Friday, January 25, 2013

ချစ်သူ၏ဆေးလိပ်



(၁)

ကျွန်တော်သည် ဆေးလိပ်ကို နှစ်သက်သူတစ်ဦးမဟုတ်ပါ။
ဆေးလိပ်ငွေ့များကိုလည်း မုန်းတီးသောကြောင့် ဆေးလိပ်သောက်သောသူများနှင့် ဝေးဝေးနေလေ့ရှိပါသည်။ အနောက်နိုင်ငံများတွင် အများနှင့်သက်ဆိုင်သောနေရာများ၌ ဆေးလိပ်သောက်ခွင့် မရှိပါ။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ကျွန်တော်လိုချင်ပါသည်။ သို့သော် မရနိုင်သေးပါ။ သို့ဖြစ်၍ ကိစ္စတစ်စုံတစ်ရာကြောင့် အပေါင်းအသင်းများ အဖွဲ့အစည်းများနှင့် အတူတွေ့ဆုံသွားလာရသောအခါ ဆေးလိပ်သောက်သောသူများ ပါလာပါက ကျွန်တော် စိတ်အနှောင့်အယှက်များစွာ ဖြစ်ရပါသည်။ လူကြားသူကြား ဆေးလိပ်ငွေ့များကို ရှုရှိုက်သည့်သူများကြောင့် အနီးအနားမှ လူများမှာလည်း အောင့်သက်သက်ဖြင့် ရှုရှိုက်နေကြရသည်။ ထိုကဲ့သို့ အခြေအနေများနှင့် ကြုံရဖန်များလာသောအခါ Mask တစ်ခုဆောင်ထားခြင်းသည် ကျွန်တော်၏ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် ခရီးအတူသွား၍ဖြစ်စေ၊ လူစုလူဝေးများသောနေရာတွင်ဖြစ်စေ ဆေးလိပ်လာသောက်သောသူများ ကျွန်တော့်အနီးတွင်ရှိလာပါက Mask ကောက်တပ်လိုက်ဖို့ ၀န်မလေးတတ်သူဖြစ်လာသည်။ ဆေးလိပ်အား မနှစ်သက်သော ကျွန်တော်သည် ဆေးလိပ်အားနှစ်သက်သော သူတစ်ယောက်ကို ချစ်မိသောအခါ ကံဇာတ်ဆရာ၏ ကျီစယ်မှုဟု လက်ခံလိုက်ပါသည်။

(၂)

ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးစွဲသုံးသူများကို Chemical Dependence သမားများဟု ကျွန်တော်မြင်ပါသည်။ စိတ်ပညာရှုထောင့်အရ မသိစိတ် (Unconcisousness) မှသော်လည်းကောင်း၊ သိစိတ် (Consciousness) မှသော်လည်းကောင်း တောင်းဆိုမှုဆန္ဒတစ်ခုအား ဖြည့်ဆည်းမိခြင်းဖြင့် စွဲသူများဖြစ်နေကြသည်။ ထိုသို့ ဖြည့်ဆည်းမှုကလည်း ၎င်းတို့အား စိတ်ကျေနပ်မှု (Pleasure, Satisfy) ရစေသောကြောင့် ဖြစ်သည်။


ဆေးလိပ်ငွေ့များအား မုန်းသောကျွန်တော်သည် ချစ်သူ၏ နှုတ်ခမ်းများကြားမှ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များကိုမူ ကျေကျေနပ်နပ်လက်ခံနိုင်သောသူဖြစ်နေသောကြောင့် အချစ်၏မျက်နှာလိုက်မှုကို တွေ့ရှိခံစားလိုက်ရသည်။ ချစ်သူ နှုတ်ဖျား၌ဆော့ကစားတတ်သော ဆေးလိပ်ငွေ့များသည် ကျွန်တော် စိတ်ဝင်တစား ငေးကြည့်တတ်သော အရာများဖြစ်လာသည်။ ဆေးလိပ်ဖွာရှိုက်သော ချစ်သူ၏ဟန်ပန်များသည် ကျွန်တော့်၏အတွေးထဲ၌ မင်းမူကြီးစိုးသော ပုံရိပ်များဖြစ်လာသည်။ ယခုလောက်ဖြင့် ဆေးလိပ်မနှစ်သက်သော ကျွန်တော်သည် ချစ်သူ၏ စွဲလမ်းနှစ်သက်ခြင်းခံနေရသော ဆေးလိပ်အပေါ် အကောင်းမမြင်တတ်သေးပါ။ ချစ်သူနှင့် ဆေးလိပ်ကို သီးခြားခွဲထုတ်ချင်သောကြောင့် ကျွန်တော်ကြိုးစားရပါသည်။ ၎င်းမှာ ဆေးလိပ်မဟုတ်သော ကျွန်တော့်အပေါ်တွင်သာ စွဲလမ်းစေချင်သော ကျွန်တော့်၏အတ္တဖြစ်သည်။ စွဲလမ်းမှုတစ်ခုအပေါ် အခြေခံသည်ဟူသော သဘောတရားကြောင့် ၎င်းစွဲလမ်းမှုသည် ဆေးလိပ်အပေါ်၌ကျရောက်နေခြင်းကို ကျွန်တော်မနှစ်သက်။ ထိုကဲ့သို့သော ကျွန်တော်၏ ခပ်ကြောင်ကြောင် အယူအဆများကြောင့် ချစ်သူနှင့်ပတ်သက်သော ဆေးလိပ်သည် ကျွန်တော်၏ ပြိုင်ဘက်တစ်ခု ဖြစ်လာခဲ့သည်။




(၃)

ဆေးလိပ်သောက်သောသူများအား မေးချင်သောမေးခွန်းတစ်ခု ကျွန်တော့်တွင်ရှိနှင့်ပြီး ဖြစ်သော်လည်း မမေးဖြစ်ခဲ့။


ကျွန်တော်နှင့် သက်ဆိုင်လှသူများမဟုတ်ဟု သတ်မှတ်ပြီး ဖြစ်နိုင်ချေရှိသည်များကိုသာ ကျွန်တော်တစ်ယောက်တည်း သုံးသပ်အဖြေရှာနေခဲ့သည်။ သို့သော် ဆေးလိပ်စွဲသော သူတစ်ယောက်ကို ချစ်မိသောအခါတွင်တော့ ကျွန်တော်မေးဖြစ်ခဲ့သည်။


``ဆေးလိပ်ကို ဘာကြောင့် သောက်တာလဲဟင်´´


``အင်း ဒီလိုပါပဲ ဘာရယ်ကြောင့်တော့ မဟုတ်ဘူး´´


``ဘာရယ်ကြောင့်မှ မဟုတ်ရင် မသောက်ပါနဲ့လား´´


ကျွန်တော့်စကားကြောင့် ချစ်သူက ခပ်တိုးတိုး ရယ်လေသည်။


``မရယ်ပါနဲ့ အကြောင်းပြချက်တစ်ခုခုရှိရင် တော်သေးရဲ့ ဥပမာ…စိတ်ညစ်လို့သောက်တယ်၊ စတိုင်လ်ရှိဖို့ သောက်တယ် …စွဲနေလို့သောက်တယ်…..အဲဒီလို တစ်ခုခုပေါ့´´


``ဟေ့….ဟေ့ စွဲနေတယ်လို့ မပြောနဲ့ ကိုယ်က စွဲတယ်လို့ပြောရင် မကြိုက်ဘူး´´


``စွဲနေတာပါပဲ မသောက်ပဲနေတဲ့နေ့ ရှိလို့လား´´


``ဟုတ်တယ်….ကိုယ်နေ့တိုင်း သောက်တယ်…ဒါပေမယ့် တစ်မျိုးတည်းကို စွဲသောက်လို့လား´´


ချစ်သူ၏စကားကြောင့် ကျွန်တော်တွေဝေသွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ တံဆိပ်တစ်မျိုးတည်းကို စွဲသောက်လေ့မရှိသော ချစ်သူ၏ နှုတ်ခမ်းဖျားတွင် မျိုးစုံသော ဆေးလိပ်များ နားခိုခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ တံဆိပ်သာ ကွဲသော်လည်း အားလုံးမှာမူ ဆေးလိပ်များသာ ဖြစ်သည်။


