Saturday, April 6, 2013

နှစ်ချို့နေသောနွေအလွမ်းများ (၁)







သင်္ကြန်မှာရေမစိုနိုင်တဲ့သူတစ်ယောက်

အလွမ်းတွေနဲ့ပဲထောင်းထောင်းကြေ

ငါဒီလောက်လွမ်းဆွတ်နာကျင်နေတာတောင်

အိပ်ချင်ယောင်ဆောင်တုန်းလား

နွေဦးရယ်

မင်းကို မုန်း..မိ ပြီ။


(၁)

``လမ်းထဲမှာ ပိတောက်တွေပွင့်နေကြပြီ နင်မရှိလည်း ပိတောက်တွေပွင့်ပြီ မင်းကိုလွမ်းလှပြီ မိုးပြေးရေ ခဏတော့စောင့်လို့ပေးပါ တောင်းပန်တယ်မိုးရယ် အချစ်ဆုံးကိုယ့်အတွက် ရောက်လာလိမ့်မယ်´´

သင်္ကြန်နားနီးပြီမို့ သင်္ကြန်သီချင်းများကို ဟိုတစ်စ ဒီတစ်စကြားနေရပြန်ပါတယ်။ ဥသြရေ ငါသိပ်ကြောက်တဲ့ တန်ခူးအချိန်ရောက်လာပြန်ပြီကွာ ငါမင်းကို သိပ်လွမ်းတယ်..

အိမ်ထဲက မျှော်ကြည့်နေမိတဲ့ ပြတင်းပေါက်မြင်ကွင်းမှာ မင်းအရိပ်လေးများ ပြန်တွေ့ရနိုးနိုးပေါ့။

ဥသြရယ် ပြီးခဲ့တာတွေကို မမေ့နိုင်သေးတဲ့ လူတစ်ယောက်ကို တန်ခူးရဲ့ အငွေ့အသက်တွေက စိတ်တိုင်းကျ နှိပ်စက်ဖို့များ ရောက်လာခဲ့သလား။ ငါ့မျက်လုံးထဲမှာတော့ ရွှေဝါရောင်ပိတောက်တွေရဲ့ ပူပြင်းတဲ့အရောင်တွေ။

အဲဒီ ပိတောက်တွေက နှစ်သစ်ကို အပြောင်းအလဲတွေနဲ့ ကြိုနေမလား ဒါမှမဟုတ် နှစ်ကူးကိုခေါ်လာမှာလားဆိုတဲ့ သင်္ကြန်မုန်းတဲ့လူတစ်ယောက်ရဲ့ သံသယ အတွေးတွေနဲ့ ငါ့ပြတင်းပေါက်လေးရဲ့ အပြင်ကိုမြင်နေရတာကတော့ ဧပြီဆိုတာ ဘာမှမဟုတ်တဲ့ တန်ခူးသရုပ်တွေပါပဲ။ နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောလို့သာရရင် ငါ့ရင်ထဲက အလွမ်းဒဏ်ရာတွေကို ဘယ်အရာတွေကများ ဆေးကြောလို့ရပါ့မလဲ။

ဥသြရယ်

ရာသီစက်ဝန်းတွေ တစ်ပတ်လည်တိုင်း ငါ့နှလုံးသား နောက် ငါ့စိတ်ခံစားမှုအားလုံး အတိတ်တွေကို မလိုချင်ဘဲ ရောက်ရောက်သွားပြန်တယ်……..။

(၂)

လမ်းမကြီးတစ်လျှောက် စိတ်လွတ်ကိုယ်လွတ် ဆိုင်ကယ်မောင်းလာတဲ့ ကျွန်တော် လမ်းတစ်လျှောက် လက်တွန်းထီသည်များဆီက သင်္ကြန်သီချင်းတွေကို ကြားလိုက်ရတော့ သင်္ကြန်နားနီးလာတာကို သတိပြုမိလိုက်တယ်။ ကိုယ်ရတဲ့ သီချင်းလေးတွေလိုက်ဆိုရင်း ကျွန်တော့်စိတ်တွေ မြူးလာသလိုခံစားလိုက်ရပါတယ်။

ယာဉ်အသွားအလာများတဲ့ လမ်းမကြီးမို့ ဆူညံတဲ့ သင်္ကြန်သီချင်းတွေကြားမှာ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းနေတုန်း ကားတစ်စီးနောက်က ကပ်ပါလာတာကို သတိထားမိပါတယ်။ ကားက ရတနာပုံတက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ဖယ်ရီအဖြစ်အသုံးပြုကြတဲ့ Light Truck ကားလေးပါ။ ဆူညံစွာပေါက်ကွဲနေတဲ့ သီချင်းသံတွေနဲ့ ဒီလိုကားတွေကို မြင်နေကျမို့ အထူးအဆန်းမဟုတ်ပေမယ့် နောက်က ကပ်ပါလာတာကြောင့် လမ်းများတောင်းနေသလားဆိုပြီး ဘေးကိုရွှေ့မောင်းလိုက်ပါတယ်။ လမ်းအလယ်မှာ ယာဉ်ကြောရှင်းနေပေမယ့် ကားကကျော်မတက်ဘဲ နောက်ကနေပဲ ကပ်လိုက်လာပါတယ်။ ပိုဆိုးတာက ဟွန်းတီးနေတာကြောင့် ဒါတမင်ရိတာပဲဆိုပြီး ကျွန်တော်လမ်းခွဲတစ်ခုထဲကို ချိုးဝင်ပစ်လိုက်ပါတယ်။ သရုပ်ပျက် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ပုံစံတွေနဲ့ ဖယ်ရီကားတွေကို ကျွန်တော် အလိုလိုနေရင်း ကြည့်မရနေခဲ့တာ ကြာပြီဖြစ်တာကြောင့် ရှောင်ထွက်လိုက်ပါတယ်။

