Saturday, May 18, 2013

ပုံပြင်များနှင့် ငြင်းခုန်ခြင်း



မယုံရင် ပုံပြင်မှတ်တဲ့။ ပုံပြင်ဆိုတာ နားထောင်လို့ကောင်းပေမယ့် မဖြစ်နိုင်တာတွေများလာတဲ့အခါ ဒါမှမဟုတ် သိလာတဲ့အခါ အဲဒီပုံပြင်တွေနဲ့ ကျွန်တော်ငြင်းခုန်တတ်လာပါတယ်။ ရိုးရိုးလေးပါပဲ။

ပုံပြင်(၁)

ဟိုးရှေးရှေးတုန်းက ယုန်နဲ့လိပ်အပြေးပြိုင်ကြသတဲ့။

ကဲ ကြည့်ဦး။ အမြန်နှုန်းဆန့်ကျင်ဘက် ရှိတဲ့ သတ္တ၀ါနှစ်ကောင်နဲ့ စလိုက်တဲ့ ဇာတ်လမ်း။ ရလဒ်ကလည်း ယေဘုယျနဲ့ ဆန့်ကျင်ဘက်ပဲ။ လိပ်က နိုင်သွားသတဲ့။ ယုန်က လမ်းခုလတ်မှာ အိပ်နေလို့ပါတဲ့။ ကျွန်တော်သိပ်သဘောမကျချင်ဘူး။ ယုန်အိပ်ပျော်တဲ့အချိန်ကလည်း လိပ်လိုအကောင် တရွေ့ရွေ့သွားလို့ ပန်းတိုင်ရောက်တဲ့အထိ အိပ်တယ်ဆိုတော့ အင်း ဒီယုန်တော့ အပြေးပြိုင်ပွဲနဲ့ အအိပ်ပြိုင်ပွဲများ မှားလာသလား။ ဒီပုံပြင်ကို version အမျိုးမျိုးနဲ့ ဆန်းသစ်ကြပေမယ့် ရလဒ်ကတော့ လိပ်ပဲနိုင်နေတာပါပဲ။ တောင်ကုန်းပေါ်ကနေ လှိမ့်ချလိုက်တာတို့ အခွံထဲဝင်ပြီး တခြားသတ္တ၀ါတစ်ကောင်ရဲ့ အကူအညီနဲ့ ပန်းတိုင်ရောက်တာတို့ စုံနေတာပါပဲ။ လိပ်တွေရဲ့ ရာဇ၀င်ကတော့ ယုန်နဲ့ပတ်သက်တဲ့ အပြေးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကြီးကျယ်ခမ်းနားသွားတယ်။ ဒါလည်း မဆိုးပါဘူး။ အပြင်မှာမနိုင်ရတောင် ပုံပြင်တွေထဲမှာတော့ နိုင်ရသေးတာပေါ့။ အပြေးပြိုင်ခဲ့ကြတဲ့ ပွဲမှာ စထွက်တဲ့နေရာနဲ့ ပန်းတိုင်အကွာအဝေးကို ခပ်ရေးရေးလေးတောင် သိနိုင်မယ်ဆိုရင် ကျွန်တော် ဒီထက်ပိုငြင်းခုန်မိမယ်ထင်တယ်။ ဒါပေမယ့် ဒီပုံပြင်လေးက သင်ခန်းစာပေးပါတယ်။ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ တဲ့။ အင်း မဆိုးပါဘူး။ ဒီလိုအောင်ပွဲခံနိုင်တယ်ဆိုတာပြဖို့ ယုန်နဲ့လိပ် ပုံပြင်ထဲမှာ အပြေးပြိုင်လိုက်ရတယ်။ လိပ်ကနိုင်သလို ယုန်က အိပ်လိုက်ရတယ်။ လောင်းကြေးမပါတဲ့ ပြိုင်ပွဲမို့ နှစ်ကောင်လုံး အိုခေ။



ပုံပြင်(၂)



ဟိုးရှေးရှေးတုန်းက ပုရွက်ဆိတ်ဟာ မိုးတွင်းအတွက် အစာစုဆောင်းနေပါသတဲ့။

နှံကောင်ကတော့ ပျော်ပျော်နေပြီး အဲဒီ ပုရွက်ဆိတ်ကို လှောင်ပြောင်နေပါသတဲ့။ ပုရွက်ဆိတ်လေးကတော့ သူ့အလုပ်သူလုပ်ဆောင်နေရင်း မိုးတွင်းကိုရောက်သွားရောတဲ့။ အစာမစုဆောင်းခဲ့တဲ့ နှံကောင်က ပုရွက်ဆိတ်ဆီ အသနားခံ အစာသွားတောင်းပါသတဲ့။ ကဲ ဒီပုံပြင်ရဲ့ ငြင်းခုန်မှုကို အခုစပြီဗျာ။ ရိုးရိုးလေးနော်။ ပုရွက်ဆိတ်စားတဲ့ အစာကို နှံကောင်က စားနိုင်ပါ့မလား။

ပုရွက်ဆိတ်ဟာ Hymenoptera အုပ်စုဝင်တဲ့ ဖော်မစ်ဒီ မျိုးစိတ်ဖြစ်ပါတယ်။ သူစားတဲ့အစာတွေက အချိုဓါတ်များတဲ့ အစားအစာတွေ အသားအစအနတွေ ပိုးမွှားငယ်လေးတွေကိုပါ။

ပုရွက်ဆိတ်ဆီက အစာတောင်းစားတဲ့ နှံကောင်က Acridiidae အုပ်စုဝင်တဲ့ ပိုးမွှားဖြစ်ပြီး သစ်ရွက်စိမ်းတွေ သစ်ပင်ငယ်လေးတွေရဲ့ ပင်စည်တွေကိုသာ ကိုက်ဖြတ်စားသောက်တတ်ပါတယ်။

ကဲ ပုံပြင်ထဲမှာ အစာတောင်းပုံအရဆိုရင်တော့ ပုရွက်ဆိတ်က မဆီမဆိုင် နှံကောင်အတွက်ပါ အစာစုဆောင်းခဲ့တာကို နှံကောင်ကများ မြင်ထားလို့လား။ ဒါမှမဟုတ် ပုရွက်ဆိတ်စားတဲ့အစာတွေကို စားကြည့်ပြီး နှံကောင်တွေရဲ့ life style ကိုပြောင်းမလို့လား။

ဖြစ်နိုင်တာတစ်ခုကို ကျွန်တော်မြင်တာကတော့ ရိုးရိုးလေးပါပဲ။ နှံကောင်စားတဲ့အစားအစာတွေဟာ ပုရွက်ဆိတ်လို စုဆောင်းသိုလှောင်ထားလို့မှ မရတာပဲ။ မရလို့ မလုပ်တာ ရှင်းပါတယ်။ ပုံပြင်ထဲက နှံကောင်ကိုတော့ သနားပါတယ်။ အရွယ်နုနယ်တဲ့ ကလေးတွေရဲ့ ကျောင်းသုံးစာအုပ်ထဲကတစ်ဆင့် ကလေးတွေ ဆရာ ဆရာမတွေရဲ့ သင်ခန်းစာပေးခြင်းခံရတာ နှံကောင်အတွက် ခံပြင်းမိသလိုပဲ။ ဘာပဲဖြစ်ဖြစ် ဒီပုံပြင်ကလည်း အခက်အခဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ သင်ခန်းစာပေးတာပါပဲ။ ဒါပမယ့် ဒီသင်ခန်းစာပေးဖို့ နှံကောင်ရဲ့ ဇာတ်ကွက်က ဇာတ်နာလွန်းတယ်။ လူတွေရေးတဲ့ ပုံပြင်ထဲမှာ ပုရွက်ဆိတ်ဆီ အစာသွားတောင်းတဲ့ သနားစရာ နှံကောင်ရဲ့ ဒိုင်ယာလော့ခ်တွေက ပီပြင်ခဲ့မှာပါ။ ပုံပြောသူနဲ့ နားထောင်တဲ့သူတွေက လက်ခံကြတော့ ပုရွက်ဆိတ်နဲ့ နှံကောင်လည်း ပုံပြင်ထဲမှာ အိုခေ။



ပုံပြင်(၃)



