Monday, October 3, 2016

ခေါင်းကိုက်ခြင်း



ခေါင်းကိုက်ခြင်းလို့ပြောမယ်ဆိုရင်တော့ ကျယ်ပြန့်တဲ့ အသုံးနှုန်း တစ်ခုဖြစ်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတာဟာ ဦးခေါင်းရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို နာကျင်ကိုက်ခဲတာကို ဆိုနိုင်ပြီး တစ်ခါတစ်ရံ ဦးခေါင်းရဲ့ နှစ်ဖက်လုံး သို့မဟုတ် တစ်ဖက်တစ်နေရာတည်းမှာ နာကျင်ကိုက်ခဲတာမျိုးကိုလည်း ဆိုနိုင်ပါတယ်။
ခေါင်းကိုက်ဝေဒနာခံစားရတဲ့ လူနာတွေဟာ ခေါင်းထဲမှာ စူးပြီးကိုက်တာမျိုး၊ ထိုးအောင့်ပြီး ကိုက်တာမျိုးစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ခံစားကြရပါတယ်။ တချို့လူတွေမှာ ရုတ်တရက် ကိုက်ခဲလာပြီး တစ်နာရီလောက်နေရင် ပျောက်သွားတတ်ပေမယ့် တချို့လူတွေမှာ ရက်အနည်းငယ်ကြာ ပျောက်လိုက် ကိုက်ခဲလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။
ခေါင်းကိုက်ခြင်းကို ဆေးပညာအရ အဓိပါယ်ဖွင့်ဆိုကြတာ အမျိုးမျိုးရှိပါတယ်။ International Headache Society (HIS) ရဲ့ အဓိပါယ်ဖွင့်ဆိုမှုအရ ခေါင်းကိုက်ခြင်းကို နှစ်မျိုးခွဲခြားပါတယ်။ ပထမတစ်မျိုးကတော့ Primary Headache ပါ။ Primary Headache က ဖျားနာတဲ့အခါ ဒါမှမဟုတ် ဦးနှောက်ထဲမှာ ဓာတုဗေဒပြောင်းလဲမှုတွေ ဖြစ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်ထဲက နာကျင်မှုကိုခံစားစေတဲ့ စနစ်တွေပျက်ယွင်းရင်လည်းဖြစ်တတ်ပါတယ်။ Primary Headache တွေရဲ့ ပုံစံတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံး ကိုက်ခဲခြင်း၊ ဦးခေါင်းတစ်ခုလုံးတောင့်တင်းပြီး ကိုက်ခဲခြင်းများ ဖြစ်ပါတယ်။ တချို့သော ခေါင်းကိုက်မှုပုံစံတွေက Primary ဖြစ်နိုင်သလို Secondary လည်းဖြစ်နိုင်ပါတယ်။ ဥပမာ- အပူချိန် သို့မဟုတ် ပြင်ပမှ ဖိအားတစ်ခုနဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ခေါင်းကိုက်ခြင်း၊ ဦးရေပြားပေါ်တွင် နာကျင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများခြင်းနဲ့ အခြားသော အထွေထွေအကြောင်းတရားများကြောင့် ခေါင်းကိုက်ခြင်းတို့ပဲဖြစ်ပါတယ်။
Secondary Headache ဆိုတာကတော့ ဦးခေါင်းထဲက နာကျင်မှုကိုအာရုံခံစားနိုင်တဲ့ အာရုံကြောတွေ လှုံ့ဆော်ခံရလို့ဖြစ်လာရဖြင်းဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ပြီး မအီမသာဖြစ်တဲ့အခါ ဖြစ်တတ်သလို လေဖြတ်ခြင်းနဲ့ အေးခဲတဲ့ အစားအစာတွေကို လျင်လျင်မြန်မြန်စားသုံးခြင်းတွေဟာလည်း Secondary Headache ကိုဖြစ်စေပါတယ်။ Secondary Headache ကို ပိုဆိုးစေတဲ့ အကြောင်းတရားတွေကတော့ သွေးခဲခြင်း၊ ဦးနှောက်အေးခဲခြင်း (ice cream Headache လို့လည်းခေါ်ပါတယ်)၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၊ ပြင်းထန်စွာထိခိုက်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း၊ မျက်စိရေတိမ်၊ တုတ်ကွေး၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်း၊ ပြင်းထန်စွာ ထိတ်လန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ပဲဖြစ်ပါတယ်။