လမ်းကွဲသွားပြီအထင်နဲ့ မောင်းလာတဲ့ ကျွန်တော့်ဆိုင်ကယ်နောက်ကို Light Truck ကားလေးက တောက်လျှောက်ပါလာပါတယ်။ တဖြည်းဖြည်းအရှိန်မြင့်လိုက်သလိုပဲ ကားကလည်း အရှိန်နဲ့ကပ်ပါလာပါတယ်။ ကျွန်တော့်ဘေးကနေ ကျော်မလိုလုပ်ရင်း ယှဉ်မောင်းလာတော့ ကျွန်တော် ဒေါသနဲ့ ကားမောင်းသူကို လှည့်ကြည့်လိုက်တဲ့အခါမှာ

``ဗွမ်း´´ ဆိုတဲ့ အသံနဲ့ ရေတွေ ကျွန်တော့်ကိုယ်ပေါ်ကိုရောက်လာပါတယ်။

``ဟင် တောက်´´

ကားခေါင်းခန်းထဲက တစ်ယောက် ကျွန်တော့်ကို လှမ်းပက်လိုက်တာပါ။ ကျွန်တော် ဆိုင်ကယ်ကို ရပ်ပစ်တော့ ဘေးယှဉ်မောင်းနေတဲ့ ကားနောက်ခန်းထဲက မိန်းကလေးတွေက ရေသန့်ဗူးတွေနဲ့ လှမ်းပက်တာကိုပါ ခံလိုက်ရပါတယ်။ ကျွန်တော်ဒေါသတကြီးဖြစ်နေတုန်း ဟားတိုက်ရယ်မောသံတွေနဲ့ ကားလေးကတော့ ကျွန်တော့်ကို ကျော်တက်မောင်းထွက်သွားပါတယ်။

သင်္ကြန်အချိန်လည်းမဟုတ် နေ့ခင်းမှာ အကျီတွေရေစိုနေတဲ့ ကျွန်တော့်ကို လမ်းသွားလမ်းလာတွေ ကြည့်ကြည့်သွားကြပါတယ်။ ကျွန်တော်ဒေါသလည်းထွက် ရှက်လည်းရှက်နဲ့ ကျော်တက်သွားတဲ့ ကားထဲကလူတွေကို ဒေါသတကြီး ငေးကြည့်ရင်း ရေတွေရွှဲစိုပြီး ကျန်နေခဲ့ပါတယ်…….။

(၃)

``ဟဲ့ကောင်လေး ဘာဖြစ်လာတာလဲ အကျီတွေလည်းစိုလို့´´

``ရေပက်ခံလာရတာ မေမေရာ ဘာတွေမှန်းကို မသိဘူး´´

``ဟဲ့ ရေပက်ရအောင် သင်္ကြန်မှ မကျသေးတာ´´

``သင်္ကြန်ကတော့ မကျသေးဘူး အမေရေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ကျောင်းပိတ်လို့ နယ်ပြန်ကြတော့မှာဆိုတော့ အချင်းချင်းရေကစားနေကြပြီ´´

``ဒါနဲ့ သားက ဘာလို့ စိုလာတာလဲ´´

``သားက ၆၉ လမ်းအတိုင်း မောင်းလာတာပဲ အဲဒါ ရတနာပုံကျောင်းက Ferry တစ်စီး သားဘေးယှဉ်မောင်းပြီး ကားထဲကနေ ရေဗူးတွေနဲ့ ပက်သွားတာ´´

``တော်တော်ဆိုးတာပဲကွယ် တစ်နေ့ကလည်း ရတနာပုံက Light Truck တစ်စီး အဲလိုလုပ်လို့ ကောင်မလေးတစ်ယောက် ဆိုင်ကယ်လဲတယ်ပြောတယ် ကဲ ကဲ အကျီတွေသွားလဲလိုက်ဦးသား´´

ကျွန်တော် အကျီတွေလဲပြီး ထွက်လာတော့ မေမေကမေးတယ်။

``သား ဒီနှစ်သင်္ကြန်မှာ သား ဘာတွေလုပ်မလဲ သား သူငယ်ချင်းတွေနဲ့သွားလည်မလား မေမေတို့ကတော့ တရားစခန်းဝင်မယ်´´

``အင်း သားက ရေတော့မဆော့ဘူး မေမေ အိမ်မှာပဲ အေးအေးဆေးဆေးနေမယ် သင်္ကြန်ရေမထိချင်ဘူး´´

``ဘာဖြစ်လို့´´

``ဘာမှ မဖြစ်ပါဘူး အဲဒီသင်္ကြန်ဆိုတာကို သား ဘာမှထူးထူးခြားခြားခံစားလို့မှမရတာ ရေကစားကြတာကလွဲရင် ဘာထူးခြားလို့လဲ´´