ဟိုးရှေးရှေးတုန်းက မြေခွေးတစ်ကောင်ဟာ တောထဲမှာ စပျစ်သီးတွေကို တပ်မက်စွာ စားသောက်ဖို့ ကြိုးစားခဲ့ဖူးပါသတဲ့။ ဒီကနေပဲ ငြင်းခုန်မှုကို စချင်တယ်ဗျာ။ ရိုးရိုးလေးပါပဲ။ စပျစ်သီးဆိုတဲ့ အသီးကို မြေခွေးမပြောနဲ့ ကျွန်တော်တောင်မကြိုက်ဖူး။ မြေခွေးလို အသားစားတဲ့သတ္တ၀ါ (Carnivore) က ဘာအကြောင်းကြောင့်များ စပျစ်သီးစားဖို့ idea ရတာပါလိမ့်။ ပုံပြင်ထဲမှာတော့ စပျစ်သီးတွေက စားချင့်စဖွယ်သီးနေပြီး အခိုင်လိုက်အပင်ပေါ်ကနေ ညွှတ်ကျနေပါသတဲ့။ အဲဒီလောက်လေးနဲ့ အသားစားတဲ့သတ္တ၀ါတစ်ကောင်ကို စပျစ်သီးတွေက ဆွဲဆောင်နိုင်ခဲ့တယ်ပေါ့။ ပုံပြင်ထဲက မြေခွေးရဲ့ အာသီသကလည်း မသေးပါဘူး။ စပျစ်သီးစားဖို့အတွက် သူတော်တော်ကြိုးစားခဲ့တာပါ။ အကြိမ်ကြိမ်မှ အကြိမ်ကြိမ်ပဲ။ ပုံပြင်ထဲမှာ ရေတွက်ပြတဲ့ ကိန်းဂဏန်းတွေအရဆို သူတော်တော်လေး အလှမ်းမီဖို့ အားစိုက်ခဲ့ရပါတယ်။ အချိန်အတော်ကြာ အားစိုက်ခဲ့ပြီး မောပန်းပေမယ့် သူလိုချင်တဲ့ စပျစ်သီးကို မရတော့ စပျစ်သီးတွေက ချဉ်ပါတယ်ဆိုပြီး ထွက်သွားရောတဲ့။ အစကတည်းက ချဉ်မှန်းသိလိုက်ပါတော့လားလို့ မြေခွေးကို အပြစ်တင်ချင်သလို စပျစ်သီးမှာ အချိန်မဖြုန်းဘဲ ကိုယ်စားဖို့ ကိုယ့်အစာအတွက် အမဲလိုက်ပါတော့လားလို့ ပုံပြင် အပြင်ကနေ ကျွန်တော်ပြောနေမိပါတယ်။ ကျွန်တော့်ထက်ရှေးကျတဲ့ ပုံပြင်ထဲက မြေခွေးကတော့ ပုံပြောသူရဲ့ အသုံးချမှုကို ခံရပြီး သင်ခန်းစာပေးဖို့ ဇာတ်ကောင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ကျွန်တော်ဘယ်လောက်ပဲ ငြင်းခုန်ပေမယ့် အ၀ါကဒ်ထိပြီးတဲ့ အားကစားသမားတစ်ယောက်က ဒိုင်ကို ပြန်ပြောနေသလို ဘောင်မ၀င်တော့ ဒီပုံပြင်ထဲက မြေခွေးနဲ့ စပျစ်သီးကလည်း အိုခေ။



ပုံပြင်(၄)



ဟိုးရှေးရှေးတုန်းက ၀ံပုလွေတစ်ကောင်ဟာ သိုးသားစားချင်လို့ သိုးရေခြုံပြီး ဟန်ဆောင်ဖူးပါသတဲ့။

ကျွန်တော်သဘောမကျတာတွေကို ငြင်းခုန်မှုလို့ ခေါင်းစဉ်တပ်ပြီး စပြောပြီဗျာ။ ရိုးရိုးလေးပါပဲ။ ကျွန်တော်က ဒီထဲမှာ ဇာတ်နာတဲ့ ၀ံပုလွေနေရာကနေ ပြောမှာပါ။ ကျွန်တော် သိုးတွေကိုဖမ်းစားတဲ့ ၀ံပုလွေနေရာကိုဝင်ကြည့်တယ်။ ကျွန်တော့်အစာအတွက် ကျွန်တော်ရှာစားတယ်ဗျာ။ ဒါကို ရက်စက်တယ်လို့ပြောလို့မရဘူး။ သိုးအုပ်ကိုစောင့်တဲ့ သိုးကျောင်းသားကသာ မပါးနပ်တာ။ တာဝန်မကျေတာ။ သတ္တ၀ါတိုင်းက သူတို့ရဲ့အစာကို သူတို့ ရှာစားတာ သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော့်လို ၀ံပုလွေတွေကျတော့ ဘယ်တော့မှ မျက်နှာကောင်းမရဘူး။ ဇီးကွက်တွေလို မျက်လုံးပြူးပြူးနဲ့ ညမှအစာရှာထွက်တဲ့ အကောင်တွေကျတော့ လူတွေက လာဘ်ကောင်ဆိုပြီး အိမ်တွေမှာ နေရာပေးကြတယ်။ သတ္တ၀ါအချင်းချင်း ခွဲခြားတာလေ။ ကျွန်တော့်လို ၀ံပုလွေတစ်ကောင်က အသားစားရဖို့ တောထဲမှာ စိတ်ကြိုက်အမဲလိုက်နိုင်ပေမယ့် ပုံပြောသူရဲ့ စိတ်တိုင်းကျ လူနဲ့ ပတ်သက်ခဲ့ရတယ်။ စဉ်းစားကြည့်ဗျာ သိုးတစ်ကောင်စားရဖို့ ကျွန်တော်က သိုးရေခြုံရသေးသတဲ့။ တောထဲမှာ အမဲလိုက်ရင် ဘာအရေမှခြုံစရာမလိုဘူး။ စိတ်ကြိုက် ကိုက်သတ်စားရုံပဲ။ ခုတော့ သင်ခန်းစာပေးတဲ့ ပုံပြင်တစ်ခုမှာ ကျွန်တော်ဟာ ကျွန်တော်စားမယ့် သားကောင်ရဲ့ အရေကို ခြုံခဲ့ရတယ်။ သိုးဖမ်းတာပါပဲဗျာ အဲလောက်တောင် သတ္တိနည်းဖို့မလိုပါဘူး။ ကျားဖမ်းမယ်ဆိုရင်တော့ သိုးရေခြုံပြီး ဟန်ဆောင်ရင် ဟန်ဆောင်မှာပေါ့ဗျာ။ ပုံပြင်ထဲမှာ ကျွန်တော်တို့လို အင်မတန်လျင်မြန်တဲ့ ၀ံပုလွေတစ်ကောင်က သိုးကျောင်းသားရဲ့ အလွယ်တကူပဲ ကြိုးကွင်းပစ်ဖမ်းတာ ခံရတယ်တဲ့။ သဘာဝမကျတာတွေ များနေပေမယ့် သင်ခန်းစာပေးပါတယ်။ မိတ်ဆွေဟန်ဆောင်သူဟာ ကြောက်စရာအကောင်းဆုံးရန်သူပါတဲ့။ ဒီသင်ခန်းစာပေးနိုင်ဖို့ ကျွန်တော် သိုးရေခြုံခဲ့ရတယ်။ သိုးတစ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ရတယ်။ သိုးရေခြုံမှ အစာရကြေးဆို ကျွန်တော်ဝံပုလွေမဖြစ်ချင်တော့ဘူး။ ဟန်ဆောင်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် အမဲလိုက်ပြီး ၀ံပုလွေတစ်ကောင်ပီပြင်ချင်တယ်။ ဒါပေမယ့်ပေါ့လေ ပုံပြင်တစ်ခုအတွက် ကျွန်တော်သိုးရေခြုံပေးခဲ့ရပြီး ဇာတ်နာပေးခဲ့ရသေးတယ်။ ပုံပြင်လေးက ဖတ်လို့ကောင်းတာမို့ ကျွန်တော်ရယ် (၀ံပုလွေ) သိုးအုပ်ကြီးရယ် ပုံပြင်ကပေးတဲ့ သင်ခန်းစာကိုလှလှပပရွတ်သွားတဲ့ သိုးကျောင်းသားလေးရယ် အားလုံးက အိုခေ။

ပုံပြင် (၅)


