Tuesday, August 11, 2015

အရိုးပွခြင်းအကြောင်းသိကောင်းစရာ

လူအတော်များများက အရိုးဆိုတာ မာကြောတယ်၊ အသက်မရှိတဲ့အရာတစ်ခုလို့ တွေးထင်ကြပါတယ်။ တကယ်တော့ အရိုးဆိုတာ အသစ်ဖြစ်ပေါ်လိုက် ပျက်စီးသွားလိုက်နဲ့ အဆက်မပြတ်ဖြစ်နေတဲ့ တစ်ရှုးတစ်မျိုးပဲဖြစ်ပါတယ်။ အရိုးပွတဲ့သူတွေမှာတော့ ပျက်စီးသွားတဲ့ တစ်ရှုးနေရာတွေမှာ အသစ်ဖြစ်ပေါ်မယ့် တစ်ရှုးတွေက အစားမထိုးနိုင်တော့ပဲ ဖြစ်နေမှာပါ။
ငယ်ရွယ်တဲ့ကလေးဘ၀မှာ အရိုးတွေရဲ့ဖွံ့ဖြိုးမှုဟာ မြန်ဆန်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း အားနည်းလာပါတယ်။ အရိုးတွေဆန့်ထွက်မှုက အသက် ၁၆နှစ်နဲ့ ၁၈ကြားမှာ ရပ်သွားပါတယ်။ အရိုးသိပ်သည်းဆကတော့ အသက် ၂၀ နောက်ပိုင်းအထိ ဖွံ့ဖြိုးပါတယ်။
အရိုးအားနည်းလာခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အချို့လူတွေမှာတော့ အရိုးပွခြင်းနဲ့ အရိုးကျိုးလွယ်ခြင်းစတာတွေဖြစ်ကြပါတယ်။
အရိုးပွလာခြင်း(Osteoporosis)က အရိုးတွေကို အားနည်းလာစေပြီး ကျိုးလွယ်ကြေလွယ်ပါတယ်။ အရိုးပွတဲ့သူတွေမှာ ချော်လဲတာ၊ အလေးအပင် မတာ စတဲ့နေရာမျိုးတွေမှာ လွယ်လွယ်ကူကူနဲ့ အရိုးကျိုးလွယ်ပါတယ်။ အရိုးပွခြင်းကြောင့် အကျိုးလွယ် ထိခိုက်လွယ်ဆုံး အတွေ့ရများတဲ့နေရာတွေကတော့ တင်ဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးဖြစ်ပါတယ်။
အရိုးပွခြင်းက အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး လူမျိုးမရွေးပါဘူး။ အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီးချိန်မှာ အရိုးပွခြင်းဖြစ်ဖို့ အမြင့်မားဆုံးဖြစ်ပါတယ်။  နည်းလမ်းမှန်တဲ့ အစားအသောက်၊ အလေးမတဲ့လေ့ကျင့်ခန်းတချို့ကတော့ အရိုးပွတာကို သက်သာစေပြီး အရိုးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
လက္ခဏာများ
ü  ကျောရိုးများ ယိုယွင်းလာသောကြောင့် ခါးနာခြင်း
ü  အရပ်ဖွံ့ဖြိုးမှု နိမ့်ကျလာခြင်း
ü  ခါးကုန်းလာခြင်း
ü  အရိုးကျိုးလွယ်ခြင်း
ဘယ်လိုလူတွေဖြစ်နိုင်သလဲ

အရိုးပွခြင်းကိုဖြစ်နိုင်သောအကြောင်းအရာများထဲမှာ တချို့အကြောင်းအရာတွေက ကျွန်တော်တို့တွေ ပြုပြင်လို့ မရတာတွေပါဝင်ပါတယ်။ ဥပမာ- အမျိုးသမီးဖြစ်နေခြင်း၊ အသက်အရွယ်အရဖြစ်ခြင်း၊ မျိုးရိုးလိုက်ခြင်းနဲ့ ခန္ဓာကိုယ်အရွယ်အစား။
Sex Hormones တွေ နည်းလာတာဟာလည်း အရိုးကို အားနည်းစေပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးချိန်မှာ Oestrogen (အီစထရိုဂျင်) ဟော်မုန်းတွေ နည်းလာပါတယ်။ ဒါဟာ အရိုးပွခြင်းကို ဖြစ်စေဖို့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကင်ဆာကုသမှုကို ခံယူနေတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင်ဟော်မုန်းတွေ နည်းပါတယ်။ အမျိုးသားတွေမှာတော့ အသက်အရွယ်ကြီးလာတာနဲ့ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းတွေ နည်းလာပါတယ်။ ဆီးကျိတ်ကင်ဆာအတွက် ကုသမှုခံယူနေရတဲ့ အမျိုးသားတွေမှာလည်း ဒီဟော်မုန်းနည်းတဲ့အတွက် အရိုးတွေကို အားနည်းစေပါတယ်။ သိုင်းရွက်ဟော်မုန်းတွေများလာရင်လည်း အရိုးတွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် သိုင်းရွက်ဟော်မုန်းကုသမှုမှာ သိုင်းရွက်ဟော်မုန်းဆေးဝါးတွေ သောက်သုံးရသူတွေမှာဖြစ်တတ်ပါတယ်။ Calcium ဓါတ်ချို့တဲ့မှုဟာလည်း အရိုးပွခြင်းကို ဖြစ်စေဖို့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ Calcium ဓါတ် ရယူမှုနည်းတဲ့အခါ အရိုးတွေရဲ့ သိပ်သည်းဆဟာ လျော့လာမယ် ပြီးတော့ အလွယ်တကူကျိုးလွယ်ပါတယ်။ မစားချင်မသောက်ချင်တဲ့သူတွေ အစားအလွန်ရှောင်သူတွေဟာလည်း အရိုးပွခြင်းကို ခံစားရနိုင်ပါတယ်။ အစားအသောက်နည်းတဲ့အတွက် ခန္ဓာကိုယ်က ရရှိမယ့် ကယ်လိုရီပမာဏ၊ ပရိုတိန်းနဲ့ ကယ်လ်စီယမ်တွေက နည်းပါးသွားပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အစားရှောင်တဲ့အတွက် Menstruation (ရာသီလာခြင်း)ကို ပါ ပုံမှန်မဖြစ်စေဘဲ အရိုးတွေကို အားနည်းစေပါတယ်။ အစားရှောင်တဲ့ အမျိုးသားတွေမှာတော့ Sex Hormones တွေနည်းပြီး အရိုးတွေကို အားနည်းလာစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ခွဲစိတ်ပြုပြင်ထားသူတွေမှာလည်း အရိုးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုအားနည်းတာကြောင့် အရိုးပွခြင်းကို ဖြစ်စေပါတယ်။ Predisone နဲ့ Cortisone လိုဆေးဝါးတွေကို ရေရှည်သောက်သုံးနေရတဲ့သူတွေမှာ ဆေးဝါးကြောင့် အရိုးဖွံ့ဖြိုးမှုကို ဟန့်တားစေပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ အရိုးပွခြင်းကို ခံစားရနိုင်ပါတယ်။ အချိန်ကြာမြင့်စွာအထိုင်များသူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေနဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေမှာလည်း အရိုးပွနိုင်ချေများပါတယ်။
အရိုးပွလာရင် ဆေးဝါးတွေ ဟော်မုန်းကုထုံးတွေနဲ့ ကုသကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ပုံစံကို ပြောင်းလဲတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရိုးပျက်စီးစေတာမို့ ဆေးလိပ်သောက်သုံးမှုကို ရှောင်ရပါမယ်။ အရက်အလွန်သောက်သုံးခြင်းကလည်း အရိုးတစ်ရှုးတွေ အသစ်ဖြစ်ပေါ်မှုကို ဟန့်တားတာမို့ ရှောင်ရပါမယ်။
ကာကွယ်ရန်နည်းလမ်းများ