ကျွန်တော့်စကားကိုနားထောင်ပြီး အမေကပြုံးပြီး စပါတယ်။

``သင်္ကြန်ကိုသားချစ်တတ်လာမှာပါ သားအရွယ်ကမငယ်တော့ဘူးလေ သားအတွက်ထူးခြားလာမယ့်သူတစ်ယောက်ကို သားတွေ့လာရင်ပေါ့ အဲဒီအခါမှ သင်္ကြန်ရေမထိချင်တဲ့သူက ….´´

``ဟာ မေမေကလည်း ..´´

ကျွန်တော် မေမေ့စကားကိုဆုံးအောင်နားမထောင်ပဲ ရှက်ရမ်းရမ်းပြီးထွက်လာတော့ မေမေက ရယ်ပြီးကျန်ခဲ့ပါတယ်။



(၄)

တကယ် တကယ့် သင်္ကြန်အကြိုနေ့ရောက်လာတော့ မေမေတို့က အစီအစဉ်အတိုင်း တရားစခန်းဝင်ကြပေမယ့် အိမ်တွင်းအောင်းမယ်လုပ်ထားတဲ့ ကျွန်တော်ကတော့ မေမေတို့ဝင်မယ့် တရားစခန်းက ဆရာတော်ဘုရားရဲ့ အကူအညီတောင်းထားတာကြောင့် တရားစခန်းဆေးပေးခန်းလေးမှာ ထိုင်ပေးဖို့ ပြင်ဆင်ရပါတယ်။

ဘုန်းကြီးကျောင်းလည်းဖြစ်၊ တရားစခန်းလည်းဖြစ်တာ သိပေမယ့် ပုဆိုးဝတ်လေ့ဝတ်ထမရှိတဲ့ ကျွန်တော်ကတော့ စတိုင်ပန်အဖျော့လေးနဲ့ ရှပ်ကိုပဲရွေးချယ်ဝတ်လိုက်ပါတယ်။ ကျွန်တော့်ပုံစံကိုကြည့်ပြီး မေမေကတော့

``သားရယ် တရားစခန်းသွားမှာ ဘောင်းဘီကြီးနဲ့မသွားပါနဲ့ မသင့်တော်ပါဘူး ပုဆိုးလေးဝတ်နော်´´ လို့ အကြံပေးတယ်။

``မေမေကလည်း ကိုယ့်သားအကြောင်းမသိတာကျနေတာပဲ ဘယ်တုန်းက သားဝတ်ဖူးလို့လဲ သားအခုဝတ်ထားတာ သရုပ်ပျက်နေလို့လား ရပါတယ် မေမေရယ် ဘာမှမဖြစ်ဘူး ပုဆိုးဝတ်ရအောင်လည်း သားမှာတစ်ထည်မှမရှိဘူး အကုန်လုံး ဘောင်းဘီတွေချည်း´´

``ဟင် မေမေ၀ယ်ထားပေးတဲ့ ဟာတွေရော´´

``သားမှမ၀တ်တာပဲ ၀တ်တဲ့ သူငယ်ချင်းတွေကိုပေးလိုက်ပြီ´´

``ဟင် ကြည့်စမ်း ကြည့်စမ်း နင်နော် တော်ပြီ တော်ပြီ ငါတရားစခန်းဝင်ခါနီး ဒေါသမဖြစ်ချင်ဘူး နင့်ဟာနင်ဘာပဲ ၀တ်ဝတ် ငါတို့သွားနှင့်ပြီ နောက်ကနေလိုက်လာခဲ့´´

မေမေစိတ်ဆိုးပြီး ထွက်သွားတော့ ကျွန်တော်ဇက်လေးပုပြီးကျန်ခဲ့တယ်။ ပြီးတော့ မှန်ရှေ့သွားရပ်ပြီး ၃လေးပတ်လောက် ကိုယ့်ကိုယ်ကိုလှည့်ကြည့်လိုက်တယ်။ အဆင်ပြေကျေနပ်ပြီဆိုမှ မှန်ကနေခွာလိုက်တယ်။ အိမ်တံခါးတွေ သေချာသော့ခပ်ပြီး ကျွန်တော်အိမ်ရှေ့ထွက်လာလိုက်တယ်။

``ဗွမ်း´´

သွားပြီ။ ကျွန်တော်တစ်ကိုယ်လုံးရေလောင်းခံလိုက်ရတာမို့ သင်္ကြန်ရေမထိချင်တဲ့ကျွန်တော် ဒေါသထွက်သွားပါတယ်။ ရေပက်တဲ့သူကို ဒေါသတကြီးလှည့်ကြည့်တော့ ဖလားခွက်ကြီးကိုင်ထားတဲ့ ကောင်လေးတစ်ယောက်။

``ဟင် မင်း မင်း ဘာလုပ်လိုက်တာလဲ ဒါ´´

``ရေပက်လိုက်တာလေ´´

``ဘာကွ ဒီမှာကြည့်စမ်း ငါက ဘုန်းကြီးကျောင်းသွားမယ့်လူကွ မင်းရေပက်ချင်ရင် လမ်းမကြီးမှာ တခြားသူတွေသွားပက် တောက် မင်းနော် သင်္ကြန်သာမဟုတ်လို့ကတော့ ဆွဲထိုးပစ်တယ်´´