ရှာရှာဖွေဖွေ တွေးတတ်သော ကျွန်တော်သည် ချစ်သူ၏


``တစ်မျိုးတည်းကို စွဲသောက်လို့လား´´ ဟူသော စကားကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ဆေးလိပ်ကို အမျိုးမျိုးပြောင်းသောက်သော (သို့) တံဆိပ်တစ်ခုအပေါ် ငြီးငွေ့လွယ်သော ချစ်သူသည် အချစ်နှင့်ပတ်သက်လျှင်ရော လူတစ်ဦးအပေါ် ငြီးငွေ့လွယ်သည့် သဘောထားများ ရှိနေနိုင်မလားဟု ထိတ်လန့်တကြား တွေးလိုက်မိသည်။ ချစ်သူမသိလိုက်သော ၎င်းအတွေးကို ကျွန်တော့်စိတ်ထဲကပဲ မဟုတ်ပါစေနဲ့ဟု ခြောက်ချားစွာ ဆုတောင်းလိုက်ပါသည်။


(၄)


ကျွန်တော်သည် လူနာတော်တော်များများ ဆေးလိပ်ပြတ်နိုင်ရန် ကူညီနိုင်ခဲ့သော်လည်း ချစ်သူ၏ ဆေးလိပ်အပေါ်စွဲလမ်းမှုကို ပြတ်တောက်စေရန် မတတ်နိုင်ခဲ့ပါ။ ဆေးလိပ်ကြောင့်ဖြစ်သော ဆိုးကျိုးများကို အကျယ်တ၀င့်ပြောပြပြီး ဖြတ်ရန်ပြောသည့်အခါတိုင်း သေချာရေရာသော ကတိတစ်ခု ကျွန်တော်မရခဲ့ပါ။


ဝတ္ထုဇာတ်လမ်းတွေထဲမှ အမျိုးသမီးဇာတ်ကောင်များလိုတော့


``ဆေးလိပ်ကိုဖြတ်မလား၊ ကျွန်မကို ဖြတ်မလား´´ ဟူသည့် မေးခွန်းမျိုး ကျွန်တော်မမေးရဲပါ။ ၎င်းမှာ အကျပ်ကိုင်မှုတစ်ခုဟု ကျွန်တော်မြင်သည်။ ဆုံးဖြတ်ရန်ခက်ခဲသော အခြေအနေနှစ်ခုနှင့် ချောင်ပိတ်လိုက်ခြင်းသာ ဖြစ်သည်။


``ဆေးလိပ်ကို ဖြတ်ပါ့မယ်´´ ဟူသည့် အဖြေကိုရသော အမျိုးသမီးများသည် ၎င်းအဖြေအား သူမတို့၏အောင်မြင်မှုတစ်ခုဟု သတ်မှတ်ပြီး ပျော်ရွှင်ကြပေလိမ့်မည်။ သို့သော် ၎င်းအောင်မြင်မှုသည် အတုအယောင်တစ်ခုသာ ဖြစ်ပြီး ဟန်ဆောင်ထားသော လိမ်ညာမှုတစ်ခုဖြစ်ကြောင်း အချိန်နှောင်းပါက သိကြရသည်။


ကျွန်တော်သည် ချစ်သူထံမှ ထိုကဲ့သို့ လိမ်ညာမှုတစ်ခုကို တစ်ကြိမ်ဖြစ်ဖြစ်ရချင်သည်။ မည်သည့်အခါမျှ မရခဲ့မှန်းသိရသောအခါ ဆေးလိပ်အပေါ်ထားသော အငြိုးသည် တစ်စစနှင့် ကြီးလာခဲ့သည်။ ကျွန်တော်သည် ချစ်သူအနားတွင် အမြဲမရှိနိုင်သော်လည်း ဆေးလိပ်များသည် ချစ်သူ၏ နှုတ်ခမ်းဖျားတွင် အချိန်ပြည့်နေရာယူနေခဲ့သည်။ ကျွန်တော်က မနာလိုကြောင်းပြောသောအခါ


