတာ၊ ကိုယ်အပူချိန်တိုင်းတာတွေကို ကျွန်တော်သင်ပေးလိုက်ပြီး ဆေးခန်းကြည့်ချိန်မှာ စောင့်ကြည့်တော့ အဆင်ပြေပါတယ်။ ကျွန်တော်လည်း နည်းနည်းသက်သာသွားသလို နားကြပ်ကြီးကိုဟန်ပါပါနဲ့ လာသမျှလူ Pressure တိုင်းနေတဲ့သူလည်း သဘောတွေကျနေပါတယ်။ သူလာကူနေတဲ့ ညနေအချိန်လေးမှာပဲ Hypoglycemia နဲ့ ရောက်လာတဲ့ အဘွားတစ်ယောက်ကို Glucose ထိုးပေးဖို့ ဆေးပုလင်းလေးကို ခွဲလိုက်တဲ့အခါ အခန့်မသင့်ဘဲ ကျွန်တော့်လက်မနဲ့ပုလင်းစနဲ့ ရှသွားပါတယ်။ အတွင်းထဲထိ ပုလင်းစက ၀င်သွားတာမို့ သွေးတွေအရမ်းထွက်လာပါတယ်။ ကျွန်တော်ဂရုမစိုက်ဘဲ ဒဏ်ရာကို ဂွမ်းနဲ့ဖိကပ် နောက်ပုလင်းထပ်ခွဲပြီး အဘွားကို ဆေးသွင်းပေးနေပါတယ်။ ဆေးသွင်းပြီးတော့ သူရောက်လာတယ်။

``ဟင် ၀ိုင် ဘာဖြစ်တာလဲ´´

``ဆေးပုလင်းရှတာပါကွာ`´

``ဟာ ကျွန်တော့်ကို ပြပါဦး´´

သူကျွန်တော့်လက်ကို အတင်းဆွဲယူပြီး ဒဏ်ရာကိုကြည့်ပါတယ်။

``ဟာ အများကြီးပဲ ၀ိုင်´´

သူပြောလည်းပြော ကျွန်တော့်ဒဏ်ရာက သွေးတွေကို ပါးစပ်နဲ့ငုံလိုက်ပါတယ်။ သူ့အပြုအမူကြောင့် ကျွန်တော်အံ့သြမှင်သက်သွားရပြီး ငေးနေမိပါတယ်။ ထိခိုက်ဒဏ်ရာရရင် တော်တော်နဲ့သွေးမတိတ်တတ်တဲ့ ကျွန်တော့်သွေးတွေ သူ့အာငွေ့ကြောင့်ပဲလား ဘာကြောင့်လားတော့မသိဘူး ခဏနေတော့သွေးတိတ်သွားပါတယ်။ သူကိုယ်တိုင် ပတ်တီးစည်းပေးပြီးတဲ့နောက် ဆေးခန်းထဲမှာ ဆက်ပြီးတော့ လုပ်နေရပေမယ့် ကျွန်တော့်စိတ်တွေဘာတွေဖြစ်နေမှန်းကိုမသိတော့ပဲ စိတ်နဲ့လူမကပ်တော့ပါဘူး။ ညအိမ်ပြန်ရောက်ပြီး ညည့်နက်တဲ့အထိ အိပ်မပျော်နိုင်ဘဲ ကျွန်တော်သူ့အကြောင်းတွေတွေးနေမိရင်းက ညနေခင်းက အဖြစ်အပျက်တစ်ခုမှာ ကျွန်တော်အံ့သြသာယာမိသွားတယ်ဆိုတာကို ကိုယ့်ကိုယ်ကို ဆန်းစစ်မိသွားပါတယ်။ ညည့်နက်လာပေမယ့် အိပ်မပျော်နိုင်တဲ့ ကျွန်တော် အိပ်ဆေးသောက်အိပ်လိုက်ပါတယ်။ ဒါပေမယ့် သူ အိပ်မက်ထဲထိ ပါလာခဲ့တယ်။

Tuesday, February 19, 2013

မြန်မာ့ဆက်သွယ်ရေးနှင့်ဟစ်တလာ

ဘာသာပြန်ကောင်းကောင်းနဲ့ သရုပ်ဆောင်ကောင်းတွေပါဝင်ထားတဲ့ ဇာတ်လမ်းတိုလေးပါ :)

Sunday, February 17, 2013

"မိန်းမ" အသုံးပြုပုံရှင်းလင်းချက် (Manual Guide)


【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီစသောအရာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ်ခြားနားကြောင်း တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင် တစ်ခုသာအသုံးပြုရမည်။ အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည်အသုံးပြုနိုင်သည်။

【သတိထားရမည့်အချက်】 ဤပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသားများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ဤပစ္စည်းကြောင့် ဘေးဖြစ်မည့်အခြေအနေသို့ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။ အရက်ဆေးလိပ်မသောက်ဘဲ အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် ၄၅ကီလိုမှ ၅၅ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။

【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်"ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်းမပြုရန် အထူးတားမြစ်သည်။

【အထုပ်အပိုး】ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ

【အထူးအသိပေးချက်】

(၁) အိမ်ထောင်မကျသေးသောအမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံ ရှင်းလင်းချက်ကို  သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာအသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့်အတိုင်း လိုက်နာအသုံးပြုရမည်။

(၂)  ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန်မသင့်ပါ။

(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့်တပြိုင်တည်း အသုံးမပြုရန် အထူးတားမြစ်သည်။

(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော ပစ္စည်းဖြစ်လျှင် ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။

(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ်မပြည့်သူများ ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။

မူရင်း-- http://tieba.baidu.com/f?kz=39108473

Saturday, February 16, 2013

တော်လိုက်တဲ့ဘာသာပြန်

ကိုရီးယားသီချင်းကို ဘာသာပြန်ကောင်းကောင်းလေးနဲ့ ခံစားလိုသူများအတွက်..