အရိုးဖွံ့ဖြိုးမှုမှာ အဓိက ကျတဲ့ Calcium ပမာဏ ကို လုံလောက်အောင် သုံးစွဲရပါမယ်။ အသက် ၁၈-၅၀ ကြား အမျိုးသား၊ အမျိုးသမီးတွေမှာ နေ့စဉ် Calcium ပမာဏ 1000 မီလီဂရမ်လိုအပ်ပါတယ်။ အမျိုးသမီးတွေက အသက် ၅၀နဲ့ အမျိုးသားတွေက အသက် ၇၀ လောက်ဆိုရင်တော့ နေ့စဉ် Calcium လိုအပ်မှုပမာဏက 1200 မီလီဂရမ်ထိ တိုးသွားပါတယ်။ Calcium ကို ကောင်းကောင်းရနိုင်တဲ့ အစားအစာတွေကတော့ အဆီနည်းသော နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆော်လမွန်ငါးများ၊ ငါးသေတ္တာများ၊ ပဲမှပြုလုပ်သောအစားအစာ (တိုဖူး)၊ လိမ္မော်ရည်နဲ့ ကောက်ပဲသီးနှံများဖြစ်ပါတယ်။ Calcium ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ မရနိုင်တာမျိုး၊ ရှားပါးတာမျိုးဆိုရင်တော့ ဆေးဆိုင်တွေမှာ Calcium ဆေးပြားလေးတွေရှိပါတယ်။ Calcium ကို ဖြည့်စွက်စာအနေနဲ့ ဆရာဝန်ညွှန်ကြားမှုခံယူပြီး သောက်သုံးလို့ရပါတယ်။ မိမိသဘောအတိုင်း Calcium တွေကို အလွန်အကျွံသောက်သုံးမှုက နှလုံးနဲ့ပတ်သက်တဲ့ ပြသာနာတွေ၊ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Calcium စုပ်ယူမှုကို အားပေးတဲ့ Vitamin D ကလည်း အရေးကြီးပါတယ်။ လူတွေတော်တော်များများကတော့ Vitamin D ကို နေရောင်ခြည်ကနေ ရကြပါတယ်။ တချို့လူတွေမှာကျတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားကင်ဆာကို ကာကွယ်ဖို့ နေကာမျက်မှန်၊ နေလောင်ခံပစ္စည်းတွေ အသုံးပြုတာကြောင့် Vitamin D ကို ရယူမှုနည်းသွားပါတယ်။ သွေးထဲမှာ Vitamin D နည်းနေတယ်ဆိုရင်တော့ ဆရာဝန်က သင့်တော်တဲ့ ပမာဏ သောက်သုံးဖို့ညွှန်ကြားမှာဖြစ်ပါတယ်။
ပုံမှန်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း အရိုးကို သန်မာစေပြီး ပျက်စီးယိုယွင်းမှုတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ စကိတ်စီးခြင်းနဲ့ အလေးမခြင်းစတဲ့ လေ့ကျင့်ခန်းတွေဟာ အရိုးအဆစ်တွေကို သန်မာစေပါတယ်။

အရိုးပွတာဟာ လူတော်တော်များများ သတိမထားကြတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးမှ ဖြစ်တယ်လို့ ယေဘုယျဆိုပေမယ့် ငယ်ရွယ်သူတွေမှာလည်းဖြစ်တတ်ပါတယ်။ အရိုးအတွက် အားဖြည့်ဆေးရောင်းတဲ့ ကုမ္ပဏီတစ်ခုက အရောင်းမြှင့်တင်ရေးပွဲလုပ်တော့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကုမ္ပဏီကပွဲမှာ တက်လာတဲ့သူတွေနဲ့ စိတ်ဝင်စားသူတွေရဲ့ အရိုးသိပ်သည်းဆကို စမ်းသပ်ပေးပါတယ်။ ဆေးပညာအရတော့ DEXA Scan(Dual X-ray Absorptiometry) လို့ခေါ်ပါတယ်။ ကျွန်တော်သတိထားမိတာ တစ်ခုက လာပြီးစမ်းသပ်ခံကြတဲ့အထဲမှာ လူငယ်တွေတော်တော်များများ ပါပါတယ်။ တိုင်းတာပြီးသွားတဲ့သူတွေရဲ့ အဖြေကို ကုမ္ပဏီက အစိမ်းရောင်လို့ပြထားတဲ့ ကျန်းမာတဲ့ အရိုးထဲမှာလား၊ အ၀ါရောင်လို့ပြထားတဲ့ အရိုးယိုယွင်းမှုတွေဖြစ်နေပြီလား၊ အနီရောင်ထဲရောက်ပြီး အရိုးတွေ ပျက်စီးနေပြီလားဆိုတာကို