ကျွန်တော့်ကို ကြည့်ပြီး ကောင်လေး အားရပါးရရယ်တယ်။

``ဟဲ ဟဲ ဟဲ ကျွန်တော်ကရော သင်္ကြန်မဟုတ်ပဲလောင်းပါ့မလားဗျ ဘုန်းကြီးကျောင်းသွားမယ်လို့သာပြောတာ ၀တ်ထားတဲ့ ပုံစံကိုလည်းကြည့်ပါဦး ဘုန်းကြီးကျောင်းသွားရင် ဒီလိုဖက်ရှင်နဲ့သွားရတယ်ဗျ´´

သူကိုယ့်သူ ပုတ်ပြီးပြောတော့ ကျွန်တော်ကြည့်လိုက်မိတယ်။ မြန်မာဆန်ဆန်ဝတ်စားထားတဲ့ ပုံစံကိုတွေ့ပေမယ့် ကျွန်တော်နှာခေါင်းရှုံ့လိုက်တယ်။

``ဟေ့ ငါ့ဟာငါ ဘာဖက်ရှင်နဲ့သွားသွား အဆင်ပြေတယ် တောက် မနက်စောစောစီးစီးကွာ ကျက်သရေပဲ´´

ကျွန်တော်ရေရွတ်ပြီး အကျီလှဲဖို့ အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။ အဲဒီ ကောင်လေးကတော့

``စိတ်မဆိုးရဘူးနော် လူကြီး တော်ကြာ သိကြားမင်းရဲ့ ခွေးသရေထဲ နာမည်ပါသွားဦးမယ်´´ လို့ အော်ရင်း ရယ်နေပါတယ်။ ကျွန်တော် သူ့အသံကြောင့် မအောင့်နိုင်တော့ပဲ ခပ်တိုးတိုးကျိန်ဆဲပစ်လိုက်ပါတယ်။

(၅)

အကြိုနေ့

တရားစခန်းမှာ ဆရာတော်ဘုရားဆီက တရားနာပြီး တရားခဏထိုင်လိုက်တော့ စိတ်ထဲငြိမ်းချမ်းသွားလိုက်တာ မနက်က ဒေါသထွက်လာရတာတွေတောင် မေ့သွားသလိုပါပဲ။ စင်္ကြန်လျှောက်တဲ့အချိန်တွေနဲ့ နေ့ခင်းပိုင်းနားချိန်တွေမှာ ကျွန်တော်ဆေးခန်းထဲမှာပဲ အချိန်ပြည့်ရှိနေရပါတယ်။ တရားစခန်းက လူပေါင်း ၂၀၀ ကျော်ရဲ့ ကျန်းမာရေးကို ကျွန်တော်တစ်ယောက်တည်းက စစ်ဆေးကြည့်ရှုရတာဖြစ်လို့ နွေပူပူမှာ အရမ်းပင်ပန်းပါတယ်။ ဆေးခန်းထဲရောက်လာတဲ့သူတွေကို ဆေးထိုးလိုက် ဆေးပေးလိုက်နဲ့ အလျင်မမီနိုင်အောင်ဖြစ်နေပါတယ်။ တရားပေးချိန်ရောက်လို့ ခေါင်းလောင်းတီးလိုက်ပြီဆိုရင်လည်း ကျန်တဲ့သူတွေကို ညနေခင်းဆက်ကြည့်ရပါတယ်။

ဆေးခန်းလေးကို လူကြီးပိုင်းတွေကလွဲပြီး လူငယ်တွေသိပ်မလာကြပါဘူး။ ထူးထူးခြားခြား တစ်ယောက်တော့ ရောက်လာခဲ့ပါတယ်။

``ဆရာ ကျွန်တော်ဗိုက်တွေအောင့်အောင့်နေလို့´´

အဒေါ်ကြီးတစ်ယောက်ကို ဆေးသွင်းနေရင်း ကျွန်တော်က

``အင်း ခဏစောင့်ပေးနော် ကျွန်တော်ကြည့်ပေးမယ်´´ လို့လှမ်းပြောရင်းကြည့်လိုက်တော့

``ဟင် မင်း မင်း´´

``ဟုတ်ပါတယ် ကျွန်တော်ပါ ဗိုက်တွေအောင့်နေလို့ပါ´´

ကြည်လင်စပြုနေတဲ့ ကျွန်တော့်စိတ်တွေ ပြန်ညစ်သွားတယ်။ မနက်ခင်းကမှ ကျွန်တော့်ကို ရေလောင်းထားတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် တရားစခန်းကို ရောက်လာမှန်းမသိ။ အ၀တ်အစားတွေကတော့ မနက်ကအတိုင်း မြန်မာဆန်ဆန် ပုဆိုးနဲ့။ သူ့အလှည့်ရောက်တော့ သူ့ကိုကုတင်ပေါ်လှဲခိုင်းလိုက်ပါတယ်။

``ကဲ ဘယ်လိုဖြစ်တာလဲ´´

``ကျွန်တော်က အစာအိမ်ရှိတယ် ဒီမှာက အချိန်နဲ့အချိန်စားရတာ သိပ်အဆင်မပြေဘူး ခုဗိုက်ထဲအောင့်နေလို့´´