Friday, February 15, 2013

မိန်းမ မရှိတဲ့ ….ကမ္ဘာ










(၁)



ဘုရားသခင်ဖန်ဆင်းထားသော ယောက်ျားနှင့်မိန်းမဟူသည့် လူသားတို့နေထိုင်ကြသော ကမ္ဘာမြေ၏ အခြားတစ်ဖက်တွင် ယောက်ျားများသာ ရှင်သန်နေထိုင်သော ကမ္ဘာတစ်ခုရှိနေသည်။ ၄င်း ကမ္ဘာမှ အမျိုးသားများသည် လူ့ ကမ္ဘာမြေ၏ အမျိုးသားများနှင့် ခန္ဓာကိုယ်အချိုးအစားတူသည်မှလွဲ၍ အရည်အချင်းများက မည်သို့မျှ မသက်ဆိုင်။ လူသားများက Globilization ခေတ်တွင် ကမ္ဘာကြီးအား ရွာကြီးဟု ကြွေးကြော်နေချိန်တွင် ယောက်ျားကမ္ဘာ၌ ကမ္ဘာကြီးကိုမူ ၎င်းရွာကြီးထဲက တဲအိမ်တစ်ခုဟုသာ သဘောထားကြသည်။ တစ်ရက်လျှင် အဘက်ဘက်မှ တိုးတက်ခေတ်မီနေမှုများက လူသားများ၏ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုနှင့် ညီမျှသည်။ ငြိမ်းချမ်းစွာ နေထိုင်လျက် ပြည့်စုံကြွယ်ဝနေကြသော ယောက်ျားကမ္ဘာသည် လူသားများ မျှော်လင့်တောင့်တနေကြသည့် သုခဘုံ (Paradise) တစ်ခုနှင့် တူပေသည်။



(၂)



ယောက်ျားချင်းသာ ပေါင်းဖက်နေထိုင်ကြသော ကမ္ဘာကြီးတွင် မျိုးဆက်ပြန့်ပွားရေးအတွက်လည်း ပူစရာမလို။

အိမ်ထောင်ပြုကြသော အမျိုးသားနှစ်ယောက်ထံမှ မျိုးရိုးဗီဇနှင့် ၎င်းတို့နှင့်သက်ဆိုင်သော ရင်သွေးတစ်ဦးကို လွယ်ကူစွာ ဖန်တီးယူနိုင်၏။ အံမခန်းလောက်အောင် တိုးတက်နေသော ကမ္ဘာ၌ ယောက်ျားများ၏ စွမ်းရည်ဖြင့် တီထွင်ကြံဆမှုများကြောင့် ယနေ့နှင့် မနက်ဖြန်ကြား၌ပင် များစွာ ပြောင်းလဲတိုးတက်လျက်ရှိသည်။

ဤသို့ ကဏ္ဍပေါင်းစုံမှ တိုးတက်မှုများဖြင့် ဟန်ချက်ညီညီ တိုးတက်နေသော ယောက်ျားကမ္ဘာတွင် ပြင်းထန်ဆိုးရွားသော အလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့မည့် နေ့တစ်နေ့ ကျရောက်လာခဲ့သည်။



(၃)



ထိုနေ့တစ်နေ့ကို အစပြုသူမှာ မျိုးဆက်ပွားသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။

ဖော်မြူလာအသစ်ဖြင့် လက်ဆော့ခြေဆော့၍ မျိုးပွားကြည့်ရာမှ ထူးဆန်းသော လူနှင့်တူ၍ ယောက်ျားနှင့်မတူသော အမျိုးအမည်မသိ လူသားတစ်ဦးကို ရရှိလာခဲ့သည်။ ၎င်း၏ တွေ့ရှိမှုကို ဂုဏ်ယူစွာဖြင့် သတင်းမီဒီယာများထံ ဖွင့်ချရာမှ သက်ရှိမျိုးစိတ်အသစ်မှာ ယောက်ျားကမ္ဘာမှ အမျိုးသားများ၏ စိတ်အ၀င်အစားဆုံး သတင်းတစ်ခုဖြစ်လာခဲ့သည်။ မည်ကဲ့သို့ အမည်ပေးရမှန်း မသိနိုင်သော သက်ရှိမျိုးစိတ်အပေါ် ထင်မြင်ချက်အမျိုးမျိုးဖြင့် ကောက်ချက်ချကုန်၏။

တချို့မှာမူ လှပတင့်တယ်သော ယောက်ျားမဟုတ်သည့် လူသားဟု လည်းကောင်း၊ တချို့မှာမူ ယောက်ျားများအင်္ဂါနှင့်မတူဘဲ ပိုနေ လိုနေသော အင်္ဂါနှင့်လူဟု လည်းကောင်း၊ ပေါင်မုန့်ကဲ့သို့ အထိအတွေ့ရှိပြီး လည်ပင်းတွင် အစေ့မပါဘဲ ကြွက်သားကျစ်လစ်ခိုင်မာမှု မရှိသည့် အဆီလွှာများသောလူဟု လည်းကောင်း အမျိုးမျိုး ပြောဆို ငြင်းခုန်ကြကုန်၏။ အိမ်တွင်အလှထား၍ အခိုင်းအစေအဖြစ် အသုံးချရန်သင့်ကြောင်း အကြံပြုချက်များလည်း ပါသေး၏။

သက်ရှိအသစ်ကို ရှာဖွေတွေ့ရှိထားသော သိပ္ပံပညာရှင်ကြီးကမူ အုတ်အော်သောင်းနင်း ဖြစ်နေကြသော အမျိုးသားများကို ပြုံးပြုံးကြီး စိုက်ကြည့်နေသည်။



(၄)