တစ်ဦးချင်းပြပေးပါတယ်။ ကျွန်တော်တွေ့လိုက်တာက စမ်းသပ်မှုလာလုပ်တဲ့ လူငယ်တော်တော်များများဟာ အသက်ငယ်သေးပေမယ့် အရိုးသိပ်သည်းဆအဖြေမှာ အ၀ါရောင်တွေများတာကို တွေ့မိပါတယ်။ သတိမထားဘဲ ဆက်သွားရင် အသက်အရွယ်ရလာရင် အရိုးအားနည်းသူတွေများလာနိုင်တာကို တွေးမိပါတယ်။ ကျွန်တော်တို့က ကျန်းမာရေးအသိပညာတွေနဲ့ ကာကွယ်သွားရင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်မှာပါ။ အနာရောဂါကင်းတဲ့ ဘ၀ကို လူတိုင်း လိုချင်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတများကို သိရှိလိုက်နာရင်း သာယာပျော်ရွှင်တဲ့ ဘ၀များကို ပိုင်ဆိုင်ကြပါစေ။
ဝိုင်



သိကောင်းစရာ အီဘိုလာ

ကမ္ဘာ့သတင်းမီဒီယာတွေမှာ အီဘိုလာဗိုင်းရပ်စ် ပြန်လည်ဦးမော့လာတဲ့ သတင်းတွေကို နေရာတော်တော်များများမှာ တွေ့နေရပါတယ်။ အီဘိုလာဗိုင်းရပ်စ်အကြောင်းနဲ့ ကူးစက်ပုံတွေ သူ့ရဲ့ သမိုင်းကြောင်းတွေကို စုစည်းပြီး စာဖတ်သူတွေသိရှိနိုင်ဖို့ ယခုဆောင်းပါးလေးမှာ တင်ဆက်လိုက်ပါတယ်။
Ebola virus disease (EVD) or Ebola hemorrhagic fever (EHF) ဟာ လူနဲ့အဆင့်မြင့်နို့တိုက်သတ္တ၀ါများဖြစ်တဲ့ လူဝံ၊ မျောက်စတဲ့ သတ္တ၀ါတွေမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာ အများစုကတော့ အအေးမိတုတ်ကွေးဖြစ်တာနဲ့ ဆင်တူပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက်မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာများနဲ့ စတင်ပါတယ်။ ယေဘုယျအားဖြင့် အသည်းနဲ့ကျောက်ကပ်တွေရဲ့ လုပ်ငန်းလုပ်ဆောင်မှုကျဆင်းလာပြီး အန်ခြင်း၊ ၀မ်းပျက်ခြင်း၊ အရေပြားတွင် အကွက်များပေါ်ခြင်းများဖြစ်ပေါ်တတ်ပါတယ်။ ကူးစက်ခံရသူဟာ ရောဂါလက္ခဏာတွေကို ခံစားနေရစဉ်အတွင်း ခန္ဓာကိုယ်အတွင်းနဲ့ အပြင်တွေမှာ သွေးထွက်ခြင်းများဖြစ်တတ်ပါတယ်။ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ချောင်းဆိုးလျှင်သွေးပါလာခြင်းစတဲ့ လက္ခဏာတွေဖြစ်လာရင်တော့ ကူးစက်ခံရသူရဲ့ အသက်အန္တရယ်ကို စိုးရိမ်ရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ရဲ့ ကူးစက်ပုံသမိုင်းကို ပြန်ကြည့်ရင် ဘယ်လိုနည်းနဲ့ကူးစက်ပျံ့နှံ့ခဲ့တယ်ဆိုတာ ရှင်းလင်းမှုမရှိပါဘူး။
ရောဂါပိုးရှိတဲ့ သတ္တ၀ါရဲ့ သွေး၊ ခန္ဓာကိုယ်မှ အရည်တွေကို နီးကပ်စွာထိတွေ့ကိုင်တွယ်မိရာက လူသားတွေဆီကို စတင်ရောက်ရှိလာတယ်လို့ဆိုကြပါတယ်။ အာဖရိကနိုင်ငံရဲ့ မိုးသစ်တောတွေထဲက ရောဂါပိုးကူးစက်ခံရပြီး သေနေတဲ့ (သို့) နေမကောင်းဖြစ်နေတဲ့ ချန်ပီဇီတွေ၊ တောဆိတ်တွေ၊ အသီးစား လင်းနို့တွေ၊ ဖြူကောင်တွေ၊ မျောက်တွေမှာ ပိုးတွေ့ရှိရကြောင်း မှတ်တမ်းများရှိခဲ့ပါတယ်။ အာဖရိကမှာတော့ အသီးစားလင်းနို့မျိုးစိတ်တွေဖြစ်တဲ့ Hypsignathus monstrosus, Epomops franqueti and Myonycteris torquata, တွေကို အီဘိုလာဗိုင်းရပ်စ်ကို စတင်တဲ့ သဘာဝလက်ခံကောင်တွေအဖြစ် ယူဆထားကြပါတယ်။ လူသားတွေဆီကိုတော့
