Friday, January 25, 2013

ချစ်သူ၏ဆေးလိပ်



(၁)

ကျွန်တော်သည် ဆေးလိပ်ကို နှစ်သက်သူတစ်ဦးမဟုတ်ပါ။
ဆေးလိပ်ငွေ့များကိုလည်း မုန်းတီးသောကြောင့် ဆေးလိပ်သောက်သောသူများနှင့် ဝေးဝေးနေလေ့ရှိပါသည်။ အနောက်နိုင်ငံများတွင် အများနှင့်သက်ဆိုင်သောနေရာများ၌ ဆေးလိပ်သောက်ခွင့် မရှိပါ။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ကျွန်တော်လိုချင်ပါသည်။ သို့သော် မရနိုင်သေးပါ။ သို့ဖြစ်၍ ကိစ္စတစ်စုံတစ်ရာကြောင့် အပေါင်းအသင်းများ အဖွဲ့အစည်းများနှင့် အတူတွေ့ဆုံသွားလာရသောအခါ ဆေးလိပ်သောက်သောသူများ ပါလာပါက ကျွန်တော် စိတ်အနှောင့်အယှက်များစွာ ဖြစ်ရပါသည်။ လူကြားသူကြား ဆေးလိပ်ငွေ့များကို ရှုရှိုက်သည့်သူများကြောင့် အနီးအနားမှ လူများမှာလည်း အောင့်သက်သက်ဖြင့် ရှုရှိုက်နေကြရသည်။ ထိုကဲ့သို့ အခြေအနေများနှင့် ကြုံရဖန်များလာသောအခါ Mask တစ်ခုဆောင်ထားခြင်းသည် ကျွန်တော်၏ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် ခရီးအတူသွား၍ဖြစ်စေ၊ လူစုလူဝေးများသောနေရာတွင်ဖြစ်စေ ဆေးလိပ်လာသောက်သောသူများ ကျွန်တော့်အနီးတွင်ရှိလာပါက Mask ကောက်တပ်လိုက်ဖို့ ၀န်မလေးတတ်သူဖြစ်လာသည်။ ဆေးလိပ်အား မနှစ်သက်သော ကျွန်တော်သည် ဆေးလိပ်အားနှစ်သက်သော သူတစ်ယောက်ကို ချစ်မိသောအခါ ကံဇာတ်ဆရာ၏ ကျီစယ်မှုဟု လက်ခံလိုက်ပါသည်။

(၂)

ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးစွဲသုံးသူများကို Chemical Dependence သမားများဟု ကျွန်တော်မြင်ပါသည်။ စိတ်ပညာရှုထောင့်အရ မသိစိတ် (Unconcisousness) မှသော်လည်းကောင်း၊ သိစိတ် (Consciousness) မှသော်လည်းကောင်း တောင်းဆိုမှုဆန္ဒတစ်ခုအား ဖြည့်ဆည်းမိခြင်းဖြင့် စွဲသူများဖြစ်နေကြသည်။ ထိုသို့ ဖြည့်ဆည်းမှုကလည်း ၎င်းတို့အား စိတ်ကျေနပ်မှု (Pleasure, Satisfy) ရစေသောကြောင့် ဖြစ်သည်။


ဆေးလိပ်ငွေ့များအား မုန်းသောကျွန်တော်သည် ချစ်သူ၏ နှုတ်ခမ်းများကြားမှ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များကိုမူ ကျေကျေနပ်နပ်လက်ခံနိုင်သောသူဖြစ်နေသောကြောင့် အချစ်၏မျက်နှာလိုက်မှုကို တွေ့ရှိခံစားလိုက်ရသည်။ ချစ်သူ နှုတ်ဖျား၌ဆော့ကစားတတ်သော ဆေးလိပ်ငွေ့များသည် ကျွန်တော် စိတ်ဝင်တစား ငေးကြည့်တတ်သော အရာများဖြစ်လာသည်။ ဆေးလိပ်ဖွာရှိုက်သော ချစ်သူ၏ဟန်ပန်များသည် ကျွန်တော့်၏အတွေးထဲ၌ မင်းမူကြီးစိုးသော ပုံရိပ်များဖြစ်လာသည်။ ယခုလောက်ဖြင့် ဆေးလိပ်မနှစ်သက်သော ကျွန်တော်သည် ချစ်သူ၏ စွဲလမ်းနှစ်သက်ခြင်းခံနေရသော ဆေးလိပ်အပေါ် အကောင်းမမြင်တတ်သေးပါ။ ချစ်သူနှင့် ဆေးလိပ်ကို သီးခြားခွဲထုတ်ချင်သောကြောင့် ကျွန်တော်ကြိုးစားရပါသည်။ ၎င်းမှာ ဆေးလိပ်မဟုတ်သော ကျွန်တော့်အပေါ်တွင်သာ စွဲလမ်းစေချင်သော ကျွန်တော့်၏အတ္တဖြစ်သည်။ စွဲလမ်းမှုတစ်ခုအပေါ် အခြေခံသည်ဟူသော သဘောတရားကြောင့် ၎င်းစွဲလမ်းမှုသည် ဆေးလိပ်အပေါ်၌ကျရောက်နေခြင်းကို ကျွန်တော်မနှစ်သက်။ ထိုကဲ့သို့သော ကျွန်တော်၏ ခပ်ကြောင်ကြောင် အယူအဆများကြောင့် ချစ်သူနှင့်ပတ်သက်သော ဆေးလိပ်သည် ကျွန်တော်၏ ပြိုင်ဘက်တစ်ခု ဖြစ်လာခဲ့သည်။




(၃)

ဆေးလိပ်သောက်သောသူများအား မေးချင်သောမေးခွန်းတစ်ခု ကျွန်တော့်တွင်ရှိနှင့်ပြီး ဖြစ်သော်လည်း မမေးဖြစ်ခဲ့။


ကျွန်တော်နှင့် သက်ဆိုင်လှသူများမဟုတ်ဟု သတ်မှတ်ပြီး ဖြစ်နိုင်ချေရှိသည်များကိုသာ ကျွန်တော်တစ်ယောက်တည်း သုံးသပ်အဖြေရှာနေခဲ့သည်။ သို့သော် ဆေးလိပ်စွဲသော သူတစ်ယောက်ကို ချစ်မိသောအခါတွင်တော့ ကျွန်တော်မေးဖြစ်ခဲ့သည်။


``ဆေးလိပ်ကို ဘာကြောင့် သောက်တာလဲဟင်´´


``အင်း ဒီလိုပါပဲ ဘာရယ်ကြောင့်တော့ မဟုတ်ဘူး´´


``ဘာရယ်ကြောင့်မှ မဟုတ်ရင် မသောက်ပါနဲ့လား´´


ကျွန်တော့်စကားကြောင့် ချစ်သူက ခပ်တိုးတိုး ရယ်လေသည်။


``မရယ်ပါနဲ့ အကြောင်းပြချက်တစ်ခုခုရှိရင် တော်သေးရဲ့ ဥပမာ…စိတ်ညစ်လို့သောက်တယ်၊ စတိုင်လ်ရှိဖို့ သောက်တယ် …စွဲနေလို့သောက်တယ်…..အဲဒီလို တစ်ခုခုပေါ့´´