ယောက်ျားကမ္ဘာ၌ အသစ်တွေ့ရှိလိုက်သော သက်ရှိကို စီးပွားရေးအမြင်ရှိသော သိပ္ပံပညာရှင်ကြီးက ``မိန်းမ´´ ဟု အမည်တပ်၍ ဈေးကွက်ထဲသို့ ရောင်းချရန်ပြင်ဆင်တော့သည်။ သိပ္ပံပညာရှင်ကြီး ကိုယ်တိုင်လည်း တွေ့ရှိထားသော သက်ရှိ၏ အသုံးဝင်မှုနှင့် ဘေးထွက်ဆိုးကျိုးကို သေချာစွာ မသိသေးသောကြောင့် ဈေးကွက်ထဲသို့ Trial Version ဖြင့်သာ ဖြန့်ချိလိုက်၏။ ဂျာနယ်၊ မဂ္ဂဇင်း၊ မီဒီယာမှန်သမျှတွင် Hot နေသော မိန်းမသက်ရှိမှာ ပရိုမိုးရှင်းအထူးလုပ်စရာမလိုဘဲ ရောင်းတန်းဝင်ပစ္စည်းဖြစ်သွားရုံမက လက်ကျန်မရှိလောက်အောင်ပင် ဈေးကွက်ထဲ၌ ပြတ်လပ်သွားလေတော့သည်။ သိပ္ပံပညာရှင်ကြီးမှာလည်း အကြီးအကျယ်သဘောကျသွားပြီး မိန်းမများ ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လေတော့သည်။ ယောက်ျားကမ္ဘာအတွင်းက အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ထိုမိန်းမပစ္စည်းမှာ Export ကုန်အဖြစ်ပါ တွင်တွင်ကျယ်ကျယ်ရောင်းချရလေတော့သည်။ ဤသို့ဖြင့် မိန်းမမှာ အိမ်တိုင်းတွင် မရှိမဖြစ်ဆောင်ထားကြသော အသုံးအဆောင်တစ်ခုဖြစ်လာခဲ့သည်။



(၅)



မိန်းမဟုခေါ်သော သက်ရှိများ လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက်တွင် ယောက်ျားကမ္ဘာ၌ ထူးဆန်းသောအပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်လာသည်။ အလှကုန်ပစ္စည်း ကုမ္ပဏီများရောင်းအားတက်လာပြီး အ၀တ်အထည် ကုမ္ပဏီများမှာလည်း မိန်းမဟူသော သက်ရှိအတွက် ထူးဆန်းသော အ၀တ်အစားများရောင်းချပြီး အကျိုးအမြတ်ရကြကုန်၏။ ထို့ပြင် မိမိတွင် ပါလာသော ဗြူတီများကို ပြုပြင်ပေးသော ဗြူတီပါလာများနှင့် ရှိပြီးသား ဒီဇိုင်းကို နာအောင်လုပ်သော ဒီဇိုင်းနာများမှာ လက်မလည်အောင် အလုပ်ဖြစ်ကုန်ကြသည်။ ဆေးပညာဘက်တွင်လည်း အပြောင်းအလဲများစွာဖြစ်ပေါ်လာ၏။ အိုဂျီဟုခေါ်သော ဆေးပညာအသစ်ထွန်းကားလာ၏။ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ကြီးများထံတွင်လည်း လူနာဦီးရေတိုးပွားလာ၏။ နားရောဂါများ အများဆုံးဖြစ်ပြီး အံ့သြစရာတစ်ခုမှာ လူနာများအားလုံးသည် ယောက်ျားများသာ ဖြစ်ကြသည်။ စိတ်ရောဂါအထူးကုဆရာဝန်များထံတွင်လည်း ယောက်ျားလူနာများ တဖြည်းဖြည်း တိုးပွားလာ၏။ ကျန်းမာရေးကိုအလေးထားသော ဆရာဝန်များမှာ အကြောင်းရင်းကို စတင်ဆန်းစစ်ကြလေသည်။ ထို့အတူ ရဲများမှာလည်း ရုတ်တရက် နိုင်ငံအတွင်း ပေါများလာသော ရာဇ၀တ်မှုများ၏ အကြောင်းရင်းကို အပူတပြင်း လိုက်လံစုံစမ်းကြကုန်၏။



(၆)



သက်ရှိအသစ်ကို ဖန်ဆင်းခဲ့သော သိပ္ပံပညာရှင်ကြီးမှာ ၀ယ်ယူအားပေးသူများထံမှ feedback ကို အချိန်အနည်းငယ်အတွင်းမှာပဲ ကြားသိရပါတော့၏။

ယောက်ျားအိမ်ထောင်များတွင် မိန်းမရှိခြင်းကြောင့် နေ့စဉ်ပြသာနာများဖြစ်ရကြောင်း၊ သက်ရှိတစ်ဦးကို ကိုယ်ဝန်ဆောင်မွေးဖွားပေးနိုင်သည်မှန်သော်လည်း ၁၀ လတိုင်ကြာသဖြင့် အဆင်မပြေကြောင်း၊ ၁၀ လအတွင်း ရှု့ပ်ထွေးသော အိုဂျီပြသာနာများနှင့်လည်း မကြာခဏကြုံတွေ့ရကြောင်း သိရသကဲ့သို့ ရင်သွေး (ယောက်ျား) လေးများမှလည်း အဆိုပြုချက်များရရှိခဲ့သည်။