ရောဂါပိုးရှိနေတဲ့ သွေး သို့မဟုတ် ခန္ဓာကိုယ်ကအရည်တွေကို တိုက်ရိုက်ထိတွေ့မှုကနေရောက်ရှိလာပါတယ်လို့ ဆေးသုတေသနပညာရှင်တွေက ပြောဆိုကြပါတယ်။
အီဘိုလာသမိုင်း
ပထမဆုံးရှာဖွေတွေ့ရှိတာကတော့၁၉၇၆ခုနှစ် သြဂုတ်လ ၂၆ရက်နေ့ ကွန်ဂိုနိုင်ငံ၊ မွန်ဂလာခရိုင် ရမ်ဘူကူဆိုတဲ့ရွာလေးမှာဖြစ်ပါတယ်။ ပထမဆုံးကူးစက်ခံရသူကတော့ ရမ်ဘူကူကျေးရွာက စာသင်ကျောင်းက ကျောင်းအုပ်ဆရာ Mabalo Lokela ဖြစ်ပါတယ်။ သူဟာ အီဘိုလာမြစ်အနားမှာ သြဂုတ် ၁၂ မှ ၂၂ အထိ သွားလာလှုပ်ရှားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်မှာတော့ အီဘိုလာလို့အမည်တွင်လာမယ့် ဗိုင်းရပ်စ်ပိုးကြောင့် Mabalo Lokela ဟာ သေဆုံးခဲ့ပါတယ်။ ရောဂါပိုးဟာ ရမ်ဘူကူရွာလေးကနေ ဆက်လက်ပျံ့နှံ့ပြီး ၃၁၈ ဦး ကူးစက်ခံခဲ့ရကာ ၂၈၀ဦး သေဆုံးခဲ့ပါတယ်။ WHO မှ ရွာသူရွာသားများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ အကာအကွယ်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ဆေးပစ္စည်းကိရိယာများအား ပိုးသတ်ခြင်းစတဲ့ အကူအညီများပေးခဲ့ပါတယ်။ နောက်ပိုင်း ယူဂါန်ဒါနိုင်ငံနှင့်အခြားသောနိုင်ငံများဖြစ်တဲ့ ဂါဘွန်၊ ဆူဒန်နိုင်ငံများမှာ ရောဂါကူးစက်ခံရပြီး သေဆုံးမှုများရှိခဲ့ပါတယ်။ ရောဂါကူးစက်မှုတွေစဖြစ်ခါစမှာ Marburg ဗိုင်းရပ်စ်ကြောင့်လို့ပဲ ထင်မြင်ယူဆခဲ့ကြပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ Marburg နဲ့အမျိုးအစားတူတဲ့ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြပြီး အီဘိုလာမြစ်အနားက အစပြုတာကို အစွဲပြုပြီး အီဘိုလာဗိုင်းရပ်စ်လို့အမည်တွင်ခဲ့ပါတယ်။ ၁၉၈၉နှောင်းပိုင်းမှာတော့ ဗာဂျီးနီးယားမှာရှိတဲ့ ရက်စ်တွန်က Hazelton Research Products' Reston Quarantine Unit မမှာ ဖိလစ်ပိုင်က သဘောင်္နဲ့တင်သွင်းလာတဲ့
ပုစွန်လုံးများကိုစားတဲ့မျောက်တွေမှာ ထူးခြားပြီး သေစေတဲ့အဖျားရောဂါ တစ်မျိုးကိုခံစားကြရတာကိုတွေ့ရှိပြီး စစ်ဆေးရာမှာ အီဘိုလာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကို စစ်ဆေးဖို့ ဆေးပညာအရ အောက်ပါ ဓါတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်နိုင်ပါတယ်။
 antibody-capture enzyme-linked immunosorbent assay (ELISA)
 antigen detection tests
 serum neutralization test
 reverse transcriptase polymerase chain reaction (RT-PCR) assay
 electron microscopy
 virus isolation by cell culture.