ကျွန်တော် Stheto (နားကြပ်) နဲ့ စမ်းသပ်နေတုန်း

``ဆရာ ကျွန်တော် ဆေးမထိုးချင်ဘူးနော်´´

ကျွန်တော်ရယ်ချင်သွားတယ်။ ဘယ်ရမလဲ။ ကျွန်တော်သူ့ကို အကွက်ဝင်တုန်းပညာပေးမယ်ဆိုပြီး မျက်နှာကိုတင်းလိုက်တယ်။

``ဆေးထိုးမှရမယ် မထိုးရင် အစာအိမ်သွေးကြောတွေ ပေါက်ထွက်သွားနိုင်တယ်´´

``ဗျာ သောက်ဆေးနဲ့ မရဘူးလား´´

``မရဘူး ဟိုဘက်လှည့် အသားဆေးထိုးမယ်´´

ယောက်ျားလေးတန်မဲ့ မျက်နှာကြီးနီရဲနေတဲ့ သူ့ကို ခပ်နာနာလေး ဆေးထိုးပေးလိုက်တော့ ဆေးခန်းကထွက်ခါနီး ကျွန်တော့်ကို တိုးတိုးလေးပြောသွားတယ်။

``ဟွန့် ရေလေးလောင်းမိတာနဲ့ ဇွတ်ကို ဆေးထိုးတာပဲ သူတို့ ဆရာဝန်တွေက အဲလိုပဲ လူနာတွေကို မတည့်ရင် အပ်ကိုင်တော့တာပဲ´´

သူလည်း ဆေးခန်းက ထွက်သွားရော ကြိတ်မှိတ်ထားသမျှ ကျွန်တော်အားရပါးရ ရယ်လိုက်မိတယ်။ ပြီးတော့ ထူးဆန်းတဲ့ ရေစက်ပါလားလို့ ဆေးခန်းလေးထဲမှာတွေးနေမိတယ်။



(၆)

အကျနေ့

တစ်နေ့တည်း ကျွန်တော့်ဆေးခန်းကို သူရောက်လာတာ ၃ကြိမ်ရှိသွားပါပြီ။ ရောက်လာတိုင်းလည်း ဘာမှရေရာသေချာတဲ့ ရောဂါမရှိဘဲ ဟိုလိုလို ဒီလိုလိုအကြောင်းပြချက်တွေနဲ့ပါပဲ။ အရင်ရက်ကတော့ ဆေးခန်းမှာ ပင်ပန်းလွန်းတယ်လို့ ခံစားရသမျှ သူရောက်ရောက်လာတိုင်း ကျွန်တောစိတ်ထဲ အလိုလိုပျော်နေမိပါတယ်။ သူ့ရဲ့ ဟန်ဆောင်ထားတဲ့ ဝေဒနာတွေကို မသိချင်ယောင်ဆောင်ပြီး ကျွန်တော်စမ်းသပ်ကြည့်ရှုပေးနေမိတာပါပဲ။

နေ့လည်ခင်း ကျောင်းဝင်းကြီးထဲမှာ စင်္ကြန်လျှောက်ချိန်မို့ ကျွန်တော်လည်း ခဏဆေးခန်းထဲက ထွက်လာခဲ့ပါတယ်။ အချိန်သင့်အခါသင့် ပွင့်နေတဲ့ ပိတောက်ပင်ကြီးအောက်ရပ်ရင်း ပိတောက်တွေကို ငေးနေမိပါတယ်။

``အင်း ဒီလိုကျတော့လည်း ပိတောက်တွေက ရာသီမှန်သားပဲ´´

တစ်ယောက်တည်းပဲရှိတယ်ထင်ရတဲ့ ပတ်ဝန်းကျင်မှာ သူ့အသံကြားလိုက်လို့ ကျွန်တော်လန့်သွားတယ်။

``ဟင် မင်း ဒီအချိန်က စင်္ကြန်လျှောက်နေတဲ့အချိန်မဟုတ်လား´´

``အင်းလေ ခုလည်းလျှောက်နေတာပဲ´´

``ဟာ တရားမှတ်ရမယ်လေ သွား သွား စကားလာမပြောနဲ့ သတိတွေ အသိတွေနဲ့နေ´´

``အဟဲ သိသားပဲ ၀ိုင် ဒီလိုပြောမယ်ဆိုတာ ဆရာတော်ဘုရားလစ်လို့ပါဗျာ ပြီးတော့ ၀ိုင်နဲ့လည်း စကားပြောချင်လို့ ဆေးခန်းမှာဆိုရင် အမြဲလူရှု့ပ်နေတာနဲ့ မပြောရဘူး´´

``ဘာ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ် ငါ့နာမည်ကိုမင်းဘယ်လိုသိတာလဲ´´

``မခက်ပါဘူး ဆေးခန်းက ဒေါက်တာဝိုင်ရဲ့ သတင်းက ယောဂီတွေဒီလောက်ပြောနေကြတာပဲ သိတာပေါ့´´