ဟိုးရှေးရှေးတုန်းကတဲ့ လူတစ်ယောက်က ကောင်လေးတစ်ယောက်ကို အရူးအမူးချစ်မိခဲ့ပါသတဲ့။

ယုန်နဲ့လိပ်ပုံပြင်လိုပဲ အဲဒီလူက ဇွဲရှိရှိနဲ့ အချစ်ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားခဲ့ပါသတဲ့။ ကောင်လေးအတွက် အချစ်တွေကို ပုရွက်ဆိတ်လိုပဲ အပင်ပန်းခံပြီး သူ့ရဲ့ ရင်ထဲမှာ စုဆောင်းထားခဲ့ပါသတဲ့။ ဒါပေမယ့် သူကတော့ ကောင်လေးကို ဘယ်တော့မှ ပုံပြင်ထဲကမြေခွေးလို စပျစ်သီးချဉ်ပါတယ်လို့ မပြောပါဘူးတဲ့။ ဘယ်လိုပဲ စိတ်ပျက်စရာတွေ တွေ့တွေ့ပေါ့။ သူအမြဲတမ်း အမြတ်တနိုးချစ်နေတာမို့ပါတဲ့။ သူက သိပ်ချစ်လွန်းတော့ ကောင်လေးအပေါ် အမြဲရိုးသားခဲ့ပြီး ဘာအရေခွံမှမခြုံခဲ့ဘဲ ရိုးသားမှုကို ပီပြင်စေခဲ့သတဲ့။ သူက ၀ံပုလွေဆိုပေမယ့် ဟန်ဆောင်ပြီး သိုးတစ်ကောင်မဖြစ်ခဲ့ဘူး။ အရှိကိုအရှိအတိုင်းနဲ့ အမြဲရိုးသားခဲ့ပါသတဲ့။

အဲဒီလူဘက်က အရမ်းချစ်တတ်သလောက် ကောင်လေးကတော့ လမ်းခုလတ်မှာ အိပ်ပျော်နေတဲ့ ယုန်လေးလိုပဲတဲ့။ မသိတာလား မသိဟန်ဆောင်နေတာလား မသိနိုင်ပါဘူးတဲ့။ ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လိုပဲ သူ့ဘ၀ကို ဖြတ်သန်းနေတယ်တဲ့။ ၀င်းမှည့်နေတဲ့ စပျစ်သီးခိုင်တွေလို လှပနေတဲ့ ကောင်လေးရဲ့ အလှတရားတွေကတော့ အဲဒီလူတစ်ယောက်အတွက် အချဉ်၊ အချို ခွဲခြားနိုင်ဖို့ မဟုတ်ခဲ့ပါဘူးတဲ့။ အရေခွံမခြုံခဲ့တဲ့ လူအတွက်တော့ ကောင်လေးက သိုးလေးတစ်ကောင်မဟုတ်ခဲ့ပဲ သိုးကျောင်းသားလေး ဖြစ်နေခဲ့ပါတယ်သတဲ့။ အင်း.. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ လူတစ်ယောက်ကတော့ ဇာတ်နာခဲ့ရပါတယ်။ ဆန့်ကျင်ဘက်တွေ သိပ်များပေမယ့် ဒီပုံပြင်ထဲက သင်ခန်းစာပေးတဲ့ ဒိုင်ယာလောခ်လေးကိုတော့ အဲဒီလူက ပုံပြင်အဆုံးမှာ သနားစဖွယ်ရွတ်ဆိုပေးခဲ့ပါတယ်။ ဒါဟာအချစ်လား သိပ်ရန်များတယ်တဲ့။

ကဲ ပုံပြင်တော့ ပြီးသွားပြီ။ ကျွန်တော်ပြောတဲ့ ကျွန်တော့်ပုံပြင်ကိုရော ဘယ်သူတွေငြင်းကြမလဲ။ ဘယ်အချိန်မှာ စငြင်းကြမလဲ။ မယုံလည်း ပုံပြင်မို့ ပုံပြင်လိုပဲထားကြတော့မလား။ သင်ခန်းစာတော့ပေးသွားတယ်လေ။ ရိုးရိုးလေးပဲ ငြင်းခုန်လိုက်ကြရအောင်ဗျာ။ ၀ံပုလွေတွေဇာတ်သိမ်းလှမယ့် ပုံပြင်လေးတွေကိုတော့ မျှော်လင့်နေမိပါရဲ့။

နောက်လည်း အခွင့်သင့်ရင် ကျွန်တော်ခင်ဗျားတို့ကို ပုံပြင်လေးတွေ ပြောပါဦးမယ်။ ခုတော့ ဒီလောက်လေးနဲ့ပဲ ငြင်းလိုက်ကြရအောင်ဗျာ။



ပြီး။




နှလုံးသားတံခါးကို ခေါက်သွားခဲ့သလား



တံခါးတစ်ချပ်ကို သင်ချစ်သကဲ့သို့

ကျွန်ုပ်ကို မချစ်ပါနှင့်။

နှစ်သက်ခံရသော်လည်း

ရှေ့နောက်တိုးခံရသည့် အဖြစ်ကို

ကျွန်ုပ်မလိုလားပါ။ (မာလက်ဂါစီ)


(၁)

သူနှင့်ကျွန်တော်ကြားတွင် တံခါးတစ်ချပ်ရှိခဲ့ဖူးပါသည်။

အချစ်ရှိရာကို ဖြတ်သန်းဝင်ရောက်မည့် တံခါးတစ်ချပ်ဖြစ်ခဲ့သလို သူ့နှလုံးသား ကျွန်တော့်နှလုံးသားအတွက် ထိခိုက်မှုမရှိအောင် အကာအကွယ်ယူခဲ့ကြသော ကြားခံ…..တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အလွယ်တကူ တွန်းဖွင့်ဝင်ရောက်သွားနိုင်သော်လည်း ကျွန်တော့်၏ ဆုံးဖြတ်ချက်မချနိုင်မှုများ၊ တွေဝေမှုများနှင့် တံခါးလေးအရှေ့မှာ အချိန်တွေတော်တော်များများကို ဖြုန်းတီးနေခဲ့မိပါသည်။

လမ်းဖွင့်ပေးထားသူတစ်ယောက်ရဲ့ နှလုံးသား ၀င်ပေါက်တံခါးလေးကို ခေါက်လိုက်ဖို့တောင် သတ္တိမရှိခဲ့တဲ့ ကျွန်တော့်မှာတော့ ကျွန်တော်ကိုယ်တိုင် မနှစ်သက်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ခိုင်မာနေခဲ့ပါသည်။ ခံစားမှုတွေနောက် ရူးရူးမိုက်မိုက်လိုက်ပါဖို့ထိ သတ္တိမရှိခဲ့ဘဲ အသက်အရွယ်အပိုင်းအခြားတစ်ခုနှင့် ချင့်ချိန်နေတုန်းမှာ တံခါးလေးက မျှော်လင့်ချက်တစ်ခုနဲ့ ကျွန်တော့်ကို စောင့်မျှော်နေခဲ့ပါသည်။

ကျွန်တော်၏တံခါးလေး (သို့သော် ကျွန်တော်မပိုင်ဆိုင်ပါ) ကို ဤနည်းအားဖြင့် တုန့်ပြန်မှုတစ်စုံတစ်ရာမရှိဘဲ ငေးကြည့်နေခဲ့ပါသည်။

၎င်းအခိုက်အတန့်အတွင်း အဖြေမရှိသော မေးခွန်းလေးတစ်ခုက သူနှင့် ကျွန်တော်ကြားကို ခပ်ပါးပါးအနေအထားနှင့် တငွေ့ငွေ့ တိုက်စားသွားပါသည်။



(၂)

သူနှင့် ကျွန်တော်စတင်ဆုံစည်းမှုမှာ သာမန် Chatting ပြောရင်းကပဲ စတင်ပါသည်။ သို့သော် Chatting ပြောကြရင်း ထူးထူးဆန်းဆန်း ``၏´´ အက္ခရာ ကို သုံးစွဲမိခဲ့ကြသည်။

``ဘာလုပ်´´

``ဘလော့တင်မလို့လေ အသစ်လေးရေးထားတယ်´´

``အော်….ကောင်း၏´´

တမင်ရိုက်လိုက်တာလား မှားရိုက်တာလားမသိတဲ့ ``၏´´ ကို ကျွန်တော်စိတ်ယားသွားရာမှ တန်ပြန်သုံးစွဲမိပါသည်။ (ကျွန်တော်ကတော့ Keyboard မှာပါသော `၏´ Key မှာ Enter နှင့်နီးသောကြောင့် မကြာခဏမှားရိုက်တတ်ပါသည်။)

``ကွန် မကောင်းသောကြောင့် စိတ်လေ၏´´

``ရော်…..ကွန်မကောင်းရင် ငါးမြားချိတ်နဲ့လုပ်လေ၏´´

``အကြံပေးသူကို ချိတ်ဖို့ ရှာနေ၏´´

``ဟာ ငရဲကြီးမယ်၏´´

``ငရဲလေးကို နိုင်၏´´

ကျေနပ်စွာပြုံးလိုက်မိသော ကျွန်တော့်ဆီ ပြန်ရိုက်လာတာက

``မိုးကြိုးစောက်ထိုး ပစ်လိမ့်မည်၏´´

``အတည့်ပစ်တာထက် သက်သာ၏´´

စကားနိုင်လုနေတာ မဟုတ်ပေမယ့် ကျွန်တော်နိုင်ပါသည်။ သို့သော်

``ဦးတွတ်ပီပြောသလို ရမ်းပစ်မှထိ၏´´

``မရှောင်ရင် လွတ်၏´´

ကျွန်တော့်စကားအဆုံးမှာတော့ သူ့ဘက်က

``ဟီး ဟီး´´ ဆိုတာ တက်လာပါသည်။ ကျွန်တော်လည်း ရယ်လိုက်မိသည်။ ကွန်နက်ရှင် ကျသွားသောကြောင့် ပြန်တက်လာချိန်တွင်