``ဟေ့….ဟေ့ စွဲနေတယ်လို့ မပြောနဲ့ ကိုယ်က စွဲတယ်လို့ပြောရင် မကြိုက်ဘူး´´


``စွဲနေတာပါပဲ မသောက်ပဲနေတဲ့နေ့ ရှိလို့လား´´


``ဟုတ်တယ်….ကိုယ်နေ့တိုင်း သောက်တယ်…ဒါပေမယ့် တစ်မျိုးတည်းကို စွဲသောက်လို့လား´´


ချစ်သူ၏စကားကြောင့် ကျွန်တော်တွေဝေသွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ တံဆိပ်တစ်မျိုးတည်းကို စွဲသောက်လေ့မရှိသော ချစ်သူ၏ နှုတ်ခမ်းဖျားတွင် မျိုးစုံသော ဆေးလိပ်များ နားခိုခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ တံဆိပ်သာ ကွဲသော်လည်း အားလုံးမှာမူ ဆေးလိပ်များသာ ဖြစ်သည်။


ရှာရှာဖွေဖွေ တွေးတတ်သော ကျွန်တော်သည် ချစ်သူ၏


``တစ်မျိုးတည်းကို စွဲသောက်လို့လား´´ ဟူသော စကားကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ဆေးလိပ်ကို အမျိုးမျိုးပြောင်းသောက်သော (သို့) တံဆိပ်တစ်ခုအပေါ် ငြီးငွေ့လွယ်သော ချစ်သူသည် အချစ်နှင့်ပတ်သက်လျှင်ရော လူတစ်ဦးအပေါ် ငြီးငွေ့လွယ်သည့် သဘောထားများ ရှိနေနိုင်မလားဟု ထိတ်လန့်တကြား တွေးလိုက်မိသည်။ ချစ်သူမသိလိုက်သော ၎င်းအတွေးကို ကျွန်တော့်စိတ်ထဲကပဲ မဟုတ်ပါစေနဲ့ဟု ခြောက်ချားစွာ ဆုတောင်းလိုက်ပါသည်။


(၄)


ကျွန်တော်သည် လူနာတော်တော်များများ ဆေးလိပ်ပြတ်နိုင်ရန် ကူညီနိုင်ခဲ့သော်လည်း ချစ်သူ၏ ဆေးလိပ်အပေါ်စွဲလမ်းမှုကို ပြတ်တောက်စေရန် မတတ်နိုင်ခဲ့ပါ။ ဆေးလိပ်ကြောင့်ဖြစ်သော ဆိုးကျိုးများကို အကျယ်တ၀င့်ပြောပြပြီး ဖြတ်ရန်ပြောသည့်အခါတိုင်း သေချာရေရာသော ကတိတစ်ခု ကျွန်တော်မရခဲ့ပါ။


ဝတ္ထုဇာတ်လမ်းတွေထဲမှ အမျိုးသမီးဇာတ်ကောင်များလိုတော့


``ဆေးလိပ်ကိုဖြတ်မလား၊ ကျွန်မကို ဖြတ်မလား´´ ဟူသည့် မေးခွန်းမျိုး ကျွန်တော်မမေးရဲပါ။ ၎င်းမှာ အကျပ်ကိုင်မှုတစ်ခုဟု ကျွန်တော်မြင်သည်။ ဆုံးဖြတ်ရန်ခက်ခဲသော အခြေအနေနှစ်ခုနှင့် ချောင်ပိတ်လိုက်ခြင်းသာ ဖြစ်သည်။


``ဆေးလိပ်ကို ဖြတ်ပါ့မယ်´´ ဟူသည့် အဖြေကိုရသော အမျိုးသမီးများသည် ၎င်းအဖြေအား သူမတို့၏အောင်မြင်မှုတစ်ခုဟု သတ်မှတ်ပြီး ပျော်ရွှင်ကြပေလိမ့်မည်။ သို့သော် ၎င်းအောင်မြင်မှုသည် အတုအယောင်တစ်ခုသာ ဖြစ်ပြီး ဟန်ဆောင်ထားသော လိမ်ညာမှုတစ်ခုဖြစ်ကြောင်း အချိန်နှောင်းပါက သိကြရသည်။


ကျွန်တော်သည် ချစ်သူထံမှ ထိုကဲ့သို့ လိမ်ညာမှုတစ်ခုကို တစ်ကြိမ်ဖြစ်ဖြစ်ရချင်သည်။ မည်သည့်အခါမျှ မရခဲ့မှန်းသိရသောအခါ ဆေးလိပ်အပေါ်ထားသော အငြိုးသည် တစ်စစနှင့် ကြီးလာခဲ့သည်။ ကျွန်တော်သည် ချစ်သူအနားတွင် အမြဲမရှိနိုင်သော်လည်း ဆေးလိပ်များသည် ချစ်သူ၏ နှုတ်ခမ်းဖျားတွင် အချိန်ပြည့်နေရာယူနေခဲ့သည်။ ကျွန်တော်က မနာလိုကြောင်းပြောသောအခါ


``စာရေးဆရာကတော့ ပေါက်ပေါက်ရှာရှာ တွေးနေတော့တာပဲ´´ ဟု လှောင်ရယ်လေ့ ရှိပါသည်။


ဆေးလိပ်စွဲသောချစ်သူကို တိုက်ရိုက်နည်းဖြင့် ဖြတ်ခိုင်း၍မရမှန်း သိသောအခါ ကျွန်တော်က ဆေးလိပ်၏ ဆိုးကျိုးများကို ပြောပြပြီး သွယ်ဝိုက်သောနည်းဖြင့် ကြိုးစားပါသည်။ ဆေးလိပ်စွဲသောက်ခြင်းကြောင့် ဖြစ်သော အဆုပ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက်ပုပ်သောရောဂါများသည် ကြောက်စရာကောင်းကြောင်း ပြောပြသော အခါမျိုးတွင် ငြိမ်သက်စွာ နားထောင်လေ့ရှိသည်။ ပြီးမှ


``အင်း….ဆရာဝန်တစ်ယောက်ကို ချစ်ရတာ မလွယ်ပါလား´´ ဟု ခပ်တိုးတိုး ညည်းတတ်သည်။


ဆေးခန်းသို့လာသော လူနာများတွင် ဆေးလိပ်ကြောင့်ဖြစ်သော ရောဂါသည်များ ပါပါက ကျွန်တော်ချစ်သူကို ခေါ်ပြတတ်သည်။ သို့သော် ကျွန်တော်မှားသွားပါသည်။


``အင်း…..ဒီလောက်မကောင်းမှန်းသိလျက်နဲ့ ဆရာဝန်တွေထဲမှာရော ဘာလို့ ဆေးလိပ်စွဲသောက်သူတွေ ရှိနေရတာလဲ´´ ဟူသော မေးခွန်းမျိုးမေးလာသည့်အခါ ကျွန်တော်ဆွံ့အသွားပါသည်။ ကျွန်တော်ပြန်မဖြေနိုင်သောကြောင့် အခံရခက်စွာ ကျန်နေခဲ့သည်က များသည်။