``အေး သူတို့ပြောပေမယ့် မင်းမပြောနဲ့ သွားတော့ သြော် တစ်ခုမှာလိုက်မယ် နောက်တစ်ခါဆေးခန်းကို ဟန်ဆောင်ပြီးမလာနဲ့နော် ငါမသိဘူးများထင်နေလား မကောင်းတတ်လို့ နောက်တစ်ခါဆိုရင် မိုးရေထိုးလွတ်မယ်´´

``ဟင် ဘယ်လို ချာဝန်လဲမတိဘူး´´

သူလည်း သွားရော ကျွန်တော်ဆေးခန်းထဲကိုပြန်လာပြီး ပြုံးနေမိတယ်။

ညနေရောက်တော့ ဆေးခန်းမှာ လာတန်းစီကြတဲ့ သူတွေထဲမှာ သူပါလျက်ပဲ။ ထုံးစံအတိုင်းပြုံးစိစိနဲ့ရောက်လာပေမယ့် ဆေးခန်းထဲလည်းရောက်ရော မျက်နှာကရှုံ့လိုက်တာတွေ့ရပါတယ်။ မာယာများပြီ ဆိုတာသိတာမို့ ကျွန်တော်ခပ်တည်တည်ပဲနေလိုက်တယ်။

``ဘာဖြစ်ပြန်တာလဲ´´

``ရင် ရင်တွေ တုန်နေလို့ဆရာ ပြီးတော့ ဒီထဲမှာ အောင့်အောင့်နေတယ်´´

ရင်ဘတ်တစ်နေရာကို ထောက်ပြနေတာမို့ ကျွန်တော်တစ်ဘက်လှည့်ပြီး ပြုံးလိုက်တယ်။

``ဗိုက်အောင့်ရာကနေ ရင်ဘတ်တွေအောင့်လာတာလား´´

အရင်ရက်က ဗိုက်အောင့်လို့ဆိုပြီး ရောက်လာဖူးတာမို့ ကျွန်တော်တမင်ရွဲ့ပြောလိုက်တာပါ။

``ဟုတ်တယ် ဆရာ အဲဒါမျိုးက နေရာရွှေ့တတ်လားဟင် သေချာစမ်းသပ်ပေးပါဦးဗျာ´´

``အင်း ဘယ်နေရာလဲ ပြပါဦး´´

``ဒီနေရာ´´

ပြောလည်းပြော ကျွန်တော်လက်ကိုဆွဲပြီး ထောက်ပြလိုက်တာ ပေါက်ကွဲမတတ်ကြီးခုန်နေတဲ့ ရင်ဘတ်ကြီးက တဒုန်းဒုန်းနဲ့ စမ်းမိပါတယ်။ ကျွန်တော်လည်း အလန့်တကြား တုန်တုန်ရီရီနဲ့ Stheto (နားကြပ်) နဲ့ ထောက်ကြည့်တော့ ကျွန်တော့်နားစည်တွေကွဲထွက်မတတ် ခုန်နေတဲ့ နှလုံးခုန်သံတွေကို ကြားရပါတယ်။ နားထောင်နေရင်း ကျွန်တော်ပါ ရင်တွေခုန်လာသလို ခံစားရပြီး သူ့ကို ကြောင်ပြီး ကြည့်နေမိပါတယ်။ ကျွန်တော်သတိဝင်လာတော့ ရင်ဘတ်ပေါ်ထောက်ထားတဲ့ နားကြပ်က နေရာလွဲနေပြီး ချွေးစေးတွေထွက်ပြီးအေးစက်နေတဲ့ ကျွန်တော့်လက်ကို သူဆုပ်ကိုင်ထားတာကို သိလိုက်ရပါတယ်။

``ဆရာ ဘာဖြစ်သွားတာလဲ´´

``ဟင် ဘာ ဘာ ဘာမှ မဖြစ်ဘူး ဟိုဟာလေ မင်း နှလုံးရောဂါဖြစ်နေတယ်ထင် ထင်တယ်´´

``အဲဒါ ဘာလုပ်ရမလဲ ဆရာ တကယ်နေရခက်နေပြီ ညညလည်း အိပ်မပျော်ဘူး တရားလည်းမှတ်မရဘူး အတွေးတွေလည်း ဘာတွေတွေးနေမိမှန်းမသိဘူး´´

သူပြောနေတုန်း ဆရာတော်ဆေးခန်းဘက်ကို ကြွလာတာတွေ့ရတာမို့ ကျွန်တော်လည်း ပြောမိပြောရာပြောလိုက်ပါတယ်။

``အဲ အဲဒါ ဝေဒနာတွေပေါ်တာပဲ တရားရတာထင်တယ် ဆရာတော့်ကို လျှောက်ပေးမယ်နော်´´

``အာ မ မလုပ်ပါနဲ့ ဆရာရယ် တောင်းပန်ပါတယ် အဲလိုကြီးတော့´´

သူတောင်းပန်နေတဲ့ကြားက ကျွန်တော်ဆရာတော်ဘုရားကို လျှောက်လိုက်တော့ ဆရာတော်ရဲ့နောက်ကို သူပါသွားပါတယ်။ ထွက်သွားခါနီး