``ဘယ်ပျောက်သွားလေ၏´´

``ကွန်နက်ရှင်ကျ၏ နာလေ၏´´

``ဆေးသောက်ပါ၏ စေတနာနှင့် အရက်ပျံသောက်စေလို၏´´

``ရုပ်ကလေးနှင့် စိတ်လေးက လိုက်ပါ၏´´

``ရော်….ဒီလို ရုပ်မျိုး ရှားပါလေ၏´´

သူနဲ့ Chatting ပြောချိန်က ကျွန်တော်တင်ထားသော G talk ပုံလေးမှာ ကလေးတစ်ယောက် ရယ်မောနေသောပုံ ဖြစ်သည်။ ဒါကို

``အဲ ခင်ဗျားကြီးကလည်း ချိုချိုမြင်ရင် အတင်း ပါးစပ်ကြီး ဖြဲလေ၏ ဟီး ဟီး´´

``ကလေးမို့ ကြိုက်ပါ၏ ချိုချိုပြသူမှာသာ အပြစ်ရှိ၏´´

``အများကြီးစို့ရင် ချောင်းဆိုးမှာပေါ့၏´´

``ဆိုးစေ ဂရုမစိုက်ပါ၏´´

``ဆိုးရင် ရိုက်မှာပေါ့၏´´

``ပြန်တွယ်၏´´

``ရမလား၏´´

``စမ်းလေ၏´´

``တစ်ခါတည်း လုပ်မရအောင် ဖက်နမ်းပစ်မှာ၏ ရန်ကုန်ကို လာခဲ့လေ၏´´

``ပိုက်ဆံစုဦးမယ်၏ ဒေါ်လာဈေးများကျ၏ ဘ၀ပျက်၏´´

``ပျက်တဲ့ဘ၀ကို ၀ပ်ရှော့ပို့ပေးရမလား၏´´

``မလို၏ ကျေးဇူးတင်၏´´

``၀ါး ဟား ဟား ၏´´

``ရေခဲမုန့် နာမည်ကို ရွတ်၏´´

``ဟုတ်၏ စားချင်လာ၏´´

``၀ယ်စားလေ၏ ပေါ၏´´

``ယခု ၀ါးဟားဟား မရှိတော့ပါ၏ magnolia ပေါ်လာပါ၏´´

``အသစ်ပေါ်တော့ အဟောင်းကိုမေ့ပါ၏ ကောင်း၏ :(´´

``ရော် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပါ၏ အစ်ကို့ကို ချစ်ပါ၏ ဟိ ဟိ´´

``ဗျာ…၏´´ (အဲ မှားသွားသည်)

ရုတ်တရက်ကြီး ပြောချလိုက်တဲ့ ချစ်ရေးဆိုမှုကြောင့် ကျွန်တော်အယောင်ယောင်အမှားမှား ဖြစ်သွားရသည်။ အဲဒီနေ့မှာပဲ ``ချစ်၏´´ ဆိုတဲ့ စာလုံးတွေ ရိုက်ထည့်သွားခဲ့တာများ စာလုံးရေ တစ်ရာကျော် (ခန့်မှန်းချေ) မကပါ။

Chat Box ထဲကနေ တဒိုင်းဒိုင်းတက်လာနေတဲ့ ချစ်၏ တွေကြောင့် ကျွန်တော့်ရင်ထဲမှာလည်း တဒုန်းဒုန်းပေါ့။ ကျွန်တော်က ရင်ခုန်တယ်ပြောတော့

``ရင်ခုန်ရင် ကြိုးနဲ့တုပ်ပါ၏ အရှိန်ပြင်းပါက ရင်ဘတ်ထဲမှ ထွက်ကျရန် ရာနှုန်း ၉၀ ရှိ၏´´ လို့ ပြောသွားပါသေးတယ်။

အဲဒီနေ့ ……အဲဒီနေ့မှာ ကျွန်တော် ဘလော့မတင်ဖြစ်ခဲ့ပါ။ ရက်ရွှေ့လိုက်ရပါသည်။



(၃)

အခြေအနေဆိုးဆိုးလာတဲ့ သံယောဇဉ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျွန်တော့်ကို သူက ပိုပြီး ဖိအားပေးလာသလိုပါပဲ။ ကျွန်တော့်ကို အရူးအမူးချစ်ကြောင်း အကြိမ်ကြိမ်ပြောလာတဲ့အခါ ကျွန်တော်သူနဲ့ အချစ်အကြောင်းကို ဦးတည် ပြောဆိုမိခဲ့ပါတယ်။

``တစ်ယောက်အကြောင်း တစ်ယောက်မသိတဲ့ သူစိမ်းကို ညီ ဘယ်လိုယုံကြည်မှုနဲ့ ချစ်ရတာလဲ အစ်ကို့အကြောင်း ညီဘယ်လောက်သိလို့လဲ´´

``အစ်ကိုရယ်….´´

သူတိုးတိုးလေး ပြောဆိုလိုက်အပြီးမှာ ကျွန်တော်က

``ဒီလိုပြောလို့ အစ်ကို မရိုးသားတာမဟုတ်ဘူး လက်ရှိထိ အစ်ကိုက လွတ်လပ်တဲ့ လူတစ်ယောက်ပဲ ချစ်ခွင့်ရှိတဲ့ နှလုံးသားနဲ့ ချစ်လို့ရတဲ့ လူတစ်ယောက်ပါ´´

``အချစ်မှာ ဒါတွေလိုလို့လား အချစ်စစ်မှန်ရင် ပြီးတာပဲ´´

``လိုတာပေါ့ ညီ သိပ်လိုတာပေါ့ လူတိုင်းက လူကောင်းမဟုတ်ဘူးညီ ..ဒီလိုချစ်တတ်ပုံနဲ့ ညီ….အစ်ကိုမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုလုပ်မလဲ´´

``ကျွန်တော်ချစ်တာက အစ်ကို့ကိုလေ ဒါကြောင့် အစ်ကိုက ဘယ်သူဖြစ်ပြီး ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်ချစ်တယ် ကျန်တာမလိုဘူး´´

``ညီရဲ့ စိတ်ထားလေးကို လေးစားပါတယ် အခုညီလေးအသက်က ၁၆ နော် သိပ်ငယ်သေးတယ်ညီ ..နောက်ပြီး…ဒီအရွယ်က……´´

``ဘာလဲ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တဲ့ အရွယ်လို့ ပြောမလို့လား´´

``အင်း အစ်ကို့အသက်နဲ့ ၅ နှစ်တောင်ကွာတယ်လေ အဲဒီအရွယ်လေးက သိပ်ခက်တယ် ခဏလေး အစ်ကို့အပေါ် သာယာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ´´

``လက်မခံရင်လည်း ရတယ် အစ်ကို ကျွန်တော့် အချစ်ကို စော်ကားဖို့တော့ မကောင်းပါဘူး နောက်ဘယ်တော့မှ ချစ်တယ်လို့ မပြောတော့ဘူး´´

``နိုး နိုး ညီ ….အစ်ကို ဘယ်တော့မှ အချစ်ကို ဖွင့်ဟသူတိုင်းကို မစော်ကားဘူး အချစ်ကို တန်ဖိုးထားတယ် ဒီလိုဆို ချစ်တယ်ပြောခဲ့တာကို လွယ်လွယ်ပြောပြီး လွယ်လွယ်ပဲ ပြန်ရုတ်သိမ်းတော့မယ်ပေါ့´´

``လွယ်လွယ်ပြောတယ်ဆိုတဲ့ စကားမပြောနဲ့ အစ်ကို ကျွန်တော်လွယ်လွယ်ပြောခဲ့တာ မဟုတ်ဘူး´´