ခေါင်းကိုက်တယ်ဆိုတာ လူတော်တော်များများသိတဲ့ ဝေဒနာဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းက ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်တော့ ခေါင်းကိုက်တာကိုကြုံဖူးကြမှာပါ။ ခေါင်းကိုက်ဝေဒနာဟာ ရှေးကျတဲ့ ဘေဘီလိုနီးယန်းခေတ်မှာကတည်းက တွေ့ရတဲ့ မှတ်တမ်းတွေမှာ ပါဝင်နေပါတယ်။ သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ နပိုလီယန်ဟာလည်း ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရတယ်လို့ အထောက်အထားတွေက ဆိုပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းကိုက်ရောဂါဟာ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာကို ပြောဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ လူတစ်ဦးနဲ့တစ်ဦးဟာ နာကျင်မှုကို ခံစားကြတာ မတူကြလို့ပဲဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine Headache)  ဟာ လက်ရှိ အတွေ့များလာနေတဲ့ Case တစ်ခုဖြစ်လာပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေမှာ တော်တော်များများ မြင်တွေ့လာရတာမို့ ဒီဆောင်းပါးမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းအကြောင်းကို အသားပေးဖော်ပြသွားမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုမိုခံစားရလေ့ရှိတယ်လို့ဆိုပါတယ်။ လူပျို၊ အပျိုဖော်မ၀င်ခင်က ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို မသိမသာခံစားရလေ့ရှိပေမယ့် အတူတူလောက်ဘဲလို့ ဆိုပါတယ်။ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့တော့ အသက် ၁၂နှစ်ကျော်မှာ ပိုခံစားရလေ့ရှိပြီး အသက် ၄၀ ကျော်သွားရင်တော့ တဖြည်းဖြည်းလျော့ကျသွားတယ်လို့ ဆိုပါတယ်။ အာရှက အမျိုးသမီးတွေနဲ့ အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတွေက ခေါင်းကိုက်ဝေဒနာကို ပိုခံစားရတယ်လို့ ဆိုပါတယ်။
၁၉၄၀ ခုနှစ်လောက်မှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဦးနှောက်ရဲ့ရှေ့ခြမ်းဖြစ်တဲ့ Cerebrum ကို သွားတဲ့ သွေးလွှတ်ကြောတွေ ပိတ်ဆို့လို့ ဒါမှမဟုတ် သွေးလွှတ်ကြောတွေ တင်းအားကြောင့်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံး သွေးလွှတ်ကြောတွေရဲ့ တင်းအားကြောင့် ဦးနှောက်ဆီသွားတဲ့ သွေးစီးဆင်းမှုဟာ နည်းသွားပြီး သွေးလွှတ်ကြောတွေ ပြန်ပြေလျော့တဲ့အခါ သွေးစီးဆင်းမှုပြန်တက်သွားတာဟာ ကိုက်ခဲမှုကိုဖြစ်စေတယ်လို့ ယုံကြည်ခဲ့ကြတာပါ။ နောင်နှစ်ပေါင်း ၃၀ လောက်အကြာမှာတော့ ဓါတုပစ္စည်းတွေဖြစ်တဲ့ Dopamine နဲ့ Ser၀tonin တွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အရေးကြီးတဲ့ အရာတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ Dopamine နဲ့ Serotonin ဟာ Neurotransmitters တွေဖြစ်ပြီး ပုံမှန် ဦးနှောက်ထဲမှာ ရှိတာဖြစ်ပါတယ်။ သွေးကြောတွေရဲ့ မူမမှန်မှုကိုဖြစ်စေနိုင်တာမို့ အရေးကြီးတဲ့အရာတွေအဖြစ် တွေ့ရှိလာတာဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းတရားတွေရှိပါတယ်။ တချို့သူတွေမှာ ဆေးလိပ်သောက်ခြင်းက ပိုမိုဆိုးရွားစေပြီး၊ အစားအသောက်တွေထဲမှာဆိုရင်တော့ ချောကလက်၊ ဒိန်ခဲ၊ မြေပဲ၊ အရက်နဲ့ အချိုမှုန့် (Monosodium Glutamate) များဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဆိုးစေပါတယ်။ စားချိန်၊ အိပ်ချိန် ပုံမှန်မဟုတ်တာကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဆိုးဝါးစေပါတယ်။ လူတွေက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများတဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုတွေများတဲ့အခါ၊ စိတ်ဖိစည်းမှုတွေများတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ သန္ဓေတားဆေးသုံးစွဲတဲ့ အမျိုးသမီးတွေဟာလည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကိုတော့ Estrogen Withdrawal Headache လို့လည်း ခေါ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ရဲ့ လက္ခဏာတွေကတော့