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေအတွက် ကာကွယ်ဆေး၊ တိကျသေချာတဲ့ ဆေးဝါးနှင့်ကုသမှုမျိုး၊ ကုထုံးမျိုးမရှိသေးပါဘူး။ ကာကွယ်ဆေးတွေကို စမ်းသပ်တီထွင်မှုအမျိုးမျိုးပြုလုပ်ခဲ့ကြပေမယ့် ဆေးဝါးကုသမှုတွေမှာ မသုံးနိုင်သေးတဲ့အနေအထားမှာရှိနေပါတယ်။
နောက်ဆုံးရသတင်းတစ်ခုမှာတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်တက္ကသိုလ်မှ အဏုဇီဝနှင့် ခုခံအားဗေဒပါမောက္ခ သောမတ်နှင့်အဖွဲ့က အီဘိုလာနှင့်အမျိုးအစားတူ Marburg ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးကိုစမ်းသပ်အောင်မြင်ပြီဟုပြောကြားထားပါတယ်။ Marburg ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ မျောက် ၂၁ကောင်ထဲမှ ၁၆ကောင်ကို အသစ်ဖော်စပ်ထုတ်လုပ်လိုက်တဲ့ အကြောဆေးပေးသွင်းခဲ့ရာ မျောက်များအားလုံးရှင်သန်ခဲ့ပြီး အကြောဆေးပေးမသွင်းဘဲ ထားတဲ့ ကျန်မျောက် ၅ ကောင်ကတော့ တစ်ပတ်ခန့်မှာသေဆုံးသွားခဲ့တာကို တွေ့ရှိခဲ့ရအပြီးမှာ သတင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
သက်ရှိသတ္တ၀ါတွေမှာ ကူးစက်နေတဲ့ Marburg ဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် ထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီး အီဘိုလာကူးစက်ခံလူနာများအတွက် ကုသပေးနိုင်ဖို့ ၄င်းအကြောဆေးကို လိုအပ်သလို အဆင်မြှင့်တင်ပြုပြင်ပြောင်းလဲနေပြီဖြစ်ပါတယ်။ ပညာရှင်များက အကြောဆေးကို ZMapp ဆေးနှင့် ပေါင်းစပ်အသုံးပြုပါက အစွမ်းထက်တဲ့ အီဘိုလာထိန်းချုပ်ကုသဆေးကို ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ အစောပိုင်းနေ့ရက်များအထိ Marburg ကိုလည်းကောင်း၊ Ebola ကိုလည်းကောင်း ထိန်းချုပ်တိုက်ဖျက်နိုင်မယ့် ဆေးဝါးကို တရားဝင်ကြေညာသုံးစွဲခြင်း မပြုနိုင်ဘဲရှိနေရာကနေ ပါမောက္ခသောမတ်ထုတ်လုပ်ခဲ့တဲ့ အကြောဆေးက အီဘိုလာဗိုင်းရပ်စ်ဆဲလ်ထဲ ၀င်လျှင်ဝင်ချင်းမှာပဲ တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ပါမောက္ခနဲ့အဖွဲ့က လူသားများအတွက် အသုံးပြုနိုင်ရန် အမြန်ဆုံး ကြိုးပမ်းနေကြပြီဖြစ်ပါတယ်။ ၄င်းဆေးဝါးနှင့်ပတ်သက်ပြီး ပညာရှင်အချို့မှ မယုံကြည်နိုင်မှု၊ ဝေဖန်မှုများရှိသော်လည်း ပါမောက္ခသောမတ်ကတော့ ယုံကြည်မှုရှိစွာ သတင်းမီဒီယာတွေကနေ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ လက်ရှိကမ္ဘာမှာ ဆိုးရွားတဲ့ရောဂါပိုးတစ်ခုဖြစ်နေပြီး အနောက်အာဖရိက တစ်ခုတည်းမှာတင် လူဦးရေ ၁၃၀၀သေဆုံးခဲ့ပြီး သေဆုံးမှုနှုန်း ၅၀ရာခိုင်နှုန်းကနေ