၎င်းအဆိုပြုချက်များတွင် ပေါက်စီနှင့်တူသော အရာမှထွက်သည့် နို့ရည်မှာ အရသာမရှိကြောင်း၊ ကိုက်ချင်စရာကောင်းသောကြောင့် မစုပ်ဘဲ မတော်တဆကိုက်မိပါက မကြာခဏ ရိုက်ပုတ်ခြင်းခံရကြောင်း၊ သို့ဖြစ်ပါ၍ စိတ်ကြိုက်ကိုက်နိုင်ပြီး အရသာရှိလှသည့် ချိုလိမ်တပ်ထားသော Ready Made နို့ရည်များသာ စိတ်အေးစွာ သောက်သုံးလိုပါကြောင်း၊ ဖခင်များအား ဆူပူရုံမက အလှအပသာ ဂရုစိုက်ပြီး ကလေးသူငယ်များအပေါ်လည်း အကြင်နာကင်းမဲ့ကြောင်း၊ လွန်စွာမျက်နှာများ၍ အိမ်သုံးတစ်ခုတင်မကဘဲ အများသုံးဖြစ်နေကြောင်း၊ ပုခက်လွှဲသော လက်သည် ကမ္ဘာကိုလွမ်းမိုးနိုင်သည်ဟူသည့် ကြီးကျယ်သော (မဟုတ်မှန်သော) စကားများကိုပယ်ဖျယ်ပေးစေလိုကြောင်း တို့ ပါဝင်လေသည်။

အထက်ပါအဆိုပြုချက်များ ထွက်ပေါ်လာပြီးနောက်တွင် လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေသော ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီး မိန်းမသက်ရှိအားထုတ်လုပ်ခွင့်မှာ Side Effects များသောကြောင့် ရပ်ဆိုင်းခံလိုက်ရတော့သည်။



(၇)



အဆင်ပြေစွာ ရပ်တည်လာခဲ့သော ယောက်ျားကမ္ဘာ၌ သက်ရှိဂေဟစနစ်ကိုပါ ပျက်စီးလာနိုင်သော အကြောင်းတရားများဆက်တိုက် ပေါ်ပေါက်လာသည်။ WHO အဖွဲ့အစည်းမှာလည်း ဗျစ်တောက် ဗျစ်တောက်ဖြင့် ဆူပူမှုကြောင့် အကြားအာရုံထိခိုက်လာသော အမျိုးသားများနှင့် စိတ်ရောဂါဝေဒနာသည်များ တိုးပွားလာမှုအပေါ် စိုးရိမ်တကြီး ဖြစ်လာကြသည်။ ခေတ်မီတိုးတက်မှုကို ဖော်ဆောင်သည့် အမျိုးသားများတွင် ကျန်းမာရေးသည်လည်း အရေးကြီးသောကြောင့် WHO အဖွဲ့မှာ အရေးပေါ် အစည်းအဝေးအဖြစ်သတ်မှတ်ပြီး ထိပ်တန်း ဆွေးနွေးမှုများပြုလုပ်ကြသည်။ မိန်းမများ၏ မာယာများမှု၊ ချွန်တွန်းလုပ်မှုများကြောင့် ဖြစ်ပေါ်လာသော ရာဇ၀တ်မှုများနှင့် ထိန်းမနိုင် သိမ်းမရဖြစ်နေသော ရဲစခန်းများနှင့် တရားရုံးများမှာလည်း ဒုက္ခတွေ့နေကြသည်။ အလှကုန်ပစ္စည်းများနှင့် ဆန်းပြားသော အသုံးအဆောင်များ တွင်ကျယ်လာမှုကြောင့် ဓါတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်း အန္တာရယ်များကို ပတ်ဝန်းကျင်ထိန်သိမ်းရေး အဖွဲ့အစည်းများမှ တင်ပြဆွေးနွေးလာကြသည်။ အဆိုးဆုံးမှာ မိန်းမများ၏ လစဉ်သုံးသော တောင်ပံပါသည့် ပစ္စည်းများစွန့်ပစ်မှုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေကြောင်းများပါ ပါဝင်သည်။ ၎င်းအခြေအနေများနှင့် ဂယက်ရိုက်နေပါသော်လည်း ယောက်ျားကမ္ဘာရှိ အာဏာပိုင်အဖွဲ့အစည်းများမှာ ထိရောက်သော အရေးယူမှုများဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

သို့သော် ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေးကို မိန်းမများမှ တင်ပြတောင်းဆိုလာပြီး အုပ်ချုပ်ခွင့် အာဏာပါ တောင်းဆိုလာသောအခါမှ အာဏာတည်မြဲလိုသော အမျိုးသားများမှာ ထိုအချိန်မှစ၍ မိန်းမဆန့်ကျင်သူများနှင့် ပူးပေါင်းပါဝင်လာတော့သည်။



(၈)



အထက်ပါ အဖြစ်အပျက်များဖြစ်ပွားပြီး မကြာသော အချိန်ကာလအတွင်း ယောက်ျားကမ္ဘာတစ်ခုလုံး၏ တူညီသော ဆုံးဖြတ်ချက်ဖြင့် မိန်းမဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို သတ်မှတ်နိုင်လိုက်ကြသည်။ ကနဦး၌ မိန်းမများ၏ မျက်ရည်ခံထိုး အသနားခံမှုများကို ငဲ့ညှာထောက်ရှု၍ 3R စနစ်ဖြစ်သော (Reduce, Reuse, Recycle) စနစ်ကို ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း အဘက်ဘက်မှ ပြန်လည်သုံးသပ်ကြည့်ပြီး မဖြစ်နိုင်ကြောင်း ငြင်းဆိုလိုက်ကြသည်။ ဖန်တီးခဲ့သူ သိပ္ပံပညာရှင်နှင့်တကွ မိန်းမအားလုံးကို ဖျက်စီးပစ်လိုက်ကြသည်။ အရင်အတိုင်း အဆင်ပြေသွားသော ကမ္ဘာကြီးတွင် ယောက်ျားများသာ ငြိမ်းချမ်းစွာ ကျန်ရစ်သည်။ သို့သော် တစ်ခုအံ့သြဖို့ကောင်းသည်မှာ မိန်းမများကြောင့် ကမ္ဘာဂြိုလ်၏ တိုးတက်မှုမှာ ရာစုနှစ်တစ်ခုစာ နောက်ကျကျန်ခဲ့ကြောင်းကို ယူကျုံးမရစွာ သိရှိလိုက်ကြသည်။