``စာရေးဆရာကတော့ ပေါက်ပေါက်ရှာရှာ တွေးနေတော့တာပဲ´´ ဟု လှောင်ရယ်လေ့ ရှိပါသည်။


ဆေးလိပ်စွဲသောချစ်သူကို တိုက်ရိုက်နည်းဖြင့် ဖြတ်ခိုင်း၍မရမှန်း သိသောအခါ ကျွန်တော်က ဆေးလိပ်၏ ဆိုးကျိုးများကို ပြောပြပြီး သွယ်ဝိုက်သောနည်းဖြင့် ကြိုးစားပါသည်။ ဆေးလိပ်စွဲသောက်ခြင်းကြောင့် ဖြစ်သော အဆုပ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက်ပုပ်သောရောဂါများသည် ကြောက်စရာကောင်းကြောင်း ပြောပြသော အခါမျိုးတွင် ငြိမ်သက်စွာ နားထောင်လေ့ရှိသည်။ ပြီးမှ


``အင်း….ဆရာဝန်တစ်ယောက်ကို ချစ်ရတာ မလွယ်ပါလား´´ ဟု ခပ်တိုးတိုး ညည်းတတ်သည်။


ဆေးခန်းသို့လာသော လူနာများတွင် ဆေးလိပ်ကြောင့်ဖြစ်သော ရောဂါသည်များ ပါပါက ကျွန်တော်ချစ်သူကို ခေါ်ပြတတ်သည်။ သို့သော် ကျွန်တော်မှားသွားပါသည်။


``အင်း…..ဒီလောက်မကောင်းမှန်းသိလျက်နဲ့ ဆရာဝန်တွေထဲမှာရော ဘာလို့ ဆေးလိပ်စွဲသောက်သူတွေ ရှိနေရတာလဲ´´ ဟူသော မေးခွန်းမျိုးမေးလာသည့်အခါ ကျွန်တော်ဆွံ့အသွားပါသည်။ ကျွန်တော်ပြန်မဖြေနိုင်သောကြောင့် အခံရခက်စွာ ကျန်နေခဲ့သည်က များသည်။


သူကတော့ အစွဲအလမ်းဆိုတာ ဖြတ်ရခက်ကြောင်း ပြောလိုဟန်တူပါသည်။


ကျွန်တော်လက်မခံနိုင်သောကြောင့် ဖြေရှင်းနိုင်မည့် အချိန်နှင့် အခွင့်အရေးကို အမြဲ စောင့်ဆိုင်းချောင်းမြောင်းနေခဲ့သည်။


ဆေးလိပ်ကို ချစ်သူထံမှ ကင်းကွာနိုင်ရန် ကြိုးစားတိုင်း မအောင်မြင်နိုင်သောကြောင့် ကျွန်တော်သည် ဆေးလိပ်ကို ပိုပိုပြီး မုန်းတတ်လာသည်။

(၅)


ကျွန်တော်သည် ချစ်သူ၏ အစွဲအလမ်းတစ်ခုကို ဖြတ်တောက်ချင်နေသူဖြစ်သော်လည်း ချစ်သူကိုယ်တိုင်ကမူ ကျွန်တော်မနှစ်မြို့သော အစွဲအလမ်းထဲ သာယာနေတတ်သူဖြစ်သည်။


ဆေးလိပ်မသောက်ရန် ချော့ပြောသည့်အခါမျိုးတွင်


``မသောက်တော့ပါဘူး´´ ဟု တစ်ကြိမ် တစ်ခါမျှ မပြောဘဲ


``လျှော့ပါ့မယ်ကွာ´´ ဟုသာ ပြောလေ့ရှိသည်။


ဆေးလိပ်ဖြတ်ရန် ကြိုးစားသော ကျွန်တော့် ကြိုးစားမှုများသည် အကျအဆုံးများသောကြောင့် အချိန်ကြာလေ စိတ်ဓါတ်ကျချင်လေ ဖြစ်လာသည်။