သူကတော့ အစွဲအလမ်းဆိုတာ ဖြတ်ရခက်ကြောင်း ပြောလိုဟန်တူပါသည်။


ကျွန်တော်လက်မခံနိုင်သောကြောင့် ဖြေရှင်းနိုင်မည့် အချိန်နှင့် အခွင့်အရေးကို အမြဲ စောင့်ဆိုင်းချောင်းမြောင်းနေခဲ့သည်။


ဆေးလိပ်ကို ချစ်သူထံမှ ကင်းကွာနိုင်ရန် ကြိုးစားတိုင်း မအောင်မြင်နိုင်သောကြောင့် ကျွန်တော်သည် ဆေးလိပ်ကို ပိုပိုပြီး မုန်းတတ်လာသည်။

(၅)


ကျွန်တော်သည် ချစ်သူ၏ အစွဲအလမ်းတစ်ခုကို ဖြတ်တောက်ချင်နေသူဖြစ်သော်လည်း ချစ်သူကိုယ်တိုင်ကမူ ကျွန်တော်မနှစ်မြို့သော အစွဲအလမ်းထဲ သာယာနေတတ်သူဖြစ်သည်။


ဆေးလိပ်မသောက်ရန် ချော့ပြောသည့်အခါမျိုးတွင်


``မသောက်တော့ပါဘူး´´ ဟု တစ်ကြိမ် တစ်ခါမျှ မပြောဘဲ


``လျှော့ပါ့မယ်ကွာ´´ ဟုသာ ပြောလေ့ရှိသည်။


ဆေးလိပ်ဖြတ်ရန် ကြိုးစားသော ကျွန်တော့် ကြိုးစားမှုများသည် အကျအဆုံးများသောကြောင့် အချိန်ကြာလေ စိတ်ဓါတ်ကျချင်လေ ဖြစ်လာသည်။


ဆေးလိပ်များကြောင့် မဲပြာနေသော နှုတ်ခမ်းအရောင်နှင့် နှုတ်ခမ်းသားများ၏ အနမ်းများအောက်တွင် ကျွန်တော်ယစ်မူးနေတတ်ခဲ့သည်။ သွေးရောင်ပြည့်ဝသော နှုတ်ခမ်းသားများကို နှစ်သက်ရမည့်အစား ဆေးလိပ်ရနံ့များ ကပ်ညှိနေသည့် နှုတ်ခမ်းများ၏ အတွေ့အထိကို ကျွန်တော် စွဲလမ်းနေတတ်သည့်အခါ ဆေးလိပ်များနှင့်အတူ ကိုယ့်ကိုကိုယ် မုန်းတီးချင်လာသည်။


ဆေးလိပ်ကြောင့် ဖြစ်လာသော အငြင်းအခုန်များ၊ ပဋိပက္ခများ သူနှင့် ကျွန်တော်ကြား များများလာသောအခါ ကျွန်တော်တို့၏ တွေ့ဆုံချိန်များသည် အေးစက်လာခဲ့သည်။


ဆေးလိပ်နှင့် မကင်းနိုင်သောသူနှင့် ဆေးလိပ်ကို မုန်းသောကျွန်တော်တို့သည် အချိန်ကြာလာသည်နှင့်အမျှ လမ်းတစ်ခုကို အတူတွဲလျှောက်၍ မရမှန်း သိလာကြသည်။ တစ်ဦးနှင့်တစ်ဦး ချစ်သည်က လွဲ၍ အစွဲအလမ်းကြီးသော (သို့သော်) အစွဲမတူညီကြသော ကျွန်တော်တို့သည် ညှိနှိုင်းမှုတစ်စုံတစ်ရာ မပြုလုပ်ကြပါဘဲ ရွေးချယ်မှုတစ်ခုကိုသာ ပြုလုပ်ကြသည်။


ကျွန်တော်သည် ဆေးလိပ်နှင့်ချစ်သူကို လမ်းခွဲလိုက်သည်။


ချစ်သူသည်လည်း သူစွဲလမ်းနှစ်ခြိုက်သည့် ဆေးလိပ်များကို တံဆိပ်အမျိုးမျိုး ခုံမင်စွာပြောင်းလဲ မီးညှိရှိုက်ဖွာရင်း ကျွန်တော့်ကို မေ့နိုင်ခဲ့သည်။


တံဆိပ်တစ်ခုကို ရေရှည်မသုံးတတ်သော (သို့) အပြောင်းအလဲမြန်သော ချစ်သူထံမှ စကားတစ်ခွန်းကိုတော့ နောက်ဆုံးအကြိမ်ဖြင့် ရင်နာစွာ ကြားခဲ့ရသည်။


``မက်မက်မောမောဖြင့် စွဲလမ်းစွာ သောက်သုံးပြီး အချိန်တန်ကုန်ဆုံးသွား၍ မှုတ်ထုတ် (လွင့်ပစ်) လိုက်သော ဆေးလိပ်လေးသည် ကျွန်တော်ဖြစ်ပါသည်´´ ဟူ၍။


တကယ်တော့ ကျွန်တော်သည် ချစ်သူ့နှုတ်ခမ်းဖျားတွင် ခဏတာ ခိုနားခဲ့သည့် ဆေးလိပ်တစ်လိပ်လေးလိုပဲ ဖြစ်ခဲ့ပါသည်။


ချစ်သူ၏ စကားအတိုင်း ကျွန်တော်သည် ကျွန်တော်မုန်းတီးသော ဆေးလိပ်များနေရာတွင် ချစ်သူ၏သတ်မှတ်ချက်တစ်ခုအရ ကျွန်တော်ကိုယ်တိုင် ဆေးလိပ်တစ်လိပ်ဖြစ်သွားလေသည်။


ပြီး။

kingvampire.mdy@gmail.com
















Thursday, January 24, 2013

လုပ်ငန်းခွင်မှဖားများအကြောင်း


ဖားဆိုသည်မှာ လုပ်ငန်းခွင်အတွင်း သူဋ္ဌေးမှ ပေးထား၊ ကျွေးထားသူဖြစ်ပြီး အခြားသူများကို မျက်စိဒေါက်ထောက်ကြည့်ကာ သူဋ္ဌေးအား အတို့အထောင်လုပ်ပြီး ယုံကြည်အောင် ပြောဆိုသူများကို ဆိုလိုပါသည်။ မကောင်းသတင်းများကို သူဋ္ဌေးမှ မေးစရာမလိုပဲ တစ်လုံးမကျန် ပြန်လည်တင်ပြသူများကို ဆိုလိုပါသည်။

၁။ သတ်ဖား

သူဋ္ဌေးမှ မွေးထားသော ပုဂ္ဂိုလ်၊ လုပ်ငန်းခွင်အကြောင်း ကောင်းကောင်းနားလည်သောသူဖြစ်ပြီး သူဋ္ဌေးအပေါ် သစ္စာမရှိသောဖားကို ဆိုလိုပါသည်။ သူဋ္ဌေး၏လူယုံဟု မိမိကိုယ်မိမိပြောဆိုတတ်ကြပြီး တစ်ဖက်သားအပေါ် မကောင်းမြင်ဝါဒများစွဲကိုင်ထားတတ်သူများဖြစ်သည်။

