လူအတော်များများက
အရိုးဆိုတာ မာကြောတယ်၊ အသက်မရှိတဲ့အရာတစ်ခုလို့ တွေးထင်ကြပါတယ်။ တကယ်တော့ အရိုးဆိုတာ
အသစ်ဖြစ်ပေါ်လိုက် ပျက်စီးသွားလိုက်နဲ့ အဆက်မပြတ်ဖြစ်နေတဲ့ တစ်ရှုးတစ်မျိုးပဲဖြစ်ပါတယ်။
အရိုးပွတဲ့သူတွေမှာတော့ ပျက်စီးသွားတဲ့ တစ်ရှုးနေရာတွေမှာ အသစ်ဖြစ်ပေါ်မယ့် တစ်ရှုးတွေက
အစားမထိုးနိုင်တော့ပဲ ဖြစ်နေမှာပါ။
ငယ်ရွယ်တဲ့ကလေးဘ၀မှာ
အရိုးတွေရဲ့ဖွံ့ဖြိုးမှုဟာ မြန်ဆန်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း အားနည်းလာပါတယ်။
အရိုးတွေဆန့်ထွက်မှုက အသက် ၁၆နှစ်နဲ့ ၁၈ကြားမှာ ရပ်သွားပါတယ်။ အရိုးသိပ်သည်းဆကတော့ အသက်
၂၀ နောက်ပိုင်းအထိ ဖွံ့ဖြိုးပါတယ်။
အရိုးအားနည်းလာခြင်းဟာ
အသက်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အချို့လူတွေမှာတော့
အရိုးပွခြင်းနဲ့ အရိုးကျိုးလွယ်ခြင်းစတာတွေဖြစ်ကြပါတယ်။
အရိုးပွလာခြင်း(Osteoporosis)က
အရိုးတွေကို အားနည်းလာစေပြီး ကျိုးလွယ်ကြေလွယ်ပါတယ်။ အရိုးပွတဲ့သူတွေမှာ ချော်လဲတာ၊
အလေးအပင် မတာ စတဲ့နေရာမျိုးတွေမှာ လွယ်လွယ်ကူကူနဲ့ အရိုးကျိုးလွယ်ပါတယ်။ အရိုးပွခြင်းကြောင့်
အကျိုးလွယ် ထိခိုက်လွယ်ဆုံး အတွေ့ရများတဲ့နေရာတွေကတော့ တင်ဆုံရိုး၊ လက်ကောက်ဝတ်နဲ့
ကျောရိုးဖြစ်ပါတယ်။
အရိုးပွခြင်းက
အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး လူမျိုးမရွေးပါဘူး။ အမျိုးသမီးတွေမှာတော့
သွေးဆုံးပြီးချိန်မှာ အရိုးပွခြင်းဖြစ်ဖို့ အမြင့်မားဆုံးဖြစ်ပါတယ်။ နည်းလမ်းမှန်တဲ့ အစားအသောက်၊ အလေးမတဲ့လေ့ကျင့်ခန်းတချို့ကတော့
အရိုးပွတာကို သက်သာစေပြီး အရိုးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
လက္ခဏာများ
ü ကျောရိုးများ ယိုယွင်းလာသောကြောင့်
ခါးနာခြင်း
ü အရပ်ဖွံ့ဖြိုးမှု နိမ့်ကျလာခြင်း
ü ခါးကုန်းလာခြင်း
ü အရိုးကျိုးလွယ်ခြင်း
ဘယ်လိုလူတွေဖြစ်နိုင်သလဲ
အရိုးပွခြင်းကိုဖြစ်နိုင်သောအကြောင်းအရာများထဲမှာ
တချို့အကြောင်းအရာတွေက ကျွန်တော်တို့တွေ ပြုပြင်လို့ မရတာတွေပါဝင်ပါတယ်။ ဥပမာ- အမျိုးသမီးဖြစ်နေခြင်း၊
အသက်အရွယ်အရဖြစ်ခြင်း၊ မျိုးရိုးလိုက်ခြင်းနဲ့ ခန္ဓာကိုယ်အရွယ်အစား။
Sex Hormones တွေ နည်းလာတာဟာလည်း အရိုးကို
အားနည်းစေပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးချိန်မှာ Oestrogen (အီစထရိုဂျင်) ဟော်မုန်းတွေ နည်းလာပါတယ်။ ဒါဟာ အရိုးပွခြင်းကို
ဖြစ်စေဖို့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကင်ဆာကုသမှုကို ခံယူနေတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင်ဟော်မုန်းတွေ
နည်းပါတယ်။ အမျိုးသားတွေမှာတော့ အသက်အရွယ်ကြီးလာတာနဲ့ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းတွေ နည်းလာပါတယ်။ ဆီးကျိတ်ကင်ဆာအတွက်
ကုသမှုခံယူနေရတဲ့ အမျိုးသားတွေမှာလည်း ဒီဟော်မုန်းနည်းတဲ့အတွက် အရိုးတွေကို အားနည်းစေပါတယ်။