ယောက်ျားကမ္ဘာတွင် အထက်ပါ အဖြစ်အပျက်များဖြစ်ပွားခဲ့ပြီးနောက် အခြေခံပညာကျောင်းများတွင် သင်ကြားသော သမိုင်းနှင့် မြန်မာစာကဲ့သို့သော ပြဋ္ဌာန်းစာအုပ်များထဲတွင် အောက်ပါ အကြောင်းအရာများ ပါဝင်လာခဲ့သည်။



-မိန်းမတစ်ယောက်အတွက် အချိန်ဖြုန်းခြင်းသည် တန်ဖိုးမဲ့သော လူများ၏ အလုပ်ဖြစ်သည်။

-မိန်းမဟူသည့် ထိုငတိကား မရှိကောင်း၊ ရှိလျှင် မကောင်း

-မိန်းမအကြောင်း တွေးတောခြင်းဖြစ်စေ ပတ်သက်ရန်ကြိုးစားခြင်းဖြစ်စေ ပြုလုပ်သူများမှာ စိတ်ရော ကိုယ်ပါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

(ပြဋ္ဌာန်းစာအုပ်များထဲမှ အနည်းငယ်ကိုသာ ကောက်နှုတ်ဖော်ပြပါသည်။)



ထို့နောက် ထို့နောက်တွင်……..

ယောက်ျားကမ္ဘာ၌ ယောက်ျားများက မိန်းမသက်ရှိကိုအောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သူများအဖြစ် အမြဲဂုဏ်ယူနေကြပြီး ဆက်လက်၍ ယောက်ျားချင်းသာ သစ္စာရှိရှိ ချစ်ချစ်ခင်ခင် လက်တွဲသွားကြလေသည်။

စာကြွင်း။ ။ ထူးခြားချက်တစ်ခုမှာ မိန်းမများ ပပျောက်သွားပြီးနောက်တွင် မိန်းမဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို အခြားနေ့များကဲ့သို့ နှစ်စဉ်မကျင်းပကြပဲ သတိပင်မရကြလျက် မေ့ပျောက်ထားကြောင်း သိရပါသည်။



ပြီး။


Friday, February 8, 2013

အမျိုးသားတို့ စတိုင်ကျလှပဖို့




၁။ ရှုးဖိနိပ်

မိမိနှင့်သင့်တော်သော ရှုးဖိနပ်ကိုရွေးချယ်ပါ။ ၀တ်စားထားသော အ၀တ်အစားနှင့် မလိုက်ဖက်သော ရှုးဖိနပ်ကို ရှောင်ပါ။ သင့်ကို အရုပ်ဆိုးစေပါလိမ့်မယ်။ အရောင်တစ်မျိုးတည်းသော ရှုးဖိနပ်များ ဥပမာ- အမဲရောင်၊ အဖြူရောင်၊ အညိုရောင် သည် သင်ရွေးချယ်ဝတ်ဆင်ထားသော အ၀တ်အစားတော်တော်များများနှင့် လိုက်ဖက်စေတာမို့ ရွေးချယ်သင့်ပါတယ်။ မိမိဝတ်ဆင်ထားသည့် ဖိနပ်သည် ရှုး (သို့) တခြားအမျိုးအစားဖိနပ်များဖြစ်စေကာမူ သန့်ရှင်းစွာ ရှိနေခြင်းက သင်စတိုင်ကျ လှနေဖို့ ကူညီပါလိမ့်မယ်။

၂။ အ၀တ်အစား

မိမိနှင့် အမှန်တကယ် သင့်လျော် လိုက်ဖက်သော အ၀တ်အစားများကို ရွေးချယ်ပါ။ လှုပ်ရှားသွားလာနေချိန်မှာလည်း သက်တောင့်သက်တာဖြစ်စေသော အ၀တ်အစားများကို ၀တ်ဆင်ပါ။

၃။ သန့်ရှင်းမှု

လျှော်ဖွပ် သန့်စင်ထားသော အ၀တ်အစားများကို သပ်ရပ်စွာ ၀တ်ဆင်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် သပ်ရပ်စွာ ၀တ်စားတတ်မှုက သင့်ပင်ကိုယ် အလှကို ပိုတောက်ပလာအောင် အရောင်တင်ပေးပါလိမ့်မယ်။

၎။ အရောင်

မိမိ အသားအရောင်နှင့် လိုက်ဖက်သော အ၀တ်အစားနှင့် မိမိရဲ့ အလှကို ပေါ်လွင်စေသော အရောင်ကို ရွေးချယ်သင့်ပါတယ်။ မိမိ မျက်လုံးအရောင်ပေါ်မူတည်ပြီး အ၀တ်အစားအရောင်ကို ရွေးချယ်တတ်ရပါမယ်။ ဥပမာ- မျက်လုံးပြာတဲ့ အမျိုးသားများဟာ အစိမ်းရောင် သို့မဟုတ် အပြာရောင် ရှပ်များနှင့် လွန်စွာ လိုက်ဖက်တာကို တွေ့ရပါတယ်။

၅။ ကိုယ်နေဟန်ထား

လူကြားထဲ သွားလာလှုပ်ရှားတဲ့အခါ မိမိရဲ့ ကိုယ်နေဟန်ထားကို သတိပြုရပါမယ်။ ပြီးတော့ မိမိ ၀တ်စားထားတဲ့ ၀တ်စားပုံကိုလည်း အသေးစိတ် ဂရုပြုသင့်ပါတယ်။ ကြယ်သီးများ လျော့တွဲနေတာမျိုး အ၀တ်အစားတွေမှာ ပေါက်ပြဲနေတာမျိုးကို သတိပြုရှောင်ရှားသင့်ပါတယ်။ ရှုးစီးတဲ့ အမျိုးသားများအနေနဲ့ အထက်မှာပြောခဲ့သလို ဂရုပြုသင့်ပြီး ရှုးနဲ့တွဲစီးမယ့် ခြေအိတ်တွေကိုပါ သေချာဂရုစိုက်သင့်ပါတယ်။