၂။ ဖားပျံ

သူဋ္ဌေး၏ထောက်ပံ့မှု ဂရုစိုက်မှုရနေလျှင် မနောခွေ့နေတတ်ပြီး အခန့်မသင့်၍ သူဋ္ဌေးမှ ဆူမိ ငေါက်မိပါက သူဋ္ဌေးပေးတာထက် ပိုပေးတတ်တဲ့သူဆီသို့ အချိန်မရွေးကူးပြောင်းသွားတတ်သူများဖြစ်သည်။ သူဋ္ဌေးအား ဖား၍မရမှန်းသိသည်နှင့် ဖားလို့ရမည့်နေရာ ဘယ်နေရာကိုသွားရမလဲဆိုတာ ကြိုတင် စိတ်ကူး အကောင်အထည်ဖော်တတ်သူများဖြစ်သည်။

၃။ ရာဘာဖား

လုပ်ငန်းခွင်တွင် ကိုယ်က နေရာရအောင်လုပ်နေတတ်ပြီး သူဋ္ဌေးရှေ့တွင် ကိုယ်ပဲအလုပ်လုပ်၊ သူများက အလုပ်မလုပ်သောပုံစံဖြင့် ဂိုက်ပေးကြမ်းသူများဖြစ်သည်။ လုပ်ငန်းခွင်တွင် အဖွဲ့အစည်းဖြင့် မနေဘဲ သီးခြားနေထိုင်တတ်ပြီး အလိုလိုသူများကို အပြစ်ကျအောင်လုပ်ဆောင်တတ်သူများဖြစ်သည်။ လုပ်ငန်းခွင်တွင် နေရာမရပါက တခြားနေရာသို့ကူးပြောင်းတတ်ကြသည်။ တခြားနေရာရောက်သွားပါက သူဋ္ဌေးရဲ့ ကောင်းကြောင်းပြောရန်ထက် မကောင်းကြောင်းပြောရန် တာစူနေတတ်သူများဖြစ်သည်။ ရာဘာကဲ့သို့ ပြန်ကန်တတ်သော သဘောရှိသောကြောင့် ရာဘာဖားဟု သတ်မှတ်လို့ရသည်။

Refer to Myanmar ICT Journal (Volume-2, Issue-2)



Monday, January 21, 2013

ဂျီသြမေတြီမျဉ်းများ




ဖြောင့်တန်းအောင်ရေးဆွဲလျှင်သော်လည်းကောင်း မညီမညာမဖြောင့်တန်းပဲရေးဆွဲလျှင်သော်လည်းကောင်း အလျားတစ်ခုရှိသည့် အစိတ်အပိုင်းလေးကို မျဉ်းဟုခေါ်ပြီး

အလျားအတိုင်းအတာမတူညီသော်လည်း ဆန့်ကျင်ဘက်အရပ်တွင်ရှိ၍ တူညီသောဦးတည်ချက်များရှိကာ

ဆုံခြင်း ဖြတ်သွားခြင်း မရှိသည့် မျဉ်းဖြတ်များကို မျဉ်းပြိုင်ဟုကောက်ချက်ချနိုင်သည်။


မျဉ်းပြိုင် (၁)

မင်းခွဲခွာသွား

ငါမတားဘူး

သက်သေအနေ

 မျက်ရည်မခြွေ။


ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြေတွေက ကျွန်တော်နဲ့ရင်းနှီးနေတာကြာပြီဆိုပေမယ့် ဒီတစ်ခါတော့ နည်းနည်းစိမ်းနေသလိုပဲ။ အရင်ကဆို အေးမြမှု၊ လတ်ဆတ်မှုတွေနဲ့ပြည့်နေတဲ့ လေပြေတွေက ကျွန်တော့်ရင်ထဲက စိုးရိမ်မှုတွေကို မတွန်းလှန်နိုင်တော့ဘူး ထင်ပါရဲ့။


ကျွန်တော့်ကိုတစ်ခါမှမမြင်ဖူးတဲ့ မမြင်ဖူးခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်ဘယ်လိုရင်ဆိုင်ရမလဲမသိဘူး။ ကန်ဘောင်ပေါ်လမ်းလျှောက်ရင်း ကျွန်တော်အရိပ်တစ်ခုကိုရှာနေမိတယ်။ အချစ်ဆိုတဲ့အရာကို ကျွန်တော်တို့ ရိုးရိုးသားသားဘဲငြိတွယ်မိခဲ့ကြတယ်ဆိုပေမယ့် အခြေအနေက ကျွန်တော်တို့ချစ်သူတွေဖြစ်ပြီးတဲ့အချိန်ထိ ကျွန်တော်ကသာ သူ့ကိုမြင်ဖူးခဲ့တယ်ဆိုပေမယ့်(gmail မှတစ်ဆင့်) သူကကျွန်တော့်ကိုလုံးဝမမြင်ဘူးခဲ့ဘူးလေ။ ခုချိန်ထိ အမြဲစိုးရိမ်မိတာက သူကျွန်တော့်ကိုလက်ခံပါ့မလားဆိုတာပဲ။ ကျွန်တော်တစ်ခါတစ်လေတွေးမိတယ်။ သူကျွန်တော့်ကို ဘယ်လိုပုံဖော်ကြည့်သလဲပေါ့။ သူမမြင်ဖူးဘဲချစ်တဲ့သူက ဘယ်လိုပုံစံလဲဆိုတာ သူတစ်ခါတစ်လေ တွေးမိမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ဖူးတယ် ငါတို့တွေအပြင်မှာတွေ့ဖို့ဆိုတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းမှာပဲလို့။