စိတ်ဆိုးဆိုးနဲ့ ကျွန်တော့်ကို ပြောအော်ပြီး လှည့်ထွက်သွားပါတယ်။ ကျွန်တော်ကတော့ ငေးလျက်ပဲ ကျန်ခဲ့တယ်။ Chatting ထဲက ချစ်၏ ပြောဖို့ သူ့ရင်ထဲက တန်ဖိုးတွေ ခံစားချက်တွေကို ကျွန်တော်မှ မမြင်နိုင်တာပဲ။ ကျွန်တော် သူ့အချစ်ကို စော်ကားလိုက်သလို ဖြစ်သွားတော့လည်း ကျွန်တော်စိတ်မကောင်းဖြစ်နေရတော့တာ နောက်တစ်ကြိမ် ပြန်တွေ့ကြတဲ့ အထိပါပဲ။



(၄)

ကျွန်တော့်ဆီ နယ်ကျွံလာတဲ့ နှလုံးသားလေးတစ်ခုကို အလွယ်တကူ ဖမ်းယူလိုက်ဖို့ထိ ကျွန်တော်မရက်စက်တတ်ပါဘူး။ သို့သော် ကျွန်တော်ကိုယ်တိုင် ခံစားနိုင်ဖို့ သေချာမှုတော့ လိုပါတယ်။

``ညီ….အစ်ကို့ကို ချစ်နေသေးလား´´

အလိုမကျတဲ့ မျက်နှာနဲ့ သူကျွန်တော့်ကို ပြန်ကြည့်တယ်။

``လွယ်လွယ်နဲ့ မပြောခဲ့သလို လွယ်လွယ်နဲ့လည်း မရုတ်သိမ်းဘူး ဒီအတိုင်းပဲ ထားထားတယ် ရတယ် ကျွန်တော့်ဘက်က ရှေ့တိုးစရာမရှိဘူး ဒီအတိုင်းပဲ ရပ်နေမယ် အစ်ကိုသာ ဆုံးဖြတ်ပါ ကျွန်တော့်ဆီလာမှာလား လှည့်ထွက်သွားမှာလား နှစ်ခွန်းတည်းက တစ်ခွန်းရွေး´´

``ချက်ချင်းဖြေရမယ့် မေးခွန်းလားညီ အချိန်တစ်ခုပေးပါလား အစ်ကိုပြောတာ သဘာဝကျလား´´

``ပေးပါတယ် တစ်သက်လုံး ပေးထားတယ်လေ အချိန်က အစ်ကိုပိုင်တာပါ ကျွန်တော်ဘက်က ပြောပိုင်ခွင့်မရှိဘူး လာချင်တဲ့ အချိန်လာပါ ကျွန်တော်ကတော့ ဒီထက်ရှေ့မတိုးဘူး ဒီမှာတင် ရပ်နေမယ် ချစ်တယ်လို့ ပြောခဲ့တယ် နောက်မပြောတော့ဘူး အစ်ကို ကျွန်တော့်ကို ချစ်နိုင်ရင်သာ လာခဲ့ပါ´´

``ဒီလိုဆို အစ်ကို့အတွက် ညီက တံခါးတစ်ချပ်ပေါ့နော်´´

``တံခါးတစ်ချပ်ဟုတ်လား အစ်ကို ဖွင့်ပြီးတာနဲ့ ကျောခိုင်းခဲ့မယ်ပေါ့´´

``မဟုတ်ဘူးညီ အစ်ကို မျက်နှာချင်းဆိုင်ရပ်နေတဲ့ တံခါးလေးတစ်ခုပေါ့ အစ်ကို စဉ်းစားနေတာ အစ်ကို ၀င်လိုက်ပြီဆိုရင် ပြန်မထွက်မိဖို့ပေါ့ ညီ´´

``အစ်ကို တံခါးဆိုတာ ၀င်လာဖို့ပါ အစ်ကို့ကို ဘယ်သူမှ တွန်းမထုတ်သလို ဆွဲလည်း မသွင်းပါဘူး အစ်ကိုက အခုချိန် မျက်နှာချင်းဆိုင်ဆိုပေမယ့် ဖြတ်လိုက်တာနဲ့ ကျောခိုင်းပြီးပြီလေ´´

``အစ်ကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး တွေဝေနေတာပါ Love is accident ဆိုတာ မယုံဘူးလေ´´

``ရပါတယ် accident ကို မယုံတာ အစ်ကို့ အပြစ်မဟုတ်ပါဘူး ကျွန်တော့်အပိုင်းက ချစ်တယ်လို့ ပြောခဲ့ပြီးပြီ အစ်ကိုသာ ဆုံးဖြတ်ပါ အစ်ကိုမလာလို့လည်း ကျွန်တော်နောက်ဆုတ်မသွားသလို အစ်ကိုလာခဲ့လို့ပြောလည်း ရှေ့မတိုးဘူး အစ်ကို့ အလှည့်ရောက်ပြီလေ´´

``အစ်ကို့ကို ချည်နှောင်မထားတာ ကျေးဇူးတင်ပါတယ် ညီ´´

``မချည်ပါဘူး ကျွန်တော်လည်း အချည်ခံရတာ မကြိုက်ဘူးလေ´´

``ကောင်းပါပြီ ညီလေး တံခါးလေးတစ်ချပ်က အစ်ကိုတစ်ယောက်ပဲ ဖြတ်သန်းဝင်ရောက်ခွင့်ရှိတဲ့ တံခါးလေးလို့ အစ်ကို ယုံထားမယ်နော်´´

ကျွန်တော်သူ့ကို နှုတ်ဆက်ဖို့ ပြင်တော့ သူ ကျွန်တော့်ရှေ့ပိတ်ရပ်ပါတယ်။

``တိတိကျကျ တစ်ခုတောင် ညီကို သိခွင့်မပေးခဲ့တော့ဘူးလား တကယ်ဆို ညီက အစ်ကို့ရဲ့ တံခါးမဟုတ်ဘူး အစ်ကို ……အစ်ကို့ကိုချစ်တဲ့ အချစ်တွေကို အစ်ကိုကိုယ်တိုင် ပိုင်းခြားထားတဲ့ ကြားခံနယ်ပါ ကျွန်တော့်နှလုံးသားက အစ်ကို ၀င်ရောက်လာဖို့ ဘာအတားအဆီးမှမရှိတဲ့ နေရာပါ´´

``ကျေးဇူးပါညီ´´

``စဉ်းစားပေးပါဗျာ တောင်းပန်တာပါ´´

``မတောင်းပန်ပါနဲ့ ညီလေး ဘာမှ မမှားပါဘူး အစ်ကိုက လွန်တာပါ ညီပျော်ရွှင်ပါစေနော် အစ်ကို သွားတော့မယ်´´

``အချစ်ရေးရော ဘယ်လိုနေမလဲဗျာ ကျွန်တော်ပျော်ရမှာလား´´

``အင်း ညီ ကံကောင်းမှာပါ´´

``ကျွန်တော်မျှော်လင့်နေပါ့မယ်´´

လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ မျှော်လင့်ချက်ပေး ညှဉ်းခဲ့တာ မဟုတ်ပေမယ့် ကျွန်တော် တံခါးလေးကို ဘာတုန့်ပြန်မှုမှ မလုပ်နိုင်ခဲ့ဘဲ အချိန်တွေ တော်တော်ကြာသွားခဲ့ပါတယ်။



(၅)



အသုံးမပြုသေးတဲ့ တံခါးလေးကတော့ သူ့တာဝန်မကျေဘူးဆိုပြီး သိမ်ငယ်ချင်သိမ်ငယ်နေပါလိမ့်မည်။ (အနည်းဆုံးတော့ တံခါးတစ်ခုပီသအောင် ကျွန်တော်အသုံးပြုခဲ့သင့်ပါသည်။)

အချစ်ရှိရာ ၀င်ရောက်ဖို့ အဖွင့်၊ အပိတ်အတွက် ကျွန်တော် တံခါးလေးကို အသုံးမပြုခဲ့ပါဘူး။ တစ်ဖက်မှာ ရှိနေမယ့် နှလုံးသားလေးကိုပဲ ကျွန်တော်ငေးကြည့်နေခဲ့သည်။

မျှော်လင့်ချက်များ ကိန်းဝပ်နေသည့် နှလုံးသားလေးကို ကျွန်တော်ငေးရင်း တွေးရင်းဖြင့် တစ်စုံတစ်ရာ တုန့်ပြန်လိုက်မိသည်ဟု ထင်ပါသည်။ သို့သော် ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်သော တုန့်ပြန်မှုတစ်ခုဖြစ်ပါသည်။ အမှား၊ အမှန်ဟု မဝေခွဲနိုင်သော အပြုအမူတစ်ခုအတွက် ကျွန်တော် နောင်တရစွာဖြင့် တံခါးလေးနှင့် ဝေးရာကို ကျွန်တော်ထွက်သွားလိုက်သည်။