သိုင်းရွက်ဟော်မုန်းတွေများလာရင်လည်း အရိုးတွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် သိုင်းရွက်ဟော်မုန်းကုသမှုမှာ
သိုင်းရွက်ဟော်မုန်းဆေးဝါးတွေ သောက်သုံးရသူတွေမှာဖြစ်တတ်ပါတယ်။ Calcium ဓါတ်ချို့တဲ့မှုဟာလည်း
အရိုးပွခြင်းကို ဖြစ်စေဖို့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ Calcium ဓါတ် ရယူမှုနည်းတဲ့အခါ
အရိုးတွေရဲ့ သိပ်သည်းဆဟာ လျော့လာမယ် ပြီးတော့ အလွယ်တကူကျိုးလွယ်ပါတယ်။ မစားချင်မသောက်ချင်တဲ့သူတွေ
အစားအလွန်ရှောင်သူတွေဟာလည်း အရိုးပွခြင်းကို ခံစားရနိုင်ပါတယ်။ အစားအသောက်နည်းတဲ့အတွက်
ခန္ဓာကိုယ်က ရရှိမယ့် ကယ်လိုရီပမာဏ၊ ပရိုတိန်းနဲ့ ကယ်လ်စီယမ်တွေက နည်းပါးသွားပါတယ်။
အမျိုးသမီးတွေမှာဆိုရင် အစားရှောင်တဲ့အတွက် Menstruation (ရာသီလာခြင်း)ကို ပါ ပုံမှန်မဖြစ်စေဘဲ
အရိုးတွေကို အားနည်းစေပါတယ်။ အစားရှောင်တဲ့ အမျိုးသားတွေမှာတော့ Sex Hormones တွေနည်းပြီး
အရိုးတွေကို အားနည်းလာစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ခွဲစိတ်ပြုပြင်ထားသူတွေမှာလည်း
အရိုးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုအားနည်းတာကြောင့် အရိုးပွခြင်းကို ဖြစ်စေပါတယ်။
Predisone နဲ့ Cortisone လိုဆေးဝါးတွေကို ရေရှည်သောက်သုံးနေရတဲ့သူတွေမှာ ဆေးဝါးကြောင့်
အရိုးဖွံ့ဖြိုးမှုကို ဟန့်တားစေပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ အရိုးပွခြင်းကို ခံစားရနိုင်ပါတယ်။
အချိန်ကြာမြင့်စွာအထိုင်များသူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေနဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေမှာလည်း
အရိုးပွနိုင်ချေများပါတယ်။
အရိုးပွလာရင် ဆေးဝါးတွေ ဟော်မုန်းကုထုံးတွေနဲ့
ကုသကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ပုံစံကို ပြောင်းလဲတာမျိုးတွေ လုပ်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အရိုးပျက်စီးစေတာမို့ ဆေးလိပ်သောက်သုံးမှုကို ရှောင်ရပါမယ်။ အရက်အလွန်သောက်သုံးခြင်းကလည်း
အရိုးတစ်ရှုးတွေ အသစ်ဖြစ်ပေါ်မှုကို ဟန့်တားတာမို့ ရှောင်ရပါမယ်။
ကာကွယ်ရန်နည်းလမ်းများ
အရိုးဖွံ့ဖြိုးမှုမှာ အဓိက ကျတဲ့
Calcium ပမာဏ ကို လုံလောက်အောင် သုံးစွဲရပါမယ်။ အသက် ၁၈-၅၀ ကြား အမျိုးသား၊ အမျိုးသမီးတွေမှာ
နေ့စဉ် Calcium ပမာဏ 1000 မီလီဂရမ်လိုအပ်ပါတယ်။ အမျိုးသမီးတွေက အသက် ၅၀နဲ့ အမျိုးသားတွေက
အသက် ၇၀ လောက်ဆိုရင်တော့ နေ့စဉ် Calcium လိုအပ်မှုပမာဏက 1200 မီလီဂရမ်ထိ တိုးသွားပါတယ်။
Calcium ကို ကောင်းကောင်းရနိုင်တဲ့ အစားအစာတွေကတော့ အဆီနည်းသော နို့ထွက်ပစ္စည်းများ၊
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆော်လမွန်ငါးများ၊ ငါးသေတ္တာများ၊ ပဲမှပြုလုပ်သောအစားအစာ
(တိုဖူး)၊ လိမ္မော်ရည်နဲ့ ကောက်ပဲသီးနှံများဖြစ်ပါတယ်။ Calcium ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ
မရနိုင်တာမျိုး၊ ရှားပါးတာမျိုးဆိုရင်တော့ ဆေးဆိုင်တွေမှာ Calcium ဆေးပြားလေးတွေရှိပါတယ်။
Calcium ကို ဖြည့်စွက်စာအနေနဲ့ ဆရာဝန်ညွှန်ကြားမှုခံယူပြီး သောက်သုံးလို့ရပါတယ်။ မိမိသဘောအတိုင်း
Calcium တွေကို အလွန်အကျွံသောက်သုံးမှုက နှလုံးနဲ့ပတ်သက်တဲ့ ပြသာနာတွေ၊ ကျောက်ကပ်မှာ
ကျောက်တည်တာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Calcium စုပ်ယူမှုကို အားပေးတဲ့
Vitamin D ကလည်း အရေးကြီးပါတယ်။ လူတွေတော်တော်များများကတော့ Vitamin D ကို နေရောင်ခြည်ကနေ
ရကြပါတယ်။ တချို့လူတွေမှာကျတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့
အရေပြားကင်ဆာကို ကာကွယ်ဖို့ နေကာမျက်မှန်၊ နေလောင်ခံပစ္စည်းတွေ အသုံးပြုတာကြောင့်
Vitamin D ကို ရယူမှုနည်းသွားပါတယ်။ သွေးထဲမှာ Vitamin D နည်းနေတယ်ဆိုရင်တော့ ဆရာဝန်က
သင့်တော်တဲ့ ပမာဏ သောက်သုံးဖို့ညွှန်ကြားမှာဖြစ်ပါတယ်။
ပုံမှန်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း
အရိုးကို သန်မာစေပြီး ပျက်စီးယိုယွင်းမှုတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊
ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ စကိတ်စီးခြင်းနဲ့ အလေးမခြင်းစတဲ့ လေ့ကျင့်ခန်းတွေဟာ အရိုးအဆစ်တွေကို
သန်မာစေပါတယ်။
အရိုးပွတာဟာ လူတော်တော်များများ သတိမထားကြတဲ့
အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးမှ ဖြစ်တယ်လို့ ယေဘုယျဆိုပေမယ့် ငယ်ရွယ်သူတွေမှာလည်းဖြစ်တတ်ပါတယ်။
အရိုးအတွက် အားဖြည့်ဆေးရောင်းတဲ့ ကုမ္ပဏီတစ်ခုက အရောင်းမြှင့်တင်ရေးပွဲလုပ်တော့ ကျွန်တော့်ကို
ဖိတ်ပါတယ်။ ကုမ္ပဏီကပွဲမှာ တက်လာတဲ့သူတွေနဲ့ စိတ်ဝင်စားသူတွေရဲ့ အရိုးသိပ်သည်းဆကို စမ်းသပ်ပေးပါတယ်။
ဆေးပညာအရတော့ DEXA Scan(Dual X-ray Absorptiometry) လို့ခေါ်ပါတယ်။ ကျွန်တော်သတိထားမိတာ
တစ်ခုက လာပြီးစမ်းသပ်ခံကြတဲ့အထဲမှာ လူငယ်တွေတော်တော်များများ ပါပါတယ်။ တိုင်းတာပြီးသွားတဲ့သူတွေရဲ့
အဖြေကို ကုမ္ပဏီက အစိမ်းရောင်လို့ပြထားတဲ့ ကျန်းမာတဲ့ အရိုးထဲမှာလား၊ အ၀ါရောင်လို့ပြထားတဲ့
အရိုးယိုယွင်းမှုတွေဖြစ်နေပြီလား၊ အနီရောင်ထဲရောက်ပြီး အရိုးတွေ ပျက်စီးနေပြီလားဆိုတာကို
တစ်ဦးချင်းပြပေးပါတယ်။ ကျွန်တော်တွေ့လိုက်တာက စမ်းသပ်မှုလာလုပ်တဲ့ လူငယ်တော်တော်များများဟာ
အသက်ငယ်သေးပေမယ့် အရိုးသိပ်သည်းဆအဖြေမှာ အ၀ါရောင်တွေများတာကို တွေ့မိပါတယ်။ သတိမထားဘဲ
ဆက်သွားရင် အသက်အရွယ်ရလာရင် အရိုးအားနည်းသူတွေများလာနိုင်တာကို တွေးမိပါတယ်။ ကျွန်တော်တို့က
ကျန်းမာရေးအသိပညာတွေနဲ့ ကာကွယ်သွားရင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်မှာပါ။
အနာရောဂါကင်းတဲ့ ဘ၀ကို လူတိုင်း လိုချင်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတများကို
သိရှိလိုက်နာရင်း သာယာပျော်ရွှင်တဲ့ ဘ၀များကို ပိုင်ဆိုင်ကြပါစေ။
ဝိုင်