သူမန်းလေးကိုလာတာ ကျွန်တော်နဲ့တွေ့ချင်ရုံသက်သက်ပဲဆိုတာ ကျွန်တော်တို့နှစ်ယောက်က လွဲပြီး ဘယ်သူမှသိမှာမဟုတ်ဘူး။ ဒီနေ့ဒီအချိန်ကို ကျွန်တော်နဲ့တွေ့ဖို့ကို ဖုန်းဆက်ပြီးချိန်းထားတယ်။ သူနဲ့တွေ့ရတော့မယ်ဆိုပေမယ့် ကျွန်တော်မပျော်နိုင်ပါဘူး။ ကျွန်တော်တို့တွေက ပစ္စုပန်မှာနေထိုင်ကြတဲ့သူတွေဆိုတော့ မသေချာတဲ့အနာဂါတ်ဆိုတာက ဘာမှမျှော်လင့်လို့မရဘူးလေ။ ဒီနေ့လိုနေ့မျိုးအတွက် ကျွန်တော်တစ်ခါမှ မပြင်ဆင်ခဲ့ပါဘူး။ ကျွန်တော်အစောကတည်းက ကန်တော်ကြီးကိုရောက်နေခဲ့ပါတယ်။ ကန်ဘောင်ပေါ်လမ်းလျှောက်ရင်း ကျွန်တော်သူ့ကိုစောင့်နေခဲ့ပါတယ်။ တစ်နေကုန်ပင်ပန်းသွားတဲ့နေမင်းကြီးကတော့ အားကုန်ဖျော့တော့စွာနဲ့ တဖြည်းဖြည်းတိမ်တိုက်ထဲဝင်သွားပုံက ကျွန်တော့်စိတ်တွေတောင်အားလျော့သွားသလိုပဲ။ ကျွန်တော်က ကုတ်အပါးဝတ်ထားတော့ အကျီကလေအတိုက်မှာ လွင့်နေပြီး ဆံပင်တွေကလည်းရှုပ်ပွနေပါတယ်။ ဘာရယ်မဟုတ်ဘူး ကျွန်တော်ပြုံးမိသွားတယ်။ ကျွန်တော်နဲ့ဒိတ်လုပ်ဖူးတဲ့သူတော်တော်များများက ကျွန်တော့်ကိုပြောကြတယ် ကုတ်အရမ်းဝတ်လို့တဲ့။ မန်းလေးလိုပူအိုက်တဲ့နေရာမှာ နေရောင်ကြောက်တဲ့ကျွန်တော် ကုတ်အပါးလေးတွေကိုရောင်စုံ ချုပ်ဝတ်ပါတယ်။ ခုလည်းကျွန်တော်အဖြူရောင်ရွေးလာပါတယ်။ သူလည်းအဖြူရောင်ဝတ်လာမယ်လို့ ဖုန်းထဲကနေပြောထားပါတယ်။ ကန်ဘောင်ဘေးက လှုပ်ရှားသွားလာနေတဲ့ ဆိုင်ကယ်သံတွေတောင် ကျွန်တော့်ရင်ထဲက ဗလောင်ဆူနေတဲ့အသံတွေကြား ပျောက်ကွယ်သွားတယ်လို့ ကျွန်တော်ထင်တယ်။


ကန်ဘောင်တစ်လျှောက် မျက်စိကစားရင်းစောင့်နေမိပါတယ်။ လေအဝှေ့ကြောင့်ယိမ်းနွဲ့နေတဲ့ အုန်းပင်အောက်မှာ လူငယ်တစ်ယောက်မတ်တပ်ရပ်ရင်း ရေလှိုင်းတွေကို ငေးကြည့်နေတာကို ကျွန်တော်တွေ့လိုက်တယ်။ အကျီအဖြူရောင်လေးဝတ်ထားပြီး စိတ်လှုပ်ရှားနေတဲ့ပုံစံကို ထိန်းချုပ်နေရတဲ့ပုံစံနဲ့။ အဲလောက်လေး အဝေးကလှမ်းမြင်လိုက်ရုံနဲ့ ကျွန်တော်သူ့ကိုကောင်းကောင်းသိသွားပါတယ်။ ဓါတ်ပုံတွေထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့ဖူးခဲ့တဲ့ သူတစ်ယောက်ကို အခုအပြင်မှာတကယ်တွေ့နေရပြီလေ။


ကျွန်တော်သူ့ကို အကွယ်တစ်ခုကနေ အကြာကြီးငေးပစ်လိုက်တယ်။ ဒါကတော့သူမပေးလည်း ကျွန်တော်ယူနိုင်တဲ့ အခွင့်အရေးတစ်ခုပဲလေ။ ကျွန်တော်သူ့ဆီကိုဦးတည်သွားလိုက်တယ်။ ပြီးတော့ မင်္ဂလာညနေခင်းပါ နော်လို့ရိုးရိုလေးနှုတ်ဆက်တာကို ကျွန်တော့်အသံတွေအဖျားခတ်တုန်ရီနေတယ်။ အိပ်ပျော်နေရာကနေ ရုတ်တရက်အနှိုးခံလိုက်ရသူလို သူကျွန်တော့်ကိုဖျတ်ခနဲလှည့်ကြည့်တယ်။ အတန်ကြာကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေအောက်မှာ အမြဲတမ်းစူးရှနေတယ်လို့ မှတ်ချက်ချခံရတဲ့ ကျွန်တော့်မျက်လုံးတွေအားဖျော့ကုန်ပြီး မျက် လွှာချနေကြပါတယ်။


``မင်းက vampire လားတဲ့´´ ဖုန်းထဲကနေကောင်းကောင်းရင်းနှီးခဲ့တဲ့အသံတစ်ခုကို ကျွန်တော်ကြားခွင့်ရလိုက်ခြင်းပါ။


ထပ်ပြီးသူကျွန်တော့်ကို စိုက်ကြည့်နေချိန်မှာ ကျွန်တော်သက်ပြင်းလေးတစ်ခုချပြီး ကန်ရေပြင်ဘက် အကြည့်လွဲ နေလိုက်ပါတယ်။ နှစ်ဦးစလုံး စကားလုံးမဲ့တိတ်ဆိတ်စွာနဲ့ မိနစ်အတန်ကြာရပ်နေကြပြန်ပါတယ်။


ငါတို့တွေဘာတွေပြောကြမလဲ။ မင်းငါ့ကိုဘယ်လိုထင်လဲ။ မင်းအကဲခတ်ပြီးတဲ့ငါ့ကို ဘယ်လိုကောက်ချက်ချပြီလဲ။ ရင်ထဲကစကားလုံးတွေအပြင်ကိုထွက်မလာပါဘူး။


``ငါနိုင်ငံခြားကိုသွားတော့မယ်´´သူစပြောလာပါတယ်။


``မင်းငါ့ကိုကြိုမပြောခဲ့ဘူးနော်´´


``ဒါပေမယ့်မင်းသိထားခဲ့တယ်မဟုတ်လား´´


``ခုလောက်အတိအကျငါမသိခဲ့ဘူးလေ´´


ပြန်တိတ်ဆိတ်သွားတာလည်း အတန်ကြာ ဒီတစ်ခါတော့ ကျွန်တော်က


``ဒါဆို ခုလိုတွေ့ကြတာက မင်းငါ့ကိုလာနှုတ်ဆက်တာပေါ့´´


``မင်းစိတ်မကောင်းမှာစိုးလို့ပါ´´


``ဘာပဲဖြစ်ဖြစ်မင်းငါ့ကိုပြောသင့်တယ်လေ´´


``တောင်းပန်ပါတယ်´´


``ဒါဆိုငါတို့ခုလိုတွေ့ကြတာ ဘာအတွက်လဲ´´


``ငါဟိုကို မသွားခင်မင်းကိုမြင်သွားချင်တယ်။ ငါတစ်ခုခုကိုပြတ်သားမှဖြစ်တော့မယ်လေ ဘာမှန်းမသိတဲ့အရိပ်တစ်ခုကို ငါစွဲလမ်းနေရတာ ပင်ပန်းလှပြီ မင်းနားလည်မှာပါ။´´