``ရက်ချက်တယ်ဗျာ´´ လို့ပြောသွားပါတယ်။

ကျန်တဲ့သူတွေကို ကြည့်ပေးပြီး ဆရာတော်ဘုရားရဲ့ သိမ်ကျောင်းပေါ်လှမ်းကြည့်တော့ ဆရာတော်သူ့ကို တရားစစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်ကြည့်ပြီးရယ်တော့ သူက မျက်နှာမဲ့ပြပါတယ်။ အဲဒီညမှာ ကျွန်တော်လည်း နှလုံးရောဂါရချင်သလိုပါပဲ။ စည်းချက်မမှန်ဘဲ ဆူဆူညံညံခုန်နေတဲ့ ကျွန်တော့်နှလုံးခုန်သံတွေကို နားကြပ်နဲ့ အထပ်ထပ်နားထောင်ရင်း ရောဂါနာမည်ကို စဉ်းစားနေမိတယ်။



(၇)

အကြတ်နေ့ (၁)

မနက်ခင်းတရားစခန်းကိုသွားဖို့ ပြင်ပြီး အိမ်ကစောစောစီးစီးထွက်လာခဲ့ပါတယ်။ မနက်စောစောဆို ရေမကစားကြသေးဘူးဆိုတော့ သင်္ကြန်ရေမထိချင်တဲ့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ ဆေးခန်းကိုရောက်တော့ မနက်စောစော တရားစခန်း ချက်ပြုတ်ရေးအဖွဲ့ကလူတွေ မူးလို့၊ ခါးနာလို့ စတဲ့ ပြသာနာတွေကို ဖြေရှင်းရပါတော့မယ်။ မနေ့က နှလုံးရောဂါသည်လေးတော့ ပေါ်မလာတော့ပါဘူး။ တရားထိုင်သွားတော့လည်း မတွေ့ရပါဘူး။ ဆေးခန်းကိုလာနေကြတဲ့ လူတွေထဲမှာများ မြင်နေကျမျက်နှာလေးနဲ့ အကြံအဖန်လုပ်တတ်တဲ့သူ့ကိုများတွေ့ရနိုးနိုး မျှော်နေပေမယ့် မနက်ခင်းသာပြီးသွားတယ် ပျောက်ချက်သားကောင်းနေပါတယ်။

နေ့ခင်းနားရတဲ့အချိန်လေးမှာ သူနဲ့ဆုံခဲ့ဖူးတဲ့ ပိတောက်ပင်ကြီးအောက်ကို ကျွန်တော်ထွက်လာမိတယ်။ ပိတောက်တွေကို မော့ကြည့်နေတုန်း လေအဝှေ့မှာ ကြွေသွားတဲ့ ပိတောက်ပန်းတွေက ကျွန်တော့်အပေါ်ကို ခပ်ကျဲကျဲကျလာကြတယ်။

``ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ´´

ကျွန်တော်လန့်သွားပြီး လှည့်ကြည့်မိတယ်။

``အာ ဘာဖြစ်တာလဲ ၀ိုင်ရ ကျွန်တော့်ကိုတွေ့တာများ အလန့်တကြားနဲ့´´

``နေစမ်းပါဦး မင်းကဘယ်ကိုပျောက်နေတာလဲ.. ဟင်… ၀တ်ထားတာကလည်း မင်းပြောသလို တရားစခန်းဖက်ရှင်လည်းမဟုတ်ပါလား´´

``အဟဲ ဟုတ်တယ် ကျွန်တော် တရားစခန်းကထွက်လိုက်ပြီဗျ´´

``ဘယ်လို´´

``လာပါ ၀ိုင်ရာ ဆေးခန်းထဲမှာ အေးအေးဆေးဆေးပြောပြမယ်´´

ဆေးခန်းထဲရောက်တော့ ဆရာတော်တရားစစ်တဲ့နေ့က တလွဲတွေဖြေမိကြောင်း၊ တရားစခန်းရောက်နေရတာကလည်း မိဘတွေက အတင်းလာပို့ထားတာဖြစ်ကြောင်း၊ တရားအားထုတ်နေရတာ စိတ်မပါလို့ အစာအိမ်အကြောင်းပြပြီး ထွက်လိုက်ကြောင်း နှင့် ရတနာပုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ကြောင်းတွေကို ပြောပြပါတယ်။



``အင်း မိဘတွေက မနိုင်လို့ လာပို့ထားပုံအရတော့ တော်တော်ဆိုးတဲ့ပုံပဲ´´

``နည်းနည်းပါဗျာ ၀ိုင်ကလည်း´´

``ဒါနဲ့ တရားစခန်းကထွက်ပြီဆိုပြီး ခုဘယ်လိုလုပ် ဒီကိုပြန်ရောက်နေတာလဲ´´

``၀ိုင်နေ့တိုင်း ပင်ပန်းနေတာကို မကြည့်ရက်လို့ ၀ိုင့်ကို လာကူပေးတာ´´

သူ့စကားကြောင့် ကျွန်တော် ရယ်မောလိုက်ပါတယ်။

``ငါ့ကို ကူပေးမယ် ဟုတ်လား ဘယ်လိုကူပေးမှာတုန်း ဆေးခန်းမှာ လာတဲ့သူတွေကို အလှည့်ကျ တန်းစီပေးမှာလား ဘယ်လိုနေရာတွေမှာ ၀င်ကူပေးမှာတုန်း´´