မျက်နှာချင်းဆိုင် အချိန်ကြာကြာရပ်နေခဲ့သော တံခါးလေးဆီမှ ကျွန်တော်ထွက်ခွာလာချိန်သည် ကျွန်တော်၏ တွေဝေမှုများ အဆုံးသတ်ချိန်မဟုတ်ခဲ့ပါ။ အဖြေတစ်ခုလည်း ထွက်မလာခဲ့ပါ။

တရွေ့ရွေ့လှမ်းနေတဲ့ ခြေလှမ်းတွေနောက် လိုက်ပါနေသော ကျွန်တော့်မှာ တံခါးလေးကို ကျောခိုင်းလိုစိတ်မရှိပါ။ မျက်နှာချင်းဆိုင်နေလာပြီး ကျောခိုင်းသည့် အနေအထားဖြင့် ကျွန်တော်မနှုတ်ဆက်ချင်ပါ။ အကယ်၍ ကျောခိုင်းမိခဲ့သည်ဆိုပါက ကျွန်တော်တံခါးလေးကို တောင်းပန်လိုပါသည်။

ခံစားချက်မဲ့ရွေ့နေတဲ့ ကျွန်တော့်ဆီ မေးခွန်းတိုးတိုးလေး ကပ်ပါနေပါသည်။ တံခါးလေးကို တုန့်ပြန်မှုနှင့် ပတ်သက်ပါသည်။ တွန်းဖွင့်ပြီး လှည့်ထွက်ခဲ့တာ မဟုတ်သဖြင့် ကျွန်တော်ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာ ရှိနေသော်လည်း အဖြေမရှိပါ။ ဒီလိုဆို ကျွန်တော်တံခါးလေးကို ဘာလုပ်ခဲ့မိပါသလဲ။



``အစ်ကို ကျွန်တော့်နှလုံးသား……ကျွန်တော့်နှလုံးသား……တံခါးကို ခေါက်သွားခဲ့တယ်……..မဟုတ်လား´´



စကားလုံး တစ်စစီ ပြိုကွဲမှု၊ တုန်ရီမှုများဖြင့် ပေါင်းစပ်ထားသော မေးခွန်းအတွက် အဖြေလုံးဝမဟုတ်သော စိတ်မကောင်းဖြစ်မှုတွေသာ ကျွန်တော့်ရင်ထဲ ပြည့်နေခဲ့ပါသည်။

ဧည့်မျှော်နေသော အိမ်ရှင်၏ တံခါးကို အခေါက်ခံရလို့ ၀မ်းသာအားရ တံခါးအဖွင့် ဘာမျှမရှိတဲ့ ဟင်းလင်းပြင်တစ်ခုကို မြင်ပြီး မောပန်းသွားမည့် အိမ်ရှင်တစ်ယောက်၏ စိတ်ခံစားချက်ကို ကျွန်တော်သိသော်လည်း လျစ်လျူရှုခဲ့လိုက်သည်။

တစ်ကိုယ်ကောင်းဆန်သော ခြေလှမ်းတွေနောက်မှာတော့ မေးခွန်းတစ်ခုက ပဲ့တင်ထပ်လို့။

``ကျွန်တော့်……နှလုံးသား တံခါးကို … ခေါက်သွားခဲ့သလား´´



ပြီး။







ကျိုးပဲ့သွားသောညီမျှခြင်းတစ်ခု



အချစ်အတွက်

ကံမကောင်းခဲ့တဲ့ ကျွန်တော်

ဆေးဆိုးထားတဲ့ အဖြူရောင်

သံယောဇဉ်တွေနဲ့ပဲ

ရှင်သန်လိုက်ရတယ်..


(၁)

လက်နှစ်စုံကြားမှ ပဲ့ထွက်သွားသော မုန့်လေးကို ကျွန်တော်တို့နှစ်ယောက် အသေအချာကြည့်လိုက်ကြသည်။

``ဟိုဘက်ခြမ်းက များနေတယ်´´

``၀ိုင်နော် မညစ်ပတ်နဲ့ အတူတူပဲ´´

``မဟုတ်ဘူး နည်းနည်းကွာနေတယ် သေချာကြည့်´´

``အညီအမျှပဲ ဘာမှလာမပြောနဲ့နော် မကျေနပ်ရင် ပေတံနဲ့တောင်တိုင်းကြည့်လို့ရတယ်´´

``အဟဲ…ဟဲ စတာပါ ညီပါတယ် ညီပါတယ်..စိတ်ကြီးပဲ´´

``အောင်မယ် သူကလည်း လာညစ်သေးတယ်´´

``ဟုတ်ပါပြီ လင်းသစ်ရဲ့´´

အညီအမျှခွဲဝေလိုက်သော မုန့်လေးကို ကျွန်တော်နှင့်သူ စားနေကြရင်း

``ငါဘယ်တုန်းက မင်းကို မတရားလုပ်ဖူးလို့လဲ အမြဲတမ်း ညီတူညီမျှပဲနေလာတာကို အဲလိုမစနဲ့ ငါမကြိုက်ဘူး´´

``ကောင်းပါပြီ ကိုသမာဓိကြီးရယ် မပြောတော့ပါဘူး မုန့်ပဲဆက်စားပါတော့´´

အမြဲလို ကျွန်တော့်ကို အလိုလိုက်တတ်သော လင်းသစ်က တရားမျှတခြင်း သို့ ညီမျှခြင်းဟူသော သဘောတရားကို လက်စွဲထားတတ်သည်။ အလိုလိုက်ခံရမှုကြောင့် ဆိုးချင်သော ကျွန်တော်ကတော့ သိသိကြီးနှင့် ကတ်သတ်ငြင်းခုန်တတ်သည်။ သို့သော် ကျွန်တော့်၏ တမင်ဖန်တီးထားသော အငြင်းအခုန်များသည် လင်းသစ်၏ မှန်ကန်သောအပြုအမူများကြားတွင် ပျောက်ပျောက်သွားရသည်။

(၂)

``တစ်နဲ့တစ်ပေါင်းရင် နှစ်ရသလိုပဲ တန်ဖိုးတူတာချင်းပေါင်းရင် မူလတန်ဖိုးပြန်မရဘူး ဒါပေမယ့် သူတို့က ညီမျှခြင်းရဲ့ ဟိုဖက်ဒီဖက်မှာ ကိန်းဂဏန်းမတူပေမယ့် လက္ခဏာတစ်ခုကြောင့် ညီတယ်ဆိုတာကို လူတိုင်းလက်ခံတယ်´´



ECG made Easy ဟူသော စာအုပ်ကို ခပ်တည်တည်ဖွင့်ပြီး ခေါင်းငိုက်စိုက်ကျ အိပ်ပျော်နေသော ကျွန်တော်ကတော့ လင်းသစ်ပြောတာတွေကို မကြား။ အိပ်မက်ထဲမှာတော့ ECG wave တွေက မညီမညာဖြင့် ကျွန်တော့်ကို ငုံ့ကြည့်နေကြသည်။

``၀ိုင် ဟေ့ ဟာ ဒုက္ခပဲ ငါကတော့ ငါပြောတာတွေ နားထောင်နေတာလားလို့´´

ကျွန်တော့်ကို လှုပ်နိုးလိုက်တာကြောင့်

``အင် ဘာလဲ လင်းသစ် ငါဒီထဲအာရုံရောက်နေလို့´´

``တော်ပါကွာ စာအုပ်ပေါ် အိပ်ပျော်နေပြီးတော့ ငါက ငါပြောတာမင်းနားထောင်နေသလားလို့´´

``ဘာတွေပြောနေတာလဲဟင်´´

ကျွန်တော့်ကို လင်းသစ်က နောက်တစ်ကြိမ် သင်္ချာဆန်သော သူ့အယူအဆကို သင်္ချာသမိုင်းအား ပြောင်းပြန်လှန်မည့် ပညာရှင်တစ်ယောက်၏ လေသံဖြင့် ထပ်ပြောသည်။

၁+၁ = ၂

``ဟမ် ဒါကြီးကို အဆန်းလုပ်လို့ မူလတန်းကလေးသွားမေးတောင်သိတယ်´´

ကျွန်တော်စိတ်တိုတိုဖြင့် ခပ်တိုးတိုးဆဲလိုက်သည်။

``ဒါပေမယ့် ၀ိုင်…အဲဒါနဲ့ ပုံစံတူပေါ့ကွာ မူလတန်းကလေးမသိတဲ့ ညီမျှခြင်းတစ်ခုငါစဉ်းစားနေတာ´´

``အင်း ဘာများလဲ´´

``အချစ်နဲ့အချစ်ပေါင်းရင်လည်း အချစ်မရနိုင်ဘူးထင်တယ်နော်´´

အချစ်+အချစ် = ?