``ဒါဆိုငါ့ကိုမင်းတွေ့နေပြီလေ မင်းငါ့ကိုလက်ခံနိုင်လား´´


သူပြန်မဖြေပါ။


လက်တစ်ဖက်က ကျွန်တော့်ပခုံးကိုလှမ်းဖက်လာပါတယ်။ ခဏတာလောက် ကျွန်တော်သူ့ရင်ခွင်ထဲမှာ နေခွင့်ရလိုက်ပါတယ်။ ရုတ်တရက်သူဒီလိုလုပ်တာကို ကျွန်တော်နားမလည်ပါဘူး။ ပြီးတော့သူဖယ်လိုက်တယ်။ ကျွန်တော့်ကို စိုက်ကြည့်ပြီး စကားတစ်ခွန်းပြောလိုက်တယ်။


``ငါတို့တွေ လမ်းခွဲရအောင်´´


``ဘာကြောင့်လဲ ငါ့ကိုလက်မခံနိုင်လို့လား´´


``ငါတို့ နှစ်ယောက်လုံးအတွက်ငါပြောနေတာပါ´´


``ငါမင်းဆီက ဘာအကြောင်းပြချက်မှမရခဲ့ဘူးနော်´´


``မလိုချင်ပါနဲ့ ငါပေးမှာမဟုတ်ဘူး´´


``ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့တာတော့အသေအချာပဲ။ အင်းလေ မင်းဖြစ်စေချင်သလို ငါနေပေးပါ့မယ်။ ဒါပေမယ့် တစ်ခုတော့ သိထားပါ။ ခုလိုမျိုးအချိန် လမ်းခွဲတော့မယ့်ချစ်သူရှေ့မှာ သွေးပျက်နေရမယ့်အစား ငါသွေးအေးနေတာမင်းကိုမချစ်လို့လို့ မထင်ပါနဲ့´´


``မင်းအဲလို သွေးအေးတတ်တာ ငါသိပြီးသားပါ။ အဲလိုနေတတ်တာ ကောင်းပါတယ်´´


``ငါမင်းကို သိပ်ချစ်တယ်´´


သူပြုံးလိုက်ပါသည်။ လှောင်ပြုံးတော့မဟုတ်ပါ။


``ဒီအချိန်မှာမပြောသင့်တော့ဘူးလေ´´


``ငါသိတယ် ဒါပေမယ့် ငါမနေနိုင်လို့။ မင်းကိုငါနားမလည်ဘူး မင်းအရင်ကငါ့ကိုပြောခဲ့ဖူးတဲ့ ၃ကြိမ်တိတိလွဲရင်ငါတို့တွေ ပြတ်သားကြမယ်ဆိုတဲ့ ဒီတစ်ကြိမ်ကို မင်းဖန်တီးခဲ့တယ်နော်။´´


``ငါမနက်ဖြန် ရန်ကုန်ပြန်မယ် ပြီးရင်ငါဟိုကိုသွားတော့မယ်´´


``မင်းသိပ်ရက်စက်တယ်နော် ငါ့ကိုဒီလိုနှုတ်ဆက်ဖို့သက်သက် မင်းငါ့ကိုလာတွေ့ခဲ့တယ်ပေါ့။ ငါလုံးဝထင်မထားတဲ့စကား တွေလည်းမင်းပြောခဲ့တယ်နော်။ ကောင်းပြီလေ သွားပါ။ မင်းသွားလိုက်ပါ။ မင်းနဲ့ငါ ကောင်းကင်တစ်ခုအောက်အတူရှိနေသရွေ့ ငါမင်းကိုလွမ်းနေလို့ရတယ်။ ငါကျေနပ်ပါတယ်။ ´´


မနည်းထိန်းချုပ်ထားပုံရတဲ့သူ ရုတ်တရက်ပေါက်က္စဲသွားတယ်။ သူ့မျက်လုံးမှာ တွဲခိုလာတဲ့မျက်ရည်တွေကို မြင်တော့ ကျွန်တော်နည်းနည်းလန့်သွားတယ်။ ကျွန်တော့်ပခုံးနှစ်ဖက်ကို ဆွဲခါရင်း သူအငမ်းမရပြောတယ်။


``ငါ့ကိုမုန်းလိုက်စမ်းပါ။ ခုလိုမင်းကိုထားသွားမယ့်သူတစ်ယောက်ကို မင်းမုန်းလေ။ ငါမင်းရှေ့ကထွက်မသွားခင် ငါ့ကိုမုန်းတယ်လို့ပြောခဲ့ပါ။ ငါလည်းမင်းကိုမချစ်ခဲ့ဘူး´´


ကျွန်တော်နာနာကျင်ကျင်ပြုံးလိုက်ရင်း


``ကိုယ့်ကိုကိုယ် လိမ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ မင်းတောင်းဆိုတာ ငါမလိုက်လျောနိုင်တာကိုတော့ ငါ့ကိုနားလည်ပေးပါ။ ငါမင်းကို မုန်းလို့မရဘူး´´


``ဟာကွာ´´ သူစိတ်ပျက်စွာနဲ့ ကျွန်တော့်ကိုလွတ်ပစ်ရင်း


``ငါမင်းကိုမုန်းတယ်´´ သူအံကြိတ်ပြီး ပြောထွက်လာတဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်ရင်ဝကို ဓားနဲ့ ထိုးစိုက် လိုက်သလိုပဲ။


ပြီးတော့သူကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားပါတော့တယ်။ တဖြည်းဖြည်းဝေးသွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း နားမလည်နိုင်စွာ ကျန်နေခဲ့ပါတယ်။


ဆည်းဆာအလှတွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကြီးကတောင် တဖြည်းဖြည်းမိုးတိမ်မဲတွေပြည့်လာပါတယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့ရာသီဥတုကို မိုးရာသီပဲလေလို့ နားလည်ပေးရင်း ဒဏ်ရာရနေတဲ့လူနာတစ်ယောက်လို အားအင်ချိနဲ့စွာနဲ့ ကျွန်တော်ရပ်နေမိပါတယ်။

xxxxxxxxx
အဆိပ်ခနေတဲ့ နင့်အပြုံးတွေ

ငွေ့ရည်ဖွဲ့နေခဲ့မယ်ဆိုရင်တောင်

အဲဒီမှာတွဲခိုဖို့

ရေစက်လေးငါ …ဖြစ်ခွင့်ပြုပါ




တဒင်္ဂလေးပါပဲ။ ဒါပေမယ့် အဲဒီအခိုက်အတန့်လေးက ကျွန်တော်အိပ်မက်မက်နေခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်သတိမထားမိဘဲ စိုစွတ်လာတဲ့မျက်ရည်စတွေကို ပုတ်ထုတ်ရင်း ပြိုကျမလို ညိုလာတဲ့ကောင်းကင်ကြီးကို မော့ကြည့်မိလိုက်ပါတယ်။ ကန်ဘောင်ဘေးစားသောက်ဆိုင်တစ်ခုက ဖွင့်နေတဲ့တေးသွားတစ်ခုကတော့ ကျွန်တော့်ကိုလှောင်နေသလိုပဲ။


``အချစ်ကြီးသူကရှုံးတာပဲ ရှေးလူတွေဆုံးမကြတယ်။ ဘယ်တတ်နိုင်မလဲ မင်းကိုပဲ ငါ့ရင်မှာအကြီးကြီးချစ်နေတယ်´´