http://www.ehow.com



Saturday, February 2, 2013

မျက်နှာလေးလှဖို့ နည်းလမ်း (၁၀) ချက်



၁။ သန့်ရှင်းစွာထားပါ


မျက်နှာအလှကို ထိခိုက်စေတဲ့ ၀က်ခြံတွေအတွက် ရိုးရှင်းပြီး ထိရောက်စေတဲ့ နည်းလမ်းလေးကတော့ အိပ်ရာမ၀င်ခင် သန့်ရှင်းစွာ မျက်နှာသစ်ပေးတာပါပဲ။ ဈေးကွက်ထဲမှာလဲ အမျိုးသားများအတွက် အမျိုးမျိုးသော မျက်နှာသစ်များ ရှိနေတာမို့ မိမိနှင့်သင့်တော်တဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၂။ ဓါတုပစ္စည်းများကို ရှောင်ပါ


ဓါတုပစ္စည်းများပါဝင်သော အလှကုန်မှန်သမျှကို တတ်နိုင်သရွေ့ရှောင်ပါ။ သဘာဝမှထွက်ရှိသော ပစ္စည်းများကို အခြေခံပြုလုပ်ထားသော အလှကုန်များကို အသုံးပြုပါ။ သင့်မျက်နှာလေးလှပလာဖို့ ကူညီပါလိမ့်မယ်။

၃။ မျက်နှာကို မှန်မှန်သန့်ရှင်းပါ


ဓါတုပစ္စည်းများပါဝင်မှု နည်းသော ဆပ်ပြာရည်ဖြင့် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် သန့်ရှင်းပေးပါ။

၎။ အသုံးပြုသော ဆပ်ပြာကို သတိထားပါ


ဆပ်ပြာခဲကို အခြေခံတဲ့ အနံ့အသက်ပျောက်ဆေးတွေကို အသုံးမပြုသင့်ပါဘူး။ ဈေးကွက်ထဲမှာ မိမိအသားအရေနှင့်လိုက်ဖက်သော ပစ္စည်းကို သေချာစွာ ၀ယ်ယူအသုံးပြုသင့်ပါတယ်။

၅။ မျက်နှာပေါ်မှ ဆဲလ်အသေများကို ဖယ်ရှားပါ


ကောင်းမွန်သော Facial Scrub ကို အသုံးပြုပြီး တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ပွတ်တိုက်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားနိုင်ပါတယ်။ မျက်နှာလေး ၀င်းပလာဖို့ အကူအညီပေးနိုင်မှာပါ။

၆။ အစိုဓါတ်ကို ထိန်းသိမ်းပါ


မျက်နှာလေး စိုနေစေဖို့ Moisturizer ကောင်းကောင်းတစ်ခုကို အသုံးပြုသင့်ပါတယ်။ မိမိ ရွေးချယ်မယ့် Moisturizer မှာ Amino acids, panthenol, hyaluronic acid ပါသော အမျိုးအစားကို ရွေးချယ်ပါ။ သင့်မျက်နှာလေး စိုပြေလှပစေဖို့ သင့်ကို ကူညီပါလိမ့်မယ်။

၇။ Toner ကို အသုံးပြုပါ


အမျိုးသားသုံး Toner များ ဈေးကွက်ထဲမှာရှိနေပါပြီ။ ရွေးချယ်ဝယ်ယူတဲ့အခါ လျှာစောင်းလက်ပတ်နှင့် ဗီတာမင် ကြွယ်ဝတဲ့ အမျိုအစားများက သင့်မျက်နှာ အသားအရေညီညာ လှပမှုကို ပြသပေးပါလိမ့်မယ်။

၈။ မျက်နှာကို ပေါင်းတင်ပေးပါ


မျက်နှာပေါင်းတင်ခြင်းဟာ အမျိုးသမီးများသာ လုပ်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ သဘာဝသစ်ဥများနှင့် လည်းကောင်း၊ သဘာဝနှင့်နီးစပ်သော ပေါင်းတင်ဆေးများနှင့် လည်းကောင်း တစ်ပတ်ကို တစ်ကြိမ်လောက် ပေါင်းတင်ပေးခြင်းဖြင့် သင့်မျက်နှာ နုပျိုလှပမှုကို သင်ကိုယ်တိုင်တွေ့မြင်လာပါလိမ့်မယ်။

၉။ မျက်နှာပေါ်မှ အမွှေးအမျှင်များကို သန့်ရှင်းပါ


အမွှေးအမျှင်များကို သန့်ရှင်းရာမှာ လျှာစောင်းလက်ပတ် ကို အသုံးပြုပေးခြင်းဖြင့် ပူလောင်မှုကို သက်သာစေပြီး နူးညံ့အေးမြတဲ့ အထိအတွေ့ကို ခံစားရပါလိမ့်မယ်။

၁၀။ နှုတ်ခမ်းသားကို ဂရုပြုပါ


အမျိုးသမီးများသာ နှုတ်ခမ်းကို ဂရုစိုက်ရတာမဟုတ်ပါဘူး။ အမျိုးသားများအတွက်လဲ ဂရုပြုသင့်ပါတယ်။ အရောင်ကင်းတဲ့ ရေဓါတ်ကို ထိန်းသိမ်းပေးတဲ့ Lip Balm လေးရှိထားခြင်းကလည်း နှုတ်ခမ်းအက်ကွဲခြင်း ခြောက်သွေ့ခြင်းများကို ကာကွယ်ပေးပြီး သင့်နှုတ်ခမ်းလေး လှပနေပါလိမ့်မယ်။



Ref: http://www.ehow.com







ရန်ကုန်မှာဆိုရင်…………




(၁)