၆၀ရာခိုင်နှုန်းဖြစ်နေပါတယ်။ ဆေးဝါးကုသမှုမပြုလုပ်နိုင်လျှင်တော့ ၉၀ရာခိုင်နှုန်းအထိ တက်သွားဖွယ်ရှိတယ်လို့ ဆေးပညာရှင်များက ခန့်မှန်းပြောဆိုနေကြပါတယ်။
အီဘိုလာရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ဖို့ သတိပြုစရာအချက်လေးတွေရှိပါတယ်။ ကူးစက်မှုက သတ္တ၀ါတွေဆီကနေ လာနိုင်တာမို့ သံသယဖြစ်စရာ သတ္တ၀ါများ(အသီးစားလင်းနို့များ၊ မျောက်များ) ကို တိုက်ရိုက်ထိတွေ့မှုကနေ ရှောင်ကြဉ်ရပါမယ်။ ကိုင်တွယ်ရမည်ဆိုပါက လက်အိတ် သို့မဟုတ် သင့်လျော်တဲ့ အကာအကွယ်ဝတ်စုံကို ၀တ်ဆင်ပါ။ အီဘိုလာဗိုင်းရပ်စ်ဟာ သေဆုံးပြီးသတ္တ၀ါတွေက ထွက်တဲ့အရည်တွေမှာလည်း ရှိနေနိုင်တာမို့ ၄င်းသတ္တ၀ါတွေကို စားမည်ဆိုပါက သေချာစွာ ကျက်အောင်ချက်ပြုတ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လင်းနို့ကို ဟင်းတစ်ခွက်အဖြစ်စားတာ သိပ်မတွင်ကျယ်ပေမယ့် ပြည်ပအိမ်နီးချင်းနိုင်ငံတွေမှာ နှစ်သက်စွာစားသောက်နေကြတာကို တွေ့ဖူးပါတယ်။ မတော်တဆ သေချာချက်ပြုတ်မထားတဲ့ ရောဂါပိုးရှိသတ္တ၀ါကို လူက စားသောက်မိရာကနေ လူက ရောဂါပိုး သယ်ဆောင်သူအဖြစ် ရောက်ရှိလာပြီး လူလူချင်းကူးစက်စေနိုင်ပြန်ပါတယ်။ လူလူချင်း ကူးစက်တာကို လျှော့ချဖို့အတွက် ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကအရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု၊ နီးကပ်စွာထိတွေ့မှုကို ရှောင်ရပါမယ်။ ထိတွေ့ဖို့လိုအပ်လျှင်လည်း လုံခြုံသေချာတဲ့ လက်အိတ်နဲ့ အကာအကွယ်ဝတ်စုံကို ၀တ်ဆင်ရပါမယ်။ ပြီးရင်တော့ လက်ဆေးခြင်းကို သေချာစွာ ပြုလုပ်ရပါမယ်။ ရပ်ရွာလူထုအနေနဲ့လည်း သံသယဖြစ်စရာ လူနာများကြုံလာပါက သက်ဆိုင်ရာကို အမြန်ဆုံး သတင်းပေးပို့သင့်ပါတယ်။
ကျွန်တော်ဆောင်းပါးကိုရေးနေစဉ်အချိန်ထိတော့ မြန်မာနိုင်ငံမှာ အီဘိုလာကူးစက်ခံနေရပါပြီဆိုတာမျိုးကို မကြားရသေးပါဘူး။ စာရေးသူတို့ မြန်မာနိုင်ငံမှာ ဒီလိုရောဂါပိုးကူးစက်တာမျိုးကို ဖြစ်လည်းမဖြစ်စေချင်ပါဘူး။ သတင်းတွေမှာတော့ ကူးစက်ခံနေရတဲ့ နိုင်ငံတွေက သေဆုံးသူစာရင်းတွေနဲ့ ရောဂါကူးစက်နှုန်းတွေကို ကြောက်မက်ဖွယ် မြင်နေရပါတယ်။
''ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်'' ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့တွေအနေနဲ့ အီဘိုလာနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို ကြိုတင်သိရှိထားပြီး ကြိုတင်ကာကွယ်နိုင်စေဖို့ ယခုဆောင်းပါးလေးကို ကြိုးစားဖန်တီးလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်သောဘ၀များကိုပိုင်ဆိုင်ကြပါစေ။
ဝိုင်