ကျွန်တော့် အပေါ်ကိုစိုစွတ်လာတဲ့ မိုးရေစက်တွေကို ဥပက္ခာပြုရင်း ရုတ်တရက်အောင့်တက်လာတဲ့ ရင်ညွန့်ကဝေဒနာတစ်ခုကို သက်သာစေဖို့ လက်နဲ့အသာဖိထားလိုက်တယ်။


အရှိန်ရစပြုလာတဲ့ မိုးရေတွေထဲမှာ အသက်ရှုမ၀ဘဲ မောဟိုက်နေတဲ့ကျွန်တော် သူပြောဖူးတဲ့စကားတွေကို ပြန်ကြားယောင်မိတယ်။ မိုးတွေရွာရင်ကျွန်တော်မနေတတ်ဘူးလို့ပြောတိုင်း သူနှစ်သိမ့်ဖူးတယ်။ မိုးတွေကို ကျွန်တော်မမုန်းပေမယ့် ကျွန်တော်က စိတ္တဇဆန်ဆန်နဲ့ မိုးတွေထဲမှာလျှောက်သွားရတာကို ကြိုက်ပြီးဖျားတော့လည်း ကျွန်တော်ပါပဲ။ ကျွန်တော်နေမကောင်းတိုင်း ချမ်းတယ်ပြောတိုင်း နွေးနွေးထွေးထွေးအနားမှာနေပြီး ဖက်ထားပေးချင်တယ်လို့ သူပြောခဲ့ဖူးပါတယ်။ ကျွန်တော် တမ်းတခဲ့ဖူးတဲ့ရင်ခွင်တစ်ခုမှာ အခိုက်အတန့်အားဖြင့် နေခွင့်ရလိုက်ပါပြီ။ ကျွန်တော်နဲ့ စကားပြောတိုင်း ရင်တွေအရမ်းခုန်တာပဲလို့ ပြောဖူးတဲ့ရင်ခုန်သံတွေကိုတော့ အနီးကပ်ကြားခွင့်ရခဲ့ပေမယ့် ဘာသာမပြန်တတ်ခဲ့ပါဘူး။


မင်းငါ့ကို လိမ်သွားခဲ့တယ်နော်။ မုန်းတယ်ဆိုတာကို မင်းအံကြိတ်ပြီးပြောထွက်သွားနိုင်တာကိုတော့ ငါချီးကျူးပါတယ်။ ငါ့ကျတော့ ဘာကြောင့် အဲလောက်သတ္တိမရှိရတာလဲ။


မိုးရေထဲမှာပျောက်ကွယ်သွားပြီဖြစ်တဲ့ လူတစ်ယောက်ကို ငေးနေမိပေမယ့် သူကတော့ အဝေးဆုံးဆိုတဲ့ အကွာအဝေးတစ်ခုကို ရောက်နေပါပြီ။ နောက်နေ့တွေဆို ဒီထက်ပိုဝေးတဲ့နေရာတစ်ခုကို သူ့ရဲ့ဘ၀အနာဂါတ်အတွက် ရောက်နေပါလိမ့်မယ်။ ကြိုးစားပါ မင်းရဲ့ဘ၀အတွက်မင်းလွတ်လပ်စွာပျံသန်းလိုက်ပါ။ ငါဆိုတဲ့ကြိုးနဲ့ မင်းကို ချည်မထားခဲ့သလို မင်းကလည်းကြာရင်ငါ့ကိုမေ့သွားမှာပါ။ မင်းရဲ့ပတ်ဝန်းကျင်အသစ်က မင်းကိုအားလုံး ပြောင်းလဲပေးပါလိမ့်မယ်။ ဘာပဲပြောပြော ငါမင်းကိုပြောခဲ့ဖူးတယ်။ မင်းပျော်ရင်ပြီးတာပါပဲ။ အားလပ်တဲ့အချိန်လေးမှာတောင် ငါ့ကိုသတိမရလိုက်ပါနဲ့။ ပြီးခဲ့တာတွေအတွက်ကို ပြန်တွေးမိပြီး မင်းကို မနာကျင်စေချင်ဘူး။


ရွှဲရွှဲစိုနေတဲ့ကျွန်တော် အသက်ကိုပြင်းပြင်းရှုရင်း ကန်ဘောင်ပေါ်ကနေ မိုးရေတွေကြောင့်လှုပ်ခတ်နေတဲ့ ကန်ရေပြင်ကြီးကိုငေးရင်း ခေါင်းတွေမူးဝေလာပါတယ်။ အားတင်းပြီးဆက်လျှောက်ကြည့်တယ်။ အသက်ရှုမ၀လို့ မဲပြာနေမယ့် ကျွန်တော့်နှုတ်ခမ်းတွေ မိုးရေကြားထဲခြောက်ကပ်နေပါတယ်။ မိုးရေထဲမှာ တုန်ရီနေတဲ့ကျွန်တော် အမြင်အာရုံတွေေ၀၀ါးလာပြီး သူ့ရဲ့စကားတွေကို ကြားနေမိတယ်။


``လမ်းခွဲကြရအောင်´´


``ငါမင်းကိုမုန်းတယ်´´


ပဲ့တင်သံတွေနဲ့ နားထဲမှာရိုက်ခတ်နေတာကို ပြင်းပြင်းထန်ထန်ခံစားရင်း တိမ်တစ်စလို ကျွန်တော် လွတ်လပ်ပေါ့ပါးသွားပါတယ်။


ကျွန်တော်မိုးတွေထဲကို စိတ်တိုင်းကျလွင့်မျောနေလိုက်တယ်။ တစ်ယောက်တည်း ငြိတွယ်စရာမရှိတဲ့ ကိုယ့်ကိုကိုယ် ဘယ်သွားရမှန်းမသိ ရွေ့နေလိုက်ပါတယ်။


ကျွန်တော်လူတစ်ခုကို မိုးထဲမှာမြင်နေရတယ်။ သူတို့တွေ တစ်ခုခုကို ၀ိုင်းကြည့်နေကြတယ်။ ပြီးတော့ပြောနေကြတယ်။


``ဘာဖြစ်တာလဲ´´


``ဘာဒဏ်ရာမှတော့ မတွေ့ဘူး။ အက်စီးဒင့်မဖြစ်နိုင်ဘူး´´


``အားနည်းလို့နေမှာပါ။ ဘယ်ကတဲ့လဲ´´


``ကောင်လေးက ငယ်ပါသေးတယ်။ အသက်မရှိတော့ဘူးကွ´´


``ဆေးရုံပို့ရအောင်ဟေ့´´


ဆူဆူညံညံပြောဆိုနေကြပြီး ကုတ်ဝတ်ထားတဲ့ လူငယ်တစ်ယောက်ရဲ့ ခန္ဓာတစ်ခုကို သယ်မသွားကြတယ်။ အဲဒီနောက်မှာတော့ …..