မဖြစ်သေးဘဲ စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်ရပ်တွေအတွက် ကျွန်တော်တို့ ပြောတဲ့ စကားတွေမှာ ….ဆိုရင်/…..လျှင် ဆိုတဲ့ စကားလုံးတွေ သုံးတတ်ကြပါတယ်။ ကျွန်တော်ပြောပြမယ့် လူတစ်ယောက်ကတော့ ………ဆိုရင် ဆိုတဲ့ စကားလုံးကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်တဲ့နေရာမှာ ပိုသုံးတတ်ပါတယ်။ အရင်ကတော့ ဒီအသုံးအနှုန်းကို သူတစ်ယောက်တည်းကပဲ ရွတ်ဆိုပြောပြတတ်တာပါ။ နောက်ပိုင်းမှာတော့ သူနဲ့ ပတ်သက်ပြီး ကျွန်တော်ပါ သူ့အသုံးအနှုန်းတစ်ခုကို ပြောဆိုမိခဲ့ပါတယ်။

(၂)

``အေးလိုက်တာနော်`´

``အင်း မန္တလေးက အေးတယ်´´

``ရန်ကုန်မှာဆိုရင် မအေးဘူး´´

ဒီဇင်ဘာလရဲ့ ညပိုင်းမှာ ဆိုင်ကယ်နောက်က စီးလာရင်း ကျွန်တော့်ကို လှမ်းပြောနေတဲ့ သူ့အသံတွေက နှာစေးအအေးမိထားတဲ့ လူတစ်ယောက်ရဲ့ အသံနဲ့ပါ။

``အမှန်တကယ်ဆို ရန်ကုန်က ပင်လယ်နဲ့ နီးတော့ ရာသီဥတုက ပိုအေးရမှာ မဟုတ်လား´´
``ဘာမှမဟုတ်ဘူး ရန်ကုန်က သမပိုင်းဇုံ မန္တလေးက လွင်ပြင်ဆိုပေမယ့် တောင်တွေကာထားတော့ အေးတာ´´

မန္တလေးမှာနေထိုင်တဲ့ ကျွန်တော်ကတော့ ရန်ကုန်သားကို ဘာမှဆက်ငြင်းမနေဘဲ ပြောသမျှ လက်ခံပေးလိုက်ပါတယ်။

`` Diamond Plaza က အကြီးဆုံးလို့ပြောတယ် အဲဒီကို လိုက်ပို့´´
``အိုကေ´´

Plaza ထဲရောက်တာနဲ့ ရန်ကုန်သားတစ်ယောက်ကတော့ စပြီး တတွတ်တွတ်နဲ့ ပြောပါတော့တယ်။

``ဟင်း အကြီးဆုံး Plaza လို့သာ ပြောတာ ဘာမှလည်း စုံစုံလင်လင်မရှိဘူး ရန်ကုန်မှာဆိုရင် ဒီလိုမဟုတ်ဘူး Plaza တွေက Shopping ထွက်လို့ သိပ်ကောင်းတာ´´

ဖိနပ်ဆိုင်တွေ ရောက်ပြန်တော့လည်း

``ဟင်း ကြည့်ပါဦး ဖိနပ်တွေက ဘာမှလည်း မစုံဘူး ရန်ကုန်မှာဆိုရင် ဒီလို မဟုတ်ဘူး´´
``မဟုတ်ဘူးလေ ဒီမှာက နေရာကျဉ်းကျဉ်းမှာ Products နည်းနည်းပဲ ချပြထားတာ items တွေ မစုံနိုင်ဘူး လိုချင်ရင် Show Room သီးသန့်တွေဆီ လိုက်ပို့ပေးမယ်´´

အရုပ်လေးတွေ ပြထားတဲ့ နေရာကိုလည်း အလွတ်မပေး။ ကျွန်တော်ကတော့ အရုပ်ကလေးတွေ တော်တော်စုံစုံလင်လင်နဲ့ ပြည့်စုံတယ် ထင်ပေမယ့် သူကတော့…….

``အရုပ်တွေကလဲ ဘာမှလည်း မစုံဘူး ငါက မင်းကို လက်ဆောင်ဝယ်ပေးချင်တာ ဒီလိုမှန်းသိရင် ရန်ကုန်က ၀ယ်လာပါတယ် ရန်ကုန်မှာဆိုရင် သိပ်စုံတာ´´

ကျွန်တော် သူပြောသမျှ အင်း အင်းနဲ့ ခေါင်းငြိမ့်ရင်း Plaza ထဲကနေ သူနဲ့ အဆင်မပြေစွာ ထွက်ခွာလာကြပါတယ်။

(၃)

မန္တလေးကို သူ Korean Guide တစ်ယောက်အဖြစ် ဧည့်သည်နဲ့ ရောက်လာခဲ့ပါတယ်။
သူနဲ့ ကျွန်တော်နဲ့က ချစ်သူတွေပါ။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ နေရာဒေသ ကွာခြားချက်ကြောင့် ပြောမိကြတဲ့ အကြောင်းအရာတော်တော်များများက သူနှိုင်းယှဉ်ပြောတတ်တဲ့ ………ဆိုရင် အသုံးအနှုန်းထဲ ကြားညှပ်ကုန်ပါတယ်။

``ငါ ဒီကိုလာရတာ စိတ်အရမ်းညစ်တာပဲကွာ မန္တလေးက ငါ့အတွက် အဆင်မပြေဘူး´´
``ဘာဖြစ်လို့လဲ´´
``ဟ ဒီမှာက သွားမယ်လာမယ်ဆိုရင် ဆိုင်ကယ်ရှိမှ ဆိုင်ကယ်စီးတတ်မှ ရန်ကုန်မှာဆိုရင် ဘယ်နေရာ သွားသွား Taxi ရှိတယ် လိုင်းကားရှိတယ်´´
``ဒီမှာလည်း ရှိပါတယ်´´
``ရန်ကုန်လောက်မရှိပါဘူး ရန်ကုန်မှာဆိုရင် နေရာတိုင်းမှာ Taxi ရှိတယ် ဒီမှာက လိုင်းကားတောင် မမြင်ရဘူး´´
``အာရှိပါတယ်ကွ လိုင်းကားတွေ မင်းမမြင်လို့ပါ´´
``ထားပါတော့ နေ့ခင်းတုန်းကလည်း ဧည့်သည်နဲ့ စက်မှုလိုက်သွားတာ စက်မှုဇုန်တဲ့ ဟား ဟား ရယ်ရတယ် သေးသေးလေးပဲ ရန်ကုန်မှာဆိုရင် ဒီလိုမဟုတ်ဘူး ရန်ကုန်က စက်မှုဇုန်ကို သွားကြည့်´´