``အဟဲ အဲဒါတော့ ကျွန်တော်လည်းမသိဘူး ဘာပဲလုပ်ရလုပ်ရ လုပ်အားဒါနပေါ့ ၀ိုင့်လိုပဲလေ´´

``လုပ်အားဒါနဆိုလည်း တရားစခန်းမှာ ကူဖို့နေရာတွေအများကြီးပါကွာ ဘာလို့ဆေးခန်းမှာမှ လာကူချင်ရတာလဲ´´

``အာ ၀ိုင်ကလည်း အဲဒီနေရာမှာတွေက သူ့လူနဲ့သူ လုံလောက်ပြီးသားလေ ဆေးခန်းမှာက ၀ိုင်တစ်ယောက်တည်း Run နေရတာ ပြီးတော့ ကျွန်တော်နဲ့က အရင်ဘ၀ကရေစက်ပါခဲ့လို့ ခုလိုလာဆုံတယ် နောင်ဘ၀လည်းရေစက်ဆုံအောင် အတူတူလုပ်အားဒါနပေးကြမယ်လေ´´

သူ့စကားက ဟိုလိုလို ဒီလိုလိုမို့ ကျွန်တော် အရင်ညက နှလုံးရောဂါတောင်ပြန်ထချင်လာသလိုပဲ။

နောက်တော့ ဆေးခန်းမှာ ကူချင်နေတဲ့ သူ့ကို သွေးဖိအားတိုင်းတာ၊ ကိုယ်အပူချိန်တိုင်းတာတွေကို ကျွန်တော်သင်ပေးလိုက်ပြီး ဆေးခန်းကြည့်ချိန်မှာ စောင့်ကြည့်တော့ အဆင်ပြေပါတယ်။ ကျွန်တော်လည်း နည်းနည်းသက်သာသွားသလို နားကြပ်ကြီးကိုဟန်ပါပါနဲ့ လာသမျှလူ Pressure တိုင်းနေတဲ့သူလည်း သဘောတွေကျနေပါတယ်။ သူလာကူနေတဲ့ ညနေအချိန်လေးမှာပဲ Hypoglycemia နဲ့ ရောက်လာတဲ့ အဘွားတစ်ယောက်ကို Glucose ထိုးပေးဖို့ ဆေးပုလင်းလေးကို ခွဲလိုက်တဲ့အခါ အခန့်မသင့်ဘဲ ကျွန်တော့်လက်မနဲ့ပုလင်းစနဲ့ ရှသွားပါတယ်။ အတွင်းထဲထိ ပုလင်းစက ၀င်သွားတာမို့ သွေးတွေအရမ်းထွက်လာပါတယ်။ ကျွန်တော်ဂရုမစိုက်ဘဲ ဒဏ်ရာကို ဂွမ်းနဲ့ဖိကပ် နောက်ပုလင်းထပ်ခွဲပြီး အဘွားကို ဆေးသွင်းပေးနေပါတယ်။ ဆေးသွင်းပြီးတော့ သူရောက်လာတယ်။

``ဟင် ၀ိုင် ဘာဖြစ်တာလဲ´´

``ဆေးပုလင်းရှတာပါကွာ`´

``ဟာ ကျွန်တော့်ကို ပြပါဦး´´

သူကျွန်တော့်လက်ကို အတင်းဆွဲယူပြီး ဒဏ်ရာကိုကြည့်ပါတယ်။

``ဟာ အများကြီးပဲ ၀ိုင်´´

သူပြောလည်းပြော ကျွန်တော့်ဒဏ်ရာက သွေးတွေကို ပါးစပ်နဲ့ငုံလိုက်ပါတယ်။ သူ့အပြုအမူကြောင့် ကျွန်တော်အံ့သြမှင်သက်သွားရပြီး ငေးနေမိပါတယ်။ ထိခိုက်ဒဏ်ရာရရင် တော်တော်နဲ့သွေးမတိတ်တတ်တဲ့ ကျွန်တော့်သွေးတွေ သူ့အာငွေ့ကြောင့်ပဲလား ဘာကြောင့်လားတော့မသိဘူး ခဏနေတော့သွေးတိတ်သွားပါတယ်။ သူကိုယ်တိုင် ပတ်တီးစည်းပေးပြီးတဲ့နောက် ဆေးခန်းထဲမှာ ဆက်ပြီးတော့ လုပ်နေရပေမယ့် ကျွန်တော့်စိတ်တွေဘာတွေဖြစ်နေမှန်းကိုမသိတော့ပဲ စိတ်နဲ့လူမကပ်တော့ပါဘူး။ ညအိမ်ပြန်ရောက်ပြီး ညည့်နက်တဲ့အထိ အိပ်မပျော်နိုင်ဘဲ ကျွန်တော်သူ့အကြောင်းတွေတွေးနေမိရင်းက ညနေခင်းက အဖြစ်အပျက်တစ်ခုမှာ ကျွန်တော်အံ့သြသာယာမိသွားတယ်ဆိုတာကို ကိုယ့်ကိုယ်ကို ဆန်းစစ်မိသွားပါတယ်။ ညည့်နက်လာပေမယ့် အိပ်မပျော်နိုင်တဲ့ ကျွန်တော် အိပ်ဆေးသောက်အိပ်လိုက်ပါတယ်။ ဒါပေမယ့် သူ အိပ်မက်ထဲထိ ပါလာခဲ့တယ်။