§  ဂဏာမငြိမ်ဖြစ်ခြင်း၊
§  စိတ်ဓါတ်ကျခြင်း၊
§  စိတ်လှုပ်ရှားခြင်း၊
§  အမြင်အာရုံမှာ flash light ပေါ်ခြင်း၊
§  အလင်းရောင်ကိုကြောက်ခြင်းနဲ့အသံကိုကြောက်ခြင်း၊
§  ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။
ခေါင်းကိုက်ခဲခြင်းက ၆နာရီကနေ ၂၄နာရီထိ ကြာတတ်ပါတယ်။ ဦးခေါင်းဒဏ်ရာနဲ့ တချို့သောဆေးဝါးများ (Nitroglycerine, Histamine, Reserpine, Hydralazine, Ranitidine, Estrogen) ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဆက်နွှယ်နေပါတယ်။
ကုသနည်း
ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ အရာတွေကို ရှောင်ရပါမယ်။ ဥပမာ- စားချိန်မမှန်ခြင်း၊ စိတ်ဖိစည်းမှု၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။
များသောအားဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာအောင် အောက်ပါဆေးဝါးတွေကို လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ပေးလေ့ရှိပါတယ်။
-       Beta-blockers
-       Anticonvulsants
-       Calcium channel blockers,
-       Cyproheptadine (Periactin)
-       NSAIDs
အခြားနည်းလမ်းများ
၁။ ဓါတ်အပ်စိုက်ခြင်း
ဆေးပညာရှင်တွေရဲ့ အဆိုအရ ဓါတ်အပ်စိုက်ခြင်းဟာလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဓါတ်အပ်စိုက်ပညာရှင်က ခေါင်းကိုက်တာ သက်သာစေဖို့အတွက် အရေပြားပေါ်ကို သက်ဆိုင်ရာ အမှတ်တွေကို ဓါတ်အပ်စိုက်ပြီး ကုသတာဖြစ်ပါတယ်။
၂။ Massage Therapy
စိတ်ဖိစည်းမှုများလို့ပဲဖြစ်ဖြစ် အကြောပြေချင်လို့ပဲဖြစ်ဖြစ် ခုခေတ်မှာ Massage Therapy ယူတဲ့သူတွေ များလာပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း Massage Therapy ဟာ သက်သာစေပါတယ်။ သုတေသနပညာရှင်တွေကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် Massage Therapy ရဲ့ ကောင်းကျိုးတွေကို ဆက်လက်လေ့လာနေကြဆဲဖြစ်ပါတယ်။
၃။ ဆေးဝါး
Riboflavin (B-2) ကို High dose ပေးရင်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်တော့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်ကိုယူရပါမယ်။ Coenzyme Q-10 သည်လည်း ခေါင်းကိုက်ခြင်းကို သက်သာစေတယ်ဆိုပေမယ့်အတိအကျပြောဖို့ လေ့လာမှုတွေအများကြီး လိုနေပါသေးတယ်။

ကျွန်တော်တို့ နိုင်ငံက လူအတော်များများက ခေါင်းကိုက်ဝေဒနာပဲဖြစ်ဖြစ် အခြားရောဂါဝေဒနာပဲဖြစ်ဖြစ် အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ အလွယ်တကူ သုံးစွဲနေကြတာများပါတယ်။ အကိုက်အခဲပျောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ သတိပြုစရာတွေရှိပါတယ်။
အကောင်းဆုံးကတော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ သေချာပြသဆွေးနွေးပြီး မှန်ကန်တဲ့ ကုသမှုကို ခံယူဖို့လိုပါတယ်။
ယနေ့ခေတ်မှာ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာအသုံးပြုမှုများတာတွေကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရသူတွေများလာနေပါတယ်။ တခြားအကြောင်းတရားတွေကြောင့်လည်း ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားနေကြရတဲ့သူတွေရှိပါတယ်။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ကျန်းမာရေးအသိပညာရှိဖို့ဟာလည်း အရေးကြီးတာမို့ ဒီတစ်ပတ်မှာတော့ ခေါင်းကိုက်ဝေဒနာအကြောင်းကို ရေးသားတင်ဆက်လိုက်ပါတယ်။ ကျန်းမာပျော်ရွှင်သောဘ၀များကို ပိုင်ဆိုင်ကြပါစေ။
ဝိုင်