ဆေးလိပ်များကြောင့် မဲပြာနေသော နှုတ်ခမ်းအရောင်နှင့် နှုတ်ခမ်းသားများ၏ အနမ်းများအောက်တွင် ကျွန်တော်ယစ်မူးနေတတ်ခဲ့သည်။ သွေးရောင်ပြည့်ဝသော နှုတ်ခမ်းသားများကို နှစ်သက်ရမည့်အစား ဆေးလိပ်ရနံ့များ ကပ်ညှိနေသည့် နှုတ်ခမ်းများ၏ အတွေ့အထိကို ကျွန်တော် စွဲလမ်းနေတတ်သည့်အခါ ဆေးလိပ်များနှင့်အတူ ကိုယ့်ကိုကိုယ် မုန်းတီးချင်လာသည်။


ဆေးလိပ်ကြောင့် ဖြစ်လာသော အငြင်းအခုန်များ၊ ပဋိပက္ခများ သူနှင့် ကျွန်တော်ကြား များများလာသောအခါ ကျွန်တော်တို့၏ တွေ့ဆုံချိန်များသည် အေးစက်လာခဲ့သည်။


ဆေးလိပ်နှင့် မကင်းနိုင်သောသူနှင့် ဆေးလိပ်ကို မုန်းသောကျွန်တော်တို့သည် အချိန်ကြာလာသည်နှင့်အမျှ လမ်းတစ်ခုကို အတူတွဲလျှောက်၍ မရမှန်း သိလာကြသည်။ တစ်ဦးနှင့်တစ်ဦး ချစ်သည်က လွဲ၍ အစွဲအလမ်းကြီးသော (သို့သော်) အစွဲမတူညီကြသော ကျွန်တော်တို့သည် ညှိနှိုင်းမှုတစ်စုံတစ်ရာ မပြုလုပ်ကြပါဘဲ ရွေးချယ်မှုတစ်ခုကိုသာ ပြုလုပ်ကြသည်။


ကျွန်တော်သည် ဆေးလိပ်နှင့်ချစ်သူကို လမ်းခွဲလိုက်သည်။


ချစ်သူသည်လည်း သူစွဲလမ်းနှစ်ခြိုက်သည့် ဆေးလိပ်များကို တံဆိပ်အမျိုးမျိုး ခုံမင်စွာပြောင်းလဲ မီးညှိရှိုက်ဖွာရင်း ကျွန်တော့်ကို မေ့နိုင်ခဲ့သည်။


တံဆိပ်တစ်ခုကို ရေရှည်မသုံးတတ်သော (သို့) အပြောင်းအလဲမြန်သော ချစ်သူထံမှ စကားတစ်ခွန်းကိုတော့ နောက်ဆုံးအကြိမ်ဖြင့် ရင်နာစွာ ကြားခဲ့ရသည်။


``မက်မက်မောမောဖြင့် စွဲလမ်းစွာ သောက်သုံးပြီး အချိန်တန်ကုန်ဆုံးသွား၍ မှုတ်ထုတ် (လွင့်ပစ်) လိုက်သော ဆေးလိပ်လေးသည် ကျွန်တော်ဖြစ်ပါသည်´´ ဟူ၍။


တကယ်တော့ ကျွန်တော်သည် ချစ်သူ့နှုတ်ခမ်းဖျားတွင် ခဏတာ ခိုနားခဲ့သည့် ဆေးလိပ်တစ်လိပ်လေးလိုပဲ ဖြစ်ခဲ့ပါသည်။


ချစ်သူ၏ စကားအတိုင်း ကျွန်တော်သည် ကျွန်တော်မုန်းတီးသော ဆေးလိပ်များနေရာတွင် ချစ်သူ၏သတ်မှတ်ချက်တစ်ခုအရ ကျွန်တော်ကိုယ်တိုင် ဆေးလိပ်တစ်လိပ်ဖြစ်သွားလေသည်။


ပြီး။

kingvampire.mdy@gmail.com
















No comments:

Post a Comment