Modury (ရေခဲတိုက်) ထဲ ထည့်ထားတဲ့ ကျွန်တော့်ကို ခင်ဗျားတို့က အေးချမ်းနေမယ်လို့များထင်မလား။


သေမှုသေခင်းထဲမှာ ဆရာဝန်တွေရဲ့ဆေးမှတ်တမ်းကောက်ချက်ချထားတာလေးကိုတော့ ကျွန်တော်သဘောကျမိပါတယ်။


``ရုတ်တရက် နှလုံးသွေးရပ်သေဆုံး´´ တဲ့။


xxxxxxxxxx
မျဉ်းပြိုင် (၂)

ဆည်တစ်ခုမဟုတ်ပေမယ့်

လျှံကျလာသမျှ ဒရောသောပါးနိုင်လွန်းတာတောင်

မက်လောက်စရာကောင်းလွန်းတဲ့အရာ

ဝမ်းနည်းတဲ့အခါလှိုင်းထ

ဝမ်းသာတဲ့အခါ ရုန်းကြွနဲ့

ခံစားချက်တွေ မြှုပ်နှံဖို့

စစ်မှန်ခြင်းကသာလက်ခံပါတယ်။



ငါကိုခွင့်လွတ်ပါ vampire ။ ငါမင်းကိုပြောခဲ့တာတွေက ငါ့ရင်ထဲက စကားတွေမဟုတ်ပါဘူး။ ငါမင်းကို မနာကျင်စေချင်ဘူး။ ငါအခုလောက်တောင်မခွဲနိုင်တာ အဝေးမှာသာဆို ငါရူးရလိမ့်မယ်။ ငါ့ရင်ခွင်ထဲခဏလောက်တော့ မင်းကိုဖက်ထားဖူးခဲ့တယ်။ ငါ့ကိုဘာလို့မင်းမမုန်းတာလဲ။ မင်းမရှိတဲ့နေရာကို ငါသွားရမှာ ငါပျော်နေမယ်ထင်လား။ ငါတို့ကြာရင် နှစ်ယောက်စလုံးခံစားရလိမ့်မယ်။ ဒီလိုအခြေအနေကို မင်းကိုရင်ဆိုင်ခိုင်းခဲ့တာ ငါရက်စက်လွန်းရာကျမှန်း ငါသိပါတယ်။ ငါလည်းမင်းကိုချစ်တယ်။ ဒါပေမယ့် ငါပြတ်သားဖို့ကြိုးစားခဲ့မိပြီ။ ငါ့ကိုမုန်းလိုက်ပါတော့ကွာ။ ငါမရှိတော့တဲ့နောက်ပိုင်း ငါမင်းကိုပေးဖူးတဲ့ လိပ်ပြာလေးတွေက မင်းအနားမှာဝဲနေပါလိမ့်မယ်။ ဒါပေမယ့် ငါ့ကိုသတိမရလိုက်ပါနဲ့။ မင်းကို ရက်ရက်စက်စက်ပြောသွားတဲ့ လူတစ်ယောက်အတွက်လွမ်းစရာရှိရင်တောင် နာစရာနဲ့ဖြေလိုက်ပါ။


ခုမင်းမိုးရေတွေထဲမှာ တစ်ယောက်တည်းကျန်နေခဲ့မှာပေါ့။ မင်းနေကောင်းပါစေကွာ။ မင်းရဲ့ဘ၀တစ်လျှောက်နောက်ထပ် ငါ့လိုလူနဲ့မဆုံပါစေနဲ့လို့ငါဆုတောင်ပေးပါတယ်။ ငါအခုမိုရေတွေနဲ့အတူ မျက်ရည်တွေကျနေတယ်ကွာ။ မင်းရဲ့အနီးဆုံးမှာရှိချင်ခဲ့တဲ့ငါက မင်းရဲ့အဝေးဆုံးဆိုတဲ့နေရာမှာ ငါနေထိုင်ရတော့မယ်။ Taxi ကားထဲက သီချင်းတစ်ပုဒ်ကိုနားထောင်ရင်း ငါမင်းဆီပြေးလာချင်နေမိတယ်။ ဒါပေမယ့်ပေါ့လေ။


``ငိုနေတဲ့ဂျွန် မငိုပါနဲ့လား ချော့မော့ကာ ကိုယ်ပါရောငို ငိုနေမိတယ် ဂျွန်ရွာနေတုန်း ကိုယ့်ပါးပြင်စိုနေခဲ့တယ်။´´


xxxxxxxx


ဂျီသြမေတြီပညာကို သင်ကြားခဲ့စဉ်က ကျွန်တော်တို့တွေ မျဉ်းများကို ရေးဆွဲခဲ့ကြဖူးပါတယ်။ ပုံသဏ္ဌာအမျိုးမျိုးနဲ့ မျဉ်းအမျိုးမျိုးကိုရေးကြတဲ့အခါ ကျွန်တော်က မျဉ်းပြိုင်တွေကိုမုန်းခဲ့တယ်.။ မျဉ်းပြိုင်ဆိုတာက ဆုံမှတ်မရှိဘဲ အလျားအတိုင်းအတာ ဘယ်လောက်ပဲဆွဲဆွဲ ဘယ်တော့မှ ဆုံနိုင်မှာမဟုတ်ပါဘူး။ ဆုံခွင့်မရှိတဲ့မျဉ်းတစ်ကြောင်းကိုတော့ ကျွန်တော်ဒီအသက်အရွယ်မှာ ကိုယ်တိုင်ဆွဲဖြစ်ခဲ့တာလား အဆွဲခံခဲ့ရတာလား ခုထိမသိသေးပါဘူး။


ပြီး။


(ယခုဇာတ်လမ်းမှ ဇာတ်ကောင်များမှာ အပြင်လောကတွင် အမှန်တကယ်ရှိခဲ့ပါသည်။)


ဇာတ်ကောင်နှစ်ဦး၏ ရင်ထဲသို့ဝင်ရောက်၍ တစ်ဦးချင်းဆီ၏ (မပွင့်လင်းသော) ခံစားချက်များကို ကြိုးစားဖော်ထုတ်ပါသည်။ တစ်ဦးတစ်ယောက်၏ခံစားချက်ကို တစ်လှည့်စီတင်ပြသည့်အခါ ငြီးငွေ့စရာကောင်းသော blog တစ်ခုဖြစ်သွားပါက စာရေးသူ၏ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါသည်။






ဝေဖန်အကြံပေးချက်များကို ကြိုဆိုပါသည်။


kingvampire.mdy@gmail.com









သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်



ညို့ချက် (၁) 

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ 
အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂) 

 တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ 
အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)

တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ 
အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄) 

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ 
အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅) 

တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ 
အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။  (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)

 မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)  

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)

 မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး လွတ်အောင်သာ ရှောင်ကြပေတော့ သူငယ်ချင်းတို့ရေ။ မရှောင်ချင်လည်း ဖြစ်တယ်။ လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့ အဟဲ။
အမျိုးသားတွေရဲ့ ညို့နည်းကိုတော့ (ဆရာစားချန်ပြီး) လျှိုထားလိုက်တယ်။ :P


kingvampire.mdy@gmail.com