ကျွန်တော့်သူ့ရဲ့ ….ဆိုရင်ကို နည်းနည်းအမြင်ကတ်လာတာကြောင့် ပြောမိပါတယ်။

``ငါလည်း ရန်ကုန်မှာဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး ဘယ်သွားသွား လိုင်းကားတိုးစီးရမယ့် အလုပ် ငါမလုပ်တတ်ဘူး မန္တလေးက အေးဆေးပဲ ဆိုင်ကယ်ရှိရင် စိတ်သွားတိုင်း ကိုယ်ပါတယ် လွတ်လွတ်လပ်လပ်ပဲ ပြီးတော့ လေးထောင့်ဆန်ဆန် ဖွဲ့စည်းထားတဲ့ မြို့ပုံစံအရ လမ်းတွေက သွားရတာ အဆင်ပြေတယ် ရန်ကုန်မှာဆိုရင် လမ်းမကြီးတစ်ခုတည်းကို အထက်တွေ အလယ်တွေ အောက်တွေ ခွဲလိုက်သေးတယ် သိပ်ရှုပ်တာပဲ ပြီးတော့ တိုက်ခန်းတွေနဲ့ နေကြတာကိုလည်း မွန်းကျပ်တယ်လို့ ထင်တယ် ငါတော့ သဘောမကျဘူး´´
ကျွန်တော်ပြောတဲ့ အလှည့်ပြီးတော့ သူရော ကျွန်တော်ပါ ဘာမှဆက်မပြောဖြစ်ကြတော့ဘဲ မိနစ်ပိုင်းလောက် ကြာပြီးမှ မေးခွန်းတစ်ခု ထွက်လာပါတယ်။

``ဒါဆို ငါတို့ အတူနေကြရင် ဘယ်မှာ နေကြမလဲ´´
``အဲဒါကတော့ ငါမပြောတတ်ဘူး လောလောဆယ်တော့ မင်းရဲ့……ဆိုရင် အသုံးအနှုန်းကို နည်းနည်းလေးလျှော့´´

သူရယ်ပြီး ကျွန်တော့်ကို လှမ်းအဖက်မှာ ကျွန်တော်အလိုက်သင့် သူ့ကို ပြန်မှီထားလိုက်တယ်။

(၄)

``မင်းသာ ရန်ကုန်မှာဆိုရင် သိပ်ကောင်းမှာပဲနော်´´
``အင်း´´
``ရန်ကုန်မှာဆိုရင် မင်းသင်တန်းတွေ ဆက်တက်လို့ရတယ် မန္တလေးက မမိုက်ပါဘူးကွာ´´
``အင်း´´
``မင်းသာ ရန်ကုန်မှာဆိုရင် ငါတို့ အတူတူနေလို့ရပြီ ငါက အလုပ်သွား ပြန်လာရင် မင်းကစောင့်နေမယ် ပြီးတော့ ညစာကို အတူစား ဘယ်လောက်ပျော်စရာကောင်းမလဲ´´
``မင်းလည်း မန္တလေးမှာဆိုရင် ကောင်းမှာပဲနော် ငါတို့…´´
``ဟာကွာ မနေချင်ပါဘူး ဒီမှာကြီးတော့´´
``အင်းပါ ဒါဆိုလည်း မကြာ မကြာတော့ လာခဲ့ပေါ့ မန္တလေးလာတဲ့ ဧည့်သည်တွေရှိရင် သူတို့နဲ့ လိုက်ခဲ့လေ မဟုတ်ရင် ငါတို့တွေ တွေ့ရမှာမဟုတ်ဘူး´´

ဒေသစွဲကြီးတဲ့ ရန်ကုန်သားတစ်ယောက်ကတော့ ကျွန်တော့်ကို ဘာမှထပ်မပြောပါဘူး။

နှစ်ရက်လောက်ပဲတွေ့ဖြစ်ကြတဲ့ အချိန်လေးမှာ သူပြောတဲ့ ရန်ကုန်မှာဆိုရင်တွေ တော်တော်များများ ကျွန်တော်ကြားခဲ့ရပါတယ်။

(၅)

ဇာတ်ပေါင်းလိုက်တော့
ဖိတ်စာဝေလို့မရတဲ့ အိမ်ထောင်တစ်ခုကို သူရွေးချယ်ပြီးနောက်မှာ ကျွန်တော်ကတော့ မပြောင်းမလဲ မန္တလေးမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
သူရွေးချယ်သွားတဲ့ သူ့အတွက် ဘ၀လက်တွဲဖော်က ရန်ကုန်ကပဲ ဖြစ်တာမို့ ကျွန်တော်တွေးမိတယ်။
အရင်သူ ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ ………ဆိုရင် တွေတော့ သူထပ်ပြောမိတော့မှာ မဟုတ်ဘူးလို့။
ကျွန်တော်ကတော့ သတိရတိုင်း ပြောဖြစ်နေတုန်းပါပဲ။ အဲဒါကတော့ ကျွန်တော်ဟာ မန္တလေးကမဟုတ်ဘဲ
``ရန်ကုန်မှာဆိုရင်……………´´

(ရန်ကုန်မှာသာဆိုရင်ပေါ့)


ပြီး။