``ပေါက်ပေါက်ရှာရှာ လင်းသစ်ရာ စိတ်ညစ်လိုက်တာ ဘာတွေလျှောက်တွေးနေမှန်းမသိဘူး ငါနောက်မှ ကူစဉ်းစားပေးမယ် ဟုတ်ပြီလား လောလောဆယ် ငါ ECG ဆက်လေ့လာလိုက်ဦးမယ်´´

``ငါက ညီမျှခြင်းရဲ့ ဟိုးဖက်မှာ ဘာရှိနိုင်မလဲ သိချင်ရုံပါကွာ´´

လင်းသစ် ကျွန်တော့်အနားက ထွက်သွားတော့ ကျွန်တော် ခေါင်းရမ်းမိသည်။ ကျွန်တော် သူပြောသွားသော အချစ်ကို တန်ဖိုးတစ်ခုထားပြီး စဉ်းစားကြည့်သည်။

၁၅၀၀+၁၅၀၀ = ၃၀၀၀

ဟင် ဘယ်လိုကြီးပါလိမ့်။ မဟုတ်သေးပါဘူး။

အရွယ်ရောက်နေကြပြီဖြစ်သော ကောင်လေးနှစ်ယောက်အနေဖြင့် အချစ်အကြောင်းကို စူးစမ်းကြတာချင်းအတူတူ လင်းသစ်က ညီမျှခြင်းကထွက်လာမည့် တန်ဖိုးကို စိတ်ဝင်စားပြီး ကျွန်တော်ကတော့ ညီမျှခြင်းလက္ခဏာကို ပိုစိတ်ဝင်စားနေမိသည်။



(၃)

ကျွန်တော် လင်းသစ်၏ အတွေးကို ဖြေရှင်းပေးနိုင်ပြီထင်သော အချိန်တွင် လင်းသစ်သည် ကျွန်တော်မဟုတ်သော တစ်ဦးတစ်ယောက်ကို ရင်ခုန်စွာချစ်တတ်နေပြီဖြစ်သည်။

``သေချာနားထောင် လင်းသစ် မင်းပြောဖူးတဲ့ တစ်နဲ့တစ်ပေါင်းတဲ့ စကားတစ်ခွန်းကို ငါစဉ်းစားကြည့်တော့လေ…´´

``အင်း´´

``မူလတန်ဖိုးတော့ ပြန်မရသလို မူလတန်ဖိုးလည်း ပျောက်မသွားဘူး´´

``ငါနည်းနည်း သံသယ၀င်ချင်တယ် ၀ိုင် တန်ဖိုးတော့ ပြောင်းသွားတယ်လေ ငါတစ်ခု တွေးမိတာက တစ်ယောက်ယောက်ကိုချစ်မိလို့ သူနဲ့ငါရဲ့ အချစ်နှစ်ခုပေါင်းလိုက်ရင် ပြောင်းလဲသွားတဲ့ တန်ဖိုးတစ်ခုရလာနိုင်တယ် မဟုတ်လား ငါက ငါချစ်သလိုချစ်တဲ့အချစ်တစ်ခုပဲ ပြန်လိုချင်တာ´´

``ရမှာပေါ့ လင်းသစ်ရဲ့ ငါပြောပြမယ် ပေါင်းလို့ရတဲ့ အဖြေ ၂ ဆိုတာက တန်ဖိုးတူ ၂ ခုပေါင်းလိုက်လို့ ပိုအားကြီးပြည့်စုံသွားတယ်ဆိုတဲ့သဘောပဲ အဲဒီအဖြေထဲမှာ ပေါင်းလိုက်တဲ့ ၁ ဂဏန်းတွေရှိတယ် မြင်တတ်ဖို့ပဲလိုတယ်´´

``အချစ်ချင်းပေါင်းရင်ရော..´´

``မူလတန်ဖိုးအချစ်ပြန်မရနိုင်ပေမယ့် ပိုပြည့်စုံသွားတဲ့ အဖြေတစ်ခု ညီမျှခြင်းတစ်ဘက်မှာ ထွက်လာလိမ့်မယ် လင်းသစ် အဲဒီအဖြေမှာ ပေါင်းလိုက်တဲ့ အချစ်နှစ်ခုပေါင်းစည်းပါဝင်နေလိမ့်မယ် ခံစားတတ်ဖို့ပဲလိုတယ်´´

``ငါခံစားတတ်ချင်ပါတယ် ဒါပေမယ့် ငါအချစ်အပေါ် သံသယ၀င်နေတယ်ကွာ မယုံကြည်ရဲဘူး´´

``ယုံကြည်လိုက်ပါ မင်းက အရမ်းအတွေးခေါင်လွန်းတာကိုး´´

``ညီမျှအောင်စဉ်းစားကြည့်တာပါကွာ ငါကညီမျှတာကို ကြိုက်တယ်လေ´´

ကျွန်တော့်ရင်ထဲ စိတ်မကောင်းခြင်းများစွာဖြင့် တီးတိုးဆိုနေမိသည်။

``လင်းသစ်ရယ် မင်းက ညီမျှတာကို ကြိုက်ပေမယ့် မင်းသတိမထားမိတဲ့ ညီမျှခြင်းလေးရဲ့တန်ဖိုးက လုံးပါးပါးနေလို့ တကယ်ရောညီမျှခြင်းပီသရဲ့လားဆိုတာ နားလည်ဖို့ကောင်းတယ်ကွာ´´

(၄)

လင်းသစ်၏နှလုံးသားက ကောင်မလေးတစ်ဦးကို ချစ်နေပြီး ကျွန်တော့်နှလုံးသားက လင်းသစ်ကို ချစ်နေမိသောအခါ ကျွန်တော်တို့ ၃ဦးသည် အနား ၃ နားဖြင့် ပတ်ချာလည်နေသော တြိဂံကြီးလိုဖြစ်နေလေသည်။



(ထိုတြိဂံကြီးကို ၀တ္ထု စာအုပ်များထဲတွင်တော့ သုံးပွင့်ဆိုင်ဟု လှလှပပ သုံးနှုန်းကြမည်ထင်ပါသည်။)



``ငါ သူ့ကို သိပ်ချစ်တယ်ကွာ´´

လင်းသစ် ကျွန်တော့်ကို ရင်ဖွင့်တိုင်း ကျွန်တော်ရင်ထဲနာနာကျင်ကျင်ဖြင့် ပြန်ပြောနေမိတာက

``ငါလည်း မင်းကို သိပ်ချစ်တာပဲ´´။

မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလို့မကောင်းသောနိုင်ငံမို့ ငယ်စဉ်က မြန်မာနိုင်ငံမှာ မွေးဖွားလာသော မိန်းကလေးများကို သနားမိသေးသည်။ အရွယ်ရောက်ချိန်မှာတော့ ယောက်ျားလေးက ယောက်ျားလေးကိုချစ်တာဟာလည်း ဖွင့်ပြောဖို့ ခက်ခဲမှန်း သိသွားချိန်တွင်တော့ ကိုယ့်ကိုယ့်ကို ပြန်သနားနေမိတော့သည်။

လင်းသစ်တစ်ယောက် ညီမျှခြင်းအဖြေကို ကြိုးစားနေချိန် ကျွန်တော်သူ့ကွယ်ရာမှာ ငိုကြွေးနေမိသည်။ ကျွန်တော်သာ သူပြောတတ်တဲ့ ညီမျှခြင်းစာကြောင်းက ကိန်းဂဏန်းတစ်ခုဖြစ်ခဲ့လျှင် ကျွန်တော်ဘယ်နေရာမှာ ရပ်တည်ရပါ့မလဲ။

(၅)

အချစ်သည် မုန့်တစ်ခုမဟုတ်သောကြောင့် အညီအမျှ ဝေမျှစား၍ မရခဲ့ပါ။

ထို့ကြောင့် တစ်ဖက်သတ်မျိုသိပ်ချစ်နေရသော ကျွန်တော့်နှလုံးသားသည် ငယ်စဉ်က လင်းသစ်နှင့် အတူတူစားခဲ့ကြသော မုန့်များလို အချိုးမညီသော်လည်း ပဲ့ထွက်သွားသော မုန့်အပိုင်းအစများလိုတော့ တဖြည်းဖြည်းပဲ့ကြွေနေခဲ့သည်။



ဒဏ်ရာရနာကျင်နေသော နှလုံးသားဖြင့် ကျွန်တော်လင်းသစ်ကို တိတ်တခိုး ချစ်နေခဲ့သည်။ လင်းသစ်ချစ်သော ကောင်မလေးနှင့် အဆင်ပြေစေရန် ကျွန်တော်ရင်နာနာဖြင့် အကူအညီပေးနေရသောအခါ ကျွန်တော်သည် အဖြည့်ခံတစ်ယောက်ဖြစ်လာခဲ့သည်။

နေ့တိုင်း အချိန်တိုင်းတွင် ခံစားနေရသော ရင်ထဲမှ ဝေဒနာများသည် ထွက်ပေါက်မရှိသော မွန်းကြပ်မှုများကို ချိုးဖောက်ပြီး ဒိုင်ယာရီစာအုပ်လေးထဲသို့ အလျှိုလျှို ခိုဝင်ကြလေသည်။ ကျွန်တော်ဖွင့်မပြောသော စကားလုံးများကို ဒိုင်ယာရီလေးကို ကျွန်တော်ပြောသည်။ လင်းသစ်ကောင်မလေးနှင့် တွဲသွားတိုင်း ကျွန်တော် ခံစားရကြောင်း ဒိုင်ယာရီလေးကို ရင်ဖွင့်သည်။ ကျွန်တော် လင်းသစ်ကို ဘ၀တစ်ခုလုံးထက် ချစ်ကြောင်း ဒိုင်ယာရီလေးကို အကြိမ်ကြိမ်ပြောသည်။ ဒိုင်ယာရီလေး၏ စာမျက်နှာတိုင်းသည် လင်းသစ်ဟူသော စာလုံးနှင့် ချစ်တယ်ဟူသော ဝေါဟာရများ ပြည့်နှက်သိပ်သည်းနေခဲ့သည်။ ထိုဒိုင်ယာရီလေးကိုပင် ကျွန်တော် အမြတ်တနိုးသိမ်းဆည်းထားသည်။

(၆)

``သူငါ့ကို ချစ်သွားပြီ ၀ိုင် ငါလိုချင်တဲ့အချစ်မျိုးနဲ့ပေါ့´´

``ကောင်းတာပေါ့ ပြည့်စုံသွားတာပေါ့´´

``မပြည့်စုံသေးပါဘူး ငါကတော့ချစ်သူရပေမယ့် မင်းကတော့ မရသေးဘူး မညီမျှသေးဘူးလေ ညီတူညီမျှဖြစ်သွားအောင် မင်းလည်း ရှာကွာ´´

``မရှာပါဘူးကွာ ဘယ်တော့မှလည်း ညီမျှမှာလည်း မဟုတ်ဘူး ဒီအတိုင်းလေးပဲ နေပါရစေ´´

``ဘာဖြစ်လို့လဲ ၀ိုင်´´

``ငါ မင်းကိုချစ်နေလို့ပေါ့´´

အချိန်အကြာကြီး သိမ်းဆည်းလာခဲ့ရသော ကျွန်တော့်ခံစားချက်တစ်ခု ပွင့်ထွက်သွားချိန်မှစပြီး လင်းသစ်နှင့်ကျွန်တော် မတွေ့ဖြစ်ကြတော့။ တစ်နေရာရာမှာ မျက်နှာချင်းဆိုင်ဆုံမိကြလျှင်တောင် လင်းသစ်မျက်နှာလွှဲရှောင်သွားတတ်သည်။ လင်းသစ်နှင့်မတွေ့ရသည့် ရက်များတွင် ကျွန်တော့်ဒိုင်ယာရီစာအုပ်လေး၏ စာမျက်နှာများ လျှင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။

(၇)

ရယူပိုင်ဆိုင်ဖို့ ရည်စူးထားခြင်းမရှိသော အချစ်မို့ လင်းသစ်ကို ကျွန်တော်အဝေးကနေပဲ လွမ်းဆွတ်နေခဲ့ရသည်။ လင်းသစ်နှင့်မတွေ့ရသော နေ့ရက်များသည် ကျွန်တော့်အတွက်လုံးဝအဆင်မပြေနိုင်သည်မို့ အရင်အတိုင်း ခင်မင်နေခွင့်လေးကိုပဲ ပြန်ရချင်နေမိသည်။ ထို့ကြောင့် ကျွန်တော့်ကိုရှောင်နေသော လင်းသစ်ကို သွားတွေ့လိုက်သည်။

``ငါစိတ်မကောင်းပါဘူး ၀ိုင် အရင်အတိုင်း…´´

``စိတ်ချပါ အရင်အတိုင်းလေး ခင်နေခွင့်တော့ပေးပါ´´

သူဘာမှန်းမသိသော အဓိပ္ပာယ်မျိုးဖြင့် ခေါင်းညိတ်သည်။ ကျွန်တော်သူ့ရှေ့ကို ကျွန်တော့် ဒိုင်ယာရီစာအုပ်လေးထိုးပေးလိုက်သည်။

``ဒါကဘာလဲ..၀ိုင်´´

``လူတစ်ယောက်မျိုသိပ်ထားခဲ့တဲ့ ဝေဒနာတွေပါ နောက်ဆုံးစာမျက်နှာလေးမှာ မင်းလက်မှတ်လေးတစ်ခုထိုးပေးပါလား ရှေ့ဆက်ငါလှောင်ပိတ်ထားပစ်ဖို့ အဆုံးသတ်သွားဖို့ အမှတ်တရတစ်ခုပေါ့ မင်းလက်မှတ်လေးရဲ့ ကျန်စာမျက်နှာတွေမှာ ငါအလွတ်ပဲထားတော့မယ် မင်းလက်မှတ်က ငါ့အတွက် သတိပေးတဲ့အရာတစ်ခုဖြစ်နေမှာပါ´´

``ငါညီမျှတယ် မဟုတ်လား ၀ိုင် မင်းတစ်ချိန်ကျရင် ငါ့ကိုနားလည်မှာပါကွာ ငါမင်းဆန္ဒအတိုင်း လက်မှတ်ထိုးပေးခဲ့မယ် ဒါပေမယ့် ငါတို့ဆက်ပြီး မသိသလိုပဲနေကြမယ်ကွာ ငါကညီမျှတာကို ကြိုက်တယ်လေ ဆက်ခင်နေကြဦးမယ်ဆိုရင် မင်းခံစားနေရမှာနဲ့ မညီမျှရာကျမယ်´´



လက်မှတ်တစ်ခုနဲ့ အဆုံးသတ်သွားပြီဖြစ်သော ဒိုင်ယာရီစာအုပ်ကို ကျွန်တော်အပြီးပိတ်လိုက်သည်။

လင်းသစ်စိတ်ဝင်စားခဲ့သော ညီမျှခြင်း၏အဖြေတစ်ဘက်တွင် အချစ်တန်ဖိုးတစ်ခုနှင့် ကျွန်တော်ရှိချင်ရှိပါလိမ့်မည်။ သို့မဟုတ် လင်းသစ်အဆင်ပြေစေဖို့ ကူညီခဲ့သောကျွန်တော်သည် အပေါင်းလက္ခဏာလည်း ဖြစ်ခဲ့ပါလိမ့်မည်။ လင်းသစ်၏ ထူးဆန်းသော သင်္ချာဆန်သော အတွေးတစ်ခုတွင် ကျွန်တော်ပါဝင်ရကြေးဆိုလျှင် ကိန်းနှစ်ခုပေါင်းနေကြမည့် ညီမျှခြင်းတစ်ဖက်တွင် ကျွန်တော်ရပ်ပြီး ညီမျှခြင်းကို ဒေါင့်ဖြတ်တစ်ခုဖြည့်လိုက်ချင်ပါသည်။

မဖြစ်နိုင်သောအခါ အသိအမှတ်ပြုမခံရသော အချစ်တစ်ခုကို ကျွန်တော် ကြေကွဲစွာ သိမ်းဆည်းထားရင်း ရှင်သန်နေလိုက်သည်။

အချစ်သည် ခံစားသူအပေါ်လိုက်၍ အနေအထားလေးခြားနားရုံဖြင့် တန်ဖိုးညီမျှမှု မရှိမှန်း သို့မဟုတ် မတန်တဆ နာကျင်ခံစားတတ်စေမှန်းကို ယုံကြည်စွာ လက်ခံထားလိုက်ချိန်တွင် ခံယူချက်ကွာခြားသော ကျွန်တော်နှင့်လင်းသစ်ကြားတွင် ညီမျှခြင်းတစ်ခုသည် ကျိုးပဲ့သွားခဲ့လေသည်။



ထိုကျိုးပဲ့သွားလေသော ညီမျှခြင်း၏နောက်တွင်တော့ ကျွန်တော်တစ်ဦးတည်း ရှိနေရင်း လူတစ်ယောက်ကို ချစ်ခဲ့မိခြင်းကို ဘ၀တစ်ခုလုံးအတွက် အမှတ်ရရင်း မြတ်မြတ်နိုးနိုး သိမ်းဆည်းထားလိုက်ပါသည်